သိန်း ၁ဝဝ ကျော်ဖြင့် ဝယ်စီးနိုင်သော ချစ်စရာကောင်းသည့် Nissan March

0

Full article

ယခုအပတ်တွင်တော့ ကားကို ဈေးနှုန်းသက်သာစွာဖြင့် စိတ်ချမ်းသာစွာ လက်ဝယ်ပိုင်ဆိုင်လိုသောသူများအတွက် Nissan March အကြောင်း မိတ်ဆက်ဖော်ပြလိုပါသည်။ _ Nissan March_ သည် ခန့်ခန့်ထည်ထည် ဇိမ်ခံကားကြီးများလို မဟုတ် ပေမယ့် ချစ်စရာကောင်းသည့် လုံးလုံးပုပုပုံစံကြောင့် ဝယ်ယူသူများပြားကြသည့် ကားတစ်စီးဖြစ်ပါသည်။


သိန်း ၁ဝဝ ကျော်ဖြင့် ဝယ်ယူနိုင်သည့်အတွက်လည်း ဈေးနှုန်းသက်သာစွာဖြင့် ကားကောင်းစီးချင်သူများ ကြိုက်နှစ်သက်သော ကား တစ်စီးလည်းဖြစ်ပါသည်။


အတွင်းပိုင်းနှင့် အပြင်ပိုင်း

March ၂ဝ၁ဝ မော်ဒယ်မတိုင်ခင်က ပုံစံမှာ ၂ဝ၁ဝ နောက်ပိုင်းကားများလောက် အချိုးအစားသိပ်လှပခြင်းမရှိပါ။ ဒီဇိုင်းမှာ သေးသေး လုံးလုံးဖြင့် သိပ်စွဲဆောင်မရှိပါ။ သို့သော် ၂ဝ၁ဝ နောက်ပိုင်း ပုံစံပြောင်းလဲထုတ်လုပ်လာရာ မီးလုံးများ၊ ရှေ့ bumper ဒီဇိုင်းများမှာ ပိုမို ခန့်ထည်လာသည်ကိုတွေ့ရပါသည်။ အထူးသဖြင့် ကားမောင်းနေစဉ် ပြင်ပမှလေကို ခွင်းထုတ် ကာ ကား၏အရှိန်ကို မြှင့်တင်ပေးနိုင်သည့် aerodynamic ဒီဇိုင်းမျိုးဖြစ်အောင် သေသေသပ်သပ် ပုံစံရေးဆွဲ ထုတ်လုပ် လာခဲ့ခြင်းဖြစ်ပါသည်။

ကားနောက်ပိုင်းအချိုးအစားများလည်း ယခင်နှင့် မတူဘဲ ထောင့်ချိုးများမှာ ကြည့်ရှုရကောင်းမွန်လှ ပါသည်။ တံခါးငါးပေါက်ပါသည့် hatchback ကားအမျိုးအစားလည်း ဖြစ်ပါသည်။ အတွင်းပိုင်းတွင်တော့ ရှမွိုင်းသား ထိုင်ခုံများ၊ အော်ဒီယိုစီဒီ၊ MP3၊ bluetooth စနစ်နှင့် အဲယားကွန်းတို့ ပါဝင်ပါသည်။

အင်ဂျင်နှင့် စွမ်းဆောင်ရည်

March ကားတွင် တပ်ဆင်ထားသော ၁.၃ လီတာ အင်ဂျင်က မြင်ကောင်ရေအား ၉၇ ကို ထုတ်လုပ်ပေးနိုင်ကာ မြန်နှုန်း ၅ ကြိမ်ထိုးနိုင်သော အော်တိုဂီယာပါရှိပါသည်။ ကားအလေးချိန်မှာ ၉၄ဝ ကီလိုဂရမ်ရှိပြီး ဆီ ၁ လီတာကို ၁၉ ကီလိုမီတာ သွားနိုင်သည့်အတွက် ပေါ့ပါးသွက်လက်သော ဆီစားနှုန်းသက်သာသည့် ကားတစ်စီးဖြစ်ပါသည်။ နယ်ခရီးထက် မြို့တွင်း မောင်းနှင်ရန် သင့်တော်သော ကားဖြစ်ပါသည်။

လုံခြုံမှုအပိုင်း

March ကားမှာ သေးငယ်ပြီး ဈေးချိုသော်လည်း လုံခြုံမှုအပိုင်းတွင်တော့ စံနှုန်းပြည့်ဝသော ကားတစ်စီးဖြစ်ပါသည်။ ကား၏ အရှိန်ကို ထိန်းပေးနိုင်သော anti-lock brake စနစ်၊ အလိုအလျောက်ထိန်းပေးသော brake assist၊ ပါဝါ စတီယာရင်၊ လေအိပ်များ၊ စံနှုန်းပြည့်မှီသော ထိုင်ခုံခါးပတ်များပါဝင်သည်။ ထို့အပြင် ကားတွင် အာရုံခံကိရိယာများ တပ်ဆင်ထားသော ကြောင့် ကားပါကင်ထိုးသည့်အခါ ထိခိုက်မှုများ မဖြစ်အောင် သတိပေးသည့် လုံခြုံမှုစနစ်များလည်းပါဝင်ပါသည်။

Nissan March မှာ ဇိမ်ခံကားကောင်းများ စီးချင်သူအတွက်တော့ ရွေးချယ်စရာမဟုတ်သော်လည်း ဈေးနှုန်းသက်သာပြီး ပေါ့ပါးကာ ဆီစားနှုန်းသက်သာသည့်အတွက် ပေးသည့်ဈေးဖြင့် စီးရတန်သည့်ကားတစ်စီးဖြစ်ပါသည်။ ကားကို ဈေးနှုန်း ချို သာစွာဖြင့် ဝယ်စီးချင်သူများအတွက် ရွေးချယ်သင့်သည့် ကားတစ်စီးဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။

Author