Peugeot 3008 2019 Review

0

Full article

Peugeot အမှတ်တံဆိပ်ကားတွေကို တွေ့တွေ့ခြင်း သတိပြုမိတာကတော့ အရည်အသွေးကောင်းတယ်ဆိုတာပါပဲ။ Design ၊ color အနေအထားအပြင် မီးလုံးဒီဇိုင်းတွေဘာတွေက ထူးခြားတယ်။ ခြေင်္သေ့လက်သည်းရာ LED မီးသုံးချောင်းကတော့ Peugeot ရဲ့ကိုယ်ပိုင်အမှတ်အသားပါ။ အခုသုံးသပ်ပေးမယ့် Peugeot 3008 ကတော့ ပြင်သစ်အမှတ်တံဆိပ်ဖြစ်ပါတယ်။ အားသာချက်၊ အားနည်းချက် ကလေးတွေက ဘာတွေဖြစ်နိုင်မလဲဆိုတော့....

ဈေးနှုန်း : US$ 61,700 (CBU)

အားသာချက်

  • ခေတ်ရှေ့ပြေးသည့် safety စနစ်များပါဝင်ခြင်း
  • သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအဆင့်မြင့်မားသည့် အင်ဂျင်တပ်ဆင်ထားခြင်း
  • နည်းပညာပိုင်း ကောင်းမွန်မှုရှိခြင်း

အားနည်းချက်

  • တန်ဖိုးမြင့်ကားတစ်စီးအနေဖြင့် wireless charger စနစ်မပါရှိခြင်း
  • 360° ကင်မရာမပါဝင်ခြင်း
  • ထိုင်ခုံ အပူ/အအေးစနစ်မရရှိခြင်း

သုံးသပ်ချက်

Peugeot (“ပူဂျိုး” ဟု အကောင်းဆုံးခေါ်ဆိုနိုင်/ “ပီးဂျော့” ဟု လူအများကခေါ်ဆိုကြပြီး “ဖရုဂျို” ဟုအမှန်အကန်ခေါ်ဆိုနိုင်ကြောင်း Peugeot မှဆို) ဟာ ပြင်သစ်နိုင်ငံထုတ် ဥရောပ အမှတ်တံဆိပ်ဖြစ်တာနဲ့အညီ ဒီဇိုင်းပိုင်း၊ အရည်အသွေးပိုင်း၊ လက်တွေ့အသုံးပြုရမှာ လွယ်ကူချောမွေ့မှုအပိုင်း တော်တော်လေးကောင်းမွန်မှုရှိတယ်။ 2019 model ဖြစ်တဲ့အပြင် ပိုမြင့်တဲ့ model ဖြစ်တာနဲ့အညီ ပြီးခဲ့တဲ့နှစ်က review လုပ်ခဲ့တဲ့ Peugeot 2008 ဖွဲ့စည်းပုံနဲ့ယှဉ်မယ်ဆိုရင်တောင်မှ အများကြီးပိုအဆင့်မြင့်သွားတာကိုတွေ့ရပါတယ်။

“နောက်အချက်ပြမီးနဲ့  နောက်ဂီယာမီးကလွဲရင် အားလုံးက LED တွေနဲ့။ မီးတွေရဲ့အရည်အသွေးဟာ မြင့်မားရုံတင်မကဘဲ အနုပညာမြောက်မှုလည်းရှိတယ်။ တွေ့လိုက်တာနဲ့ ဒါ Peugeot လို့ပြောလို့ရတာမျိုးပါ။ 18-inch အလွိုင်းခွေတွေတပ်ဆင်ထားပြီး ခွေတွေရဲ့ ဒီဇိုင်းကလည်းလှတယ်။ 8-inch ground clearance ကိုတော့ အကြိုက်ဆုံးပဲ။ လက်တွေ့အသုံးပြုရာမှာ တကယ်ကိုအသုံးဝင်နိုင်တဲ့အချက်တစ်ခုပါ။ ဒီဇိုင်းပိုင်းအရဆိုရင်လည်း ရှေ့က lamps တွေ၊ grille ၊ mesh တွေနဲ့ပေါင်းစပ်ထားတဲ့အချိုးကရော၊ နောက်က လက်သည်းသုံးချောင်းရာ မီးခွက်အပါအဝင် ကျော့ရှင်းထင်ရှားတဲ့ပုံစံအပြင်ကိုမှ နံဘေးဘက်ကကြည့်မယ်ဆိုရင်လည်း မြင်တာနဲ့ တက်မောင်းချင်တဲ့စိတ်ကိုဖြစ်အောင် မြှူဆွယ်နေတော့တာပါပဲ။ တိတိကျကျပြောမယ်ဆိုရင် ရုပ်ထွက်ပိုင်းအရမှာတော့ Peugeot 3008 ဟာအပြစ်ဆိုစရာမရှိဘူးလို့ ယူဆမိပါတယ်။”

အတွင်းခန်း

သားရေအစစ်ထိုင်ခုံတွေဆိုတာ ထိုင်ရတဲ့အရသာအပြင်ကိုမှ ရနံ့ပိုင်းမှာလည်း သင့်ပျံ့မှုရှိတယ်။အခြားကားတွေနဲ့ အမြင့်ခြင်းသိပ်မကွာလှပေမဲ့ ဝင်လိုက်တဲ့အခါမှာ ခေါင်းနဲ့ 'ခေါင်တန်း' ထိတာမျိုး ဘာညာရှိမနေဘူး။ ထိုင်ခုံတွေအနေနဲ့ အားနည်းချက်ကတော့ အပူ/အအေး စနစ်မပါတာပါ။ Seat memory မပါတာကိုတော့ မလိုအပ်တဲ့သူတွေလည်းရှိကောင်းရှိနိုင်ပေမဲ့ ventilated seat တွေကတော့ ဖြစ်သင့်လှပါတယ်။ အပေါ်/အောက် အကျယ်အဝန်းနဲ့ သက်သောင့်သက်သာဖြစ်မှုအပိုင်းမှာတော့ special ပါပဲ။ E-motor adjustment မှာမှ lumbar support လည်းပါတော့ အချိန်ကြာကြာမောင်းနှင်ရာမှာ သိပ်ကိုအဆင်ပြေစေပါတယ်။

အတွင်းခန်းဖွဲ့စည်းပုံမှာက အရည်အသွေးမြင့် fabric ၊ နူးညံ့တဲ့ plastic ၊ ထိတွေ့လို့အရသာရှိတဲ့ leather တွေပေါင်းစပ်ဖွဲ့စည်းထားတယ်။ Mounted controls တွေနဲ့ပြည့်စုံတဲ့ steering က double D ပုံစံနဲ့မို့ ထူးခြားပြီး ဆန်းသစ်တဲ့ရသကိုပေးတယ်။ Paddle shifters တွေလည်းပါဝင်တာကြောင့် ကျေနပ်စရာပါပဲ။ Peugeot 3008 ရဲ့ gear knob ပုံစံက အများနဲ့မတူကိုယ်ပိုင်ဟန်နဲ့ ထူးထူးခြားခြားရှိတာကလည်း ပထမဆုံးအတွေ့အကြုံသာမဟုတ်ဘူးဆိုရင် အသုံးပြုတဲ့နေရာမှာ လွယ်ကူအဆင်ပြေတာကိုတွေ့ရပါတယ်။

“2019 ကားတစ်စီးဖြစ်တာနဲ့အညီ driver display က digital 8-inch ပါ။​ Quality ပိုင်းလည်းကောင်းတယ်။ Infotainment ကလည်း 8-inch touchscreen ပါပဲ။ အခုခေတ်မှာ နည်းနည်းသေးတယ်လို့ခံစားရပေမဲ့ တုံ့ပြန်မှုပိုင်း၊ ရုပ်ထွက်ပိုင်း တော်တော်လေးကောင်းပါတယ်။ သိပ်ကောင်းတဲ့အချက်က Android Auto ၊ Apple CarPlay တင်မက Mirror Link ပါသုံးလို့ရတယ်။ အဲဒီထက်ပိုကောင်းတဲ့အချက်က ဂြိုဟ်တုလမ်းညွှန်ကို built-in အပြင်ကိုမှ​ offline အဖြစ်နဲ့ပါအသုံးပြုလို့ရတာပါ။ ဒီလိုမျိုး navigation ကို offline အပြည့်အဝသုံးလို့ရတာမျိုးကို ပွင့်ပွင့်လင်းလင်းပြောရရင် ခုထက်ထိ မမြင်ဖူးသေးပါဘူး။”

A/C တို့ဘာတို့ကတော့ မေးမနေပါနဲ့တော့။ Digital dual zone climate control ဖြစ်ပြီး ရှေ့/နောက် အကုန်ရပါတယ်။ နောက်ပြီး infotainment တို့ air conditioning တို့ကို Piano Key Toggle Switch လို့ခေါ်တဲ့ စန္ဒရားခလုတ်ကလေးတွေနဲ့တူတဲ့ switch တွေကနေ ထိန်းချုပ်လို့ရတာပါ။ ဒါဟာ ကားမောင်းနေတဲ့အချိန်မှာ တော်တော်လေး အသုံးဝင်မယ့်အချက်ပါပဲ။

Center console box က တော်တော့်ကိုကျယ်ပြီး အဲဒီ box ထဲကိုလည်း A/C ပေးထားတာတွေ့ရတယ်။ ဖုန်းထားစရာနေရာကလည်း ဝင်ဆံ့မှုအပိုင်းကောင်းမွန်ပါတယ်။ USB တစ်ပေါက် 12-v socket တစ်ပေါက်ပါဝင်ပေမဲ့ wireless charger တော့မပါဝင်ပါဘူး။ Peugeot 3008 2019 မှာမပါဝင်တဲ့အချက်တချို့ကတော့ HUD ၊ Ionizer ၊ 360° ကင်မရာ (180° သာပါ) တွေပါ။ နောက်တစ်ချက်က e-motor adjustment နဲ့ ကျယ်ပြန့်တဲ့ sunroof ပါဝင်ပေမဲ့ cover အနေနဲ့ ပိတ်အထူသားလိုမျိုးဖြစ်နေတာလေးက အားနည်းချက်လို့မြင်မိပါတယ်။

လက်တွေ့ဆိုရင်

နောက်ခုံတွေကလည်း ထိုင်ရတဲ့ အရသာတော်တော်လေးမိုက်တယ်။ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့အပြင်ကိုမှ ကြမ်းပြင်ကလည်း flat နီးပါးဖြစ်တဲ့အတွက် သုံးယောက်ထိုင်မယ်ဆိုရင်တောင်မှ အလယ်လူက ခြေထောက်ကို ဖြဲထားစရာမလိုတဲ့အတွက် ခရီးဝေးသွားရာမှာ တော်တော်လေး အဆင်ပြေစေမှာပါ။ နောက်ခုံတန်းကသူတွေအတွက် USB တစ်ပေါက်သာပါတာကတော့ အပေါက်လုတာမျိုးတွေ ဖြစ်လာစရာရှိပါတယ်။  12-v socket လည်းမပါဘူးမလား။ ISO-fix ပါဝင်ပြီး ကလေးငယ်ခုံတွေတပ်ဆင်လို့ရတယ်။

နောက်ပစ္စည်းထားခန်းအဖွင့်အပိတ်က e-motor နဲ့ပဲဖြစ်ပြီး kick sensor လည်းရတယ်။ ဝင်ဆံ့မှုကတော့ ပုံမှန်အတိုင်းဆိုရင် 520-litre ရပြီး နောက်ခုံတန်းကို ခေါက်လိုက်မယ်ဆိုရင်တော့ 1580-litre အထိရမှာဖြစ်တယ်။ နောက်ခုံတန်းကလည်း လိုအပ်သလို 60:40 ခေါက်လို့ရတာမို့လို့ ပစ္စည်းဝင်ဆံ့မှုအပိုင်းမှာတော့ ဆိုဒ်တူ ဂိုက်တူကားတွေထဲမှာ ဘယ်ကားနဲ့မဆို ယှဉ်နိုင်ပါတယ်။ နောက်ခန်းမှာ 12-v socket တစ်ပေါက်နဲ့ မီးတစ်ပွင့်ပါတယ်။ အပိုဘီးလည်းပါဝင်ပြီး 17-inch အရွယ်အစားနဲ့မို့လို့ အချိန်အကြာကြီးတပ်ပြီး မောင်းလို့တော့ မကောင်းပါဘူး။

Peugeot 3008 2019 ဟာ ပုံစံပိုင်းအရ ကြိုက်နှစ်သက်စရာဖြစ်ပြီး နေ့စဉ်ဘဝအတွက်လည်း လက်တွေ့အသုံးကျမှု မလျော့လှတဲ့ကားတစ်စီးဖြစ်ပါတယ်။”

မောင်းနှင်မှု

ကောင်းတဲ့အချက်တွေများတော့ အားနည်းချက်တစ်ခုကနေစတင်ချင်ပါတယ်။ 2019 ထုတ် Peugeot 3008 မှာ all-wheel drive စနစ်မပါဝင်ပါဘူး။ SUV တစ်စီးအတွက် ဒါဟာ စိတ်မကောင်းစရာအချက်တစ်ခုပါပဲ။ နောက်တစ်ချက်က ဒီဇိုင်းပိုင်းမှာပါ။ Exhaust နှစ်ပေါက်ဒီဇိုင်းဖြစ်ပေမဲ့ ရိုးရိုးမြေစိုက်တစ်ပေါက်သာ ပါ ပါတယ်။

အဲဒီအချက်ကလွဲရင် ကျန်တဲ့အပိုင်းတွေမှာက Peugeot 3008 ဟာ တော်တော်လေး အားသာတာတွေ့ရတယ်။ 1.6-litre turbocharged အင်ဂျင်နဲ့ဖြစ်ပြီး အမြင့်ဆုံးပါဝါ 165hp နဲ့ touque အနေနဲ့ 300Nm အထိထုတ်လွှတ်ပေးနိုင်တာကတော့ ပုံမှန်ပါပဲလို့ပြောလို့ရတာပါ။ ဒါပေမဲ့ Peugeot ရဲ့အင်ဂျင်က ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အနည်းဆုံးအဖြစ်နဲ့ Engine of the Year ဆုကိုရထားတယ်။ ဆီစားနှုန်းကလည်း 16.4kpl အထိတောင်မှရတဲ့အတွက် SUV တစ်စီးအနေနဲ့ သက်သာလှတဲ့ဆီစားနှုန်းလို့လည်း ဆိုနိုင်တာမျိုးပါ။

6-speed semi automatic transmission နဲ့ဖြစ်တာကြောင့် transmission ပိုင်းကတော့ normal ပါပဲ။ Suspension မှာတော့ ရှေ့ရော နောက်ပါ ရိုးရိုး coil spring သာအသုံးပြုထားတာတွေ့ရပါတယ်။

မောင်းနှင်မှုအပိုင်းနဲ့ပတ်သက်ပြီး Peugeot 3008 က ရှေ့၊ ဘေး၊ နောက် မြင်ကွင်းတွေ ရှင်းတယ်။ Blind spot detection စနစ်လည်းပါတယ်။ Driving mode ကတော့ dynamic နဲ့ sport ဆိုပြီးနှစ်မျိုးပါတယ်။ လမ်းအခြေအနေကိုလိုက်ပြီး ကိုယ့်ဘာသာပြောင်းလဲပြီး မောင်းလို့ရမယ့် switch တွေလည်းပါတယ်။ သူ့မှာပါတဲ့ lane departure စနစ်က အချက်ပေးရုံသာမကဘဲ အလိုအလျောက် ပြန်တည့်ပေးတာမျိုးဖြစ်ပြီး highway မောင်းနှင်တဲ့အချိန်တွေမှာ အိပ်ငိုက်ပြီး လမ်းကြောလွဲတာမျိုးဖြစ်ရင် ခါးပတ်ကိုဆွဲတင်းပြီး ယာဉ်မောင်းသူကို သတိပေးတာမျိုးတွေပါတဲ့အတွက် လုံခြုံစိတ်ချရမှုအမှတ်ကိုလည်း မြင့်မားစေပါတယ်။ Traction control တို့ hill-holder တို့လိုမျိုး စနစ်တွေလည်းပါတယ်။​ Cruise control ကို speed limiter နဲ့ပါဝင်ပေမဲ့ adaptive မဖြစ်တာလေးတစ်ခုကိုတော့ အားနည်းချက်တစ်ခုအနေနဲ့မြင်မိပါတယ်။ လေအိတ်ပတ်လည် ခြောက်လုံးပါဝင်တဲ့အချက်ကတေ့ ဘာလိုပဲပြောပြော အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့ရချိန်မှာ တက့ကို အကူအညီဖြစ်စေနိုင်တာမျိုးပါ။

“ဘယ်လိုပဲဖြစ်ဖြစ်ပါ။ 2019 ခုနှစ်ထုတ် Peugeot 3008 ဟာ SUV နှစ်သက်သူတွေအတွက် ဒီဇိုင်းပိုင်း၊​ နည်းပညာပိုင်း အဆင့်မြင့်တယ်။ မောင်းနှင်မှုနဲ့ ငြိမ့်ညောင်းမှုအပိုင်းမှာတော့ အကောင်းဆုံးမဟုတ်ပေမဲ့ သာမန်ထက်ပိုတဲ့အားသာချက်ရှိတယ်။ ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့  ဘေးအန္တရာယ်ကင်းရှင်းရေးပိုင်းကကြည့်မယ်ဆိုရင်လည်း တော်တော်လေးကောင်းမွန်မှုရှိတဲ့ကားအမျိုးအစားပါ။ ဆိုတော့...
မိသားစုအတွက် အေးအေးဆေးဆေး စိတ်ချလုံခြုံရတဲ့ SUV တစ်စီးရှာနေတယ်ဆိုရင်တော့ ဈေးနှုန်းအားဖြင့်လည်း ချထားတဲ့ 2019 ထုတ် Peugeot 3008 ဟာ ဝယ်ယူဖို့ ထိုက်တန်တဲ့ကားတစ်စီးဖြစ်ပါကြောင်း သုံးသပ်ပေးချင်ပါတယ်။”

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Peugeot Myanmar အားအထူးပင် ကျေးဇူးတင်လျက်......

Photo : Htet Ag

Author