ကြည့်လို့လည်းကောင်း၊ မောင်းလို့လည်းကောင်းမယ့် Audi Q2 အသစ်

0

Full article

ဈေးနှုန်း : $25,000 မှ $40,700 (နိုင်ငံတကာ)

အားသာချက်

  • သက်သောင့်သက်သာ မောင်းနိုင်
  • ကြော့ကြော့မော့မော့ရှိလှပြီး အတွင်းပိုင်းကိုလည်း ကောင်းစွာတည်ဆောက်ထား
  • ခေတ်အမီဆုံး နည်းပညာများကိုလည်း ရွေးချယ်နိုင်စရာအဖြစ်ပါဝင်

အားနည်းချက်

– အနောက်ထိုင်ခုံ အရမ်းမတ်လွန်း
– အမြင့်ဆုံး model ၏ ဈေးနှုန်းမှာ များပြား
– အနောက်ဘက်မြင်ကွင်းများအတွက် အားနည်းမှုရှိ

Audi Q2 ဟာ SUV အသေးစားကိုမှ စမတ်ကျကျ အတွင်းခန်း၊ ရွေးချယ်ဝယ်ယူနိုင်စရာ နည်းပညာအသစ်များစွာနဲ့ ထုတ်လုပ်ထားတာပါ။ ဒါပေမယ့် နောက်ထိုင်ခုံတွေကတော့ ထိုင်ရတာ သက်သောင့်သက်သာသိပ်မရှိလှဘူး။ အမြင့်စား trim တွေနဲ့ဆိုရင် ဈေးက တော်တော်မြောက်တယ်။

သုံးသပ်ချက်

Q2 နဲ့ ပတ်သက်ပြီး တစ်ကိုယ်ရေအမြင်ကိုပြောရမလား။ ဒီကောင်က Gucci လက်ကိုင်အိတ်လိုပဲဗျ။ ဖက်ရှင်ကျတယ်၊ ကြပ်ကြပ်တည်းတည်းမရှိဘူး။ ပြီးတော့ ခင်ဗျားတို့ရဲ့ နေ့စဉ်ဘဝမှာ အမြဲတမ်းအသုံးဝင်အောင် အသေအချာ ထုတ်လုပ်ထားတာမျိုး။
နောက်တစ်ဘက်ကကြည့်မယ်ဆိုရင်တော့ Audi Q2 ရဲ့ သွင်ပြင်ဟာ တခြား Audi တွေနဲ့ သိပ်မတူသလို ခံစားရတယ်။ အတွင်းခန်းကိုပြောတာမဟုတ်ဘူးနော်။ အတွင်းခန်းမှာက ၇ လက်မ infotainment screen ကြီးနဲ့၊ dashboard ကလည်း A3 ပုံစံမျိုး၊ နူးညံ့တဲ့အထိအတွေ့ကိုပေးတဲ့ အကောင်းစား တန်ဖိုးကြီး ပလက်စတစ်အသားနဲ့။
တကယ်လို့ ခင်ဗျားက ငွေအပိုပေးမယ်ဆိုရင် သာမန် ဒိုင်ခွက်တွေနေရာမှာ Audi ရဲ့ Virtual Cockpit ကို တပ်ဆင်နိုင်ဦးမှာ။ လှပတဲ့အနားသတ်တွေ၊ ကြိုက်တဲ့အရောင်ထားနိုင်တဲ့ ဒီဂျစ်တယ်မျက်နှာပြင်၊ sat-nav (ဂြိုဟ်တုလမ်းညွှန်) မြေပုံ၊ သီချင်းတွေနဲ့ပေါ့။
ဒါပေမယ့် Q2 ကနည်းပညာအလန်းစားတွေမပါဘဲနဲ့လည်း အဆင်ပြေမယ့်ပုံပါ။ ဇိမ်ကျကျ အရှေ့ထိုင်ခုံတွေနဲ့ အရပ်မြင့်မြင့်လူကြီးနှစ်ယောက်အတွက် အဆင်ပြေလောက်စရာ နေရာလွတ်ရှိတဲ့ နောက်ခုံတွေ ရရှိနိုင်မယ်။ ဒါပေမယ့် လူကြီး ၃ ယောက်ကို နောက်ခန်းမှာထိုင်ခိုင်းမယ်ဆိုရင်တော့ နည်းလည်းကြပ်တဲ့အတွက် အပြောအဆိုတော့ခံရနိုင်ပါတယ်။ တစ်ခုက နောက်ခုံတွေဟာ နည်းနည်းမတ်တဲ့အတွက် ထိုင်ရတာ သက်သောင့်သက်သာ သိပ်ရှိလှမှာ မဟုတ်ပါဘူး။
နောက်ဖက် boot ကတော့ အတော်လေးကျယ်တယ်။ ပစ္စည်းများများထည့်လို့ရတယ်။ တကယ်လို့ နောက်ခုံတွေကိုလှန်ချလိုက်မယ်ဆိုရင် စက်ဘီးတစ်စီးကို ဘီးမဖြုတ်ဘဲတင်နိုင်တယ်။

ပုံစံ

Audi Q2 ရဲ့ ဒီဇိုင်းမှာက Audi A3 ရဲ့ အကောင်းစားပုံစံတွေ ရရှိနိုင်ပါတယ်။ မောင်းသူထိုင်ခုံကို ခပ်မြင့်မြင့်မြှင့်နိုင်တာကလည်း ဘယ်လိုကားမောင်းသူမျိုးအတွက်ကိုမဆို မြင်ကွင်းကောင်းရရှိနိုင်တာမျိုး။
ကျစ်ကျစ်လစ်လစ် တည်ဆောက်ထားတဲ့ Q2 ဟာ steering ကအစ မြို့တွင်းမောင်းနှင်ရာမှာ အဆင်ပြေတဲ့ ပုံစံမျိုး တပ်ဆင်ပေးထားတာပါ။ Suspension တွေကလည်း ကတ္တရာလမ်းတွေပေါ်မှာ တစ်ခါတစ်လေ တွေ့ရနိုင်တဲ့ချိုင့်တွေနဲ့ဆိုရင် ကြမ်းကြမ်းတမ်းတမ်းကြီး ခုန်မသွားအောင် ဖန်တီးပေးထားပါတယ်။ မောင်းသူက ထိုင်ခုံအမြင့်ကနေ ကြည့်နိုင်တဲ့အတွက်လည်း ဒါမျိုးတွေက ရှောင်သွားလို့ အလွယ်တကူ ရနိုင်တာမျိုးပါ။ နောက်ကြည့်မှန် နည်းနည်းလေးသေးတာကတော့ မချိန်တက်ရင် blind spot ရှိနိုင်တာမျိုး၊ ပါကင်ထိုးရင် ပြဿနာနည်းနည်းရှိနိုင်တာမျိုးပါ။ အမြင့်စားအရှိန်နဲ့မောင်းရင် အေးအေးဆေးဆေးဖြစ်ပေမယ့် အလိမ်အကောက်များတဲ့လမ်းမျိုးမှာတော့ ခပ်မြန်မြန်မောင်းဖို့ သိပ်မလွယ်ဘူး။
ပုံစံကို ခြုံငုံပြီးပြောရရင်တော့ မြို့ထဲနဲ့ မြို့ပတ်ဝန်းကျင်မှာ မောင်းနှင်ဖို့ တော်တော်လေးကောင်းတဲ့ ကားမျိုးပါ။ ဘယ်လို trim မျိုးနဲ့ ဝယ်ဝယ်ပေါ့။

အတွင်းခန်း

ထိုင်ခုံ ၅ ခုံပါဝင်ပေမယ့် အရပ်မြင့်မြင့် လူကြီး ၅ ယောက်အတွက်တော့ နည်းနည်း ကြပ်ပါလိမ့်မယ်။
အဆင့်မြင့် နူးညံတဲ့ ပလက်စတစ်သားတွေနဲ့ ပြုလုပ်ထားတဲ့ dashboard တစ်ဝိုက်ဟာ ထိတွေ့ကိုင်တွယ်လို့ကောင်းပြီး ၇ လက်မ infotainment screen ကလည်း ရုပ်ထွက်ကောင်းလှပါတယ်။ အရှေ့ဘက်ထိုင်ခုံမှာသာ မောင်းနှင်စီးနင်းမယ့်သူတွေအတွက်တော့ အသေးစား ဇိမ်ခံကားလို့တောင် ဆိုလိုရတာမျိုးပါ။ ဒါပေမယ့် ဇိမ်ခံကားအဆင့်နီးပါးလောက်လိုချင်တယ်ဆိုရင်တော့ ငွေကုန်ကြေးကျများမယ့်အပေါက်မျိုး။
Infotainment display က dashboard မှာ မြှုပ်ထားတာမျိုးဖြစ်တဲ့အတွက် အပြောင်းအလဲလုပ်ချင်သူများအတွက် ခက်ခဲမယ့်ပုံရှိပါတယ်။ Dashboard အသားတွေဟာ အဆင့်မြင့် နူးညံကောင်းမွန်ပေမယ့် glovebox တစ်ဝိုက်နဲ့ တံခါးတစ်ဝိုက်မှာတော့  ပေါချောင်ကောင်း ပလက်စတစ်သားတွေ တွေ့ကြရမှာပါ။ ကားအတွင်းပိုင်းအေးဖို့အတွက် ခလုတ်အချို့ကို အဖွင့်အပိတ်၊ အတင်အချ ပြုလုပ်ဖို့လိုမှာဖြစ်ပေမယ့် အခြားအခြားသော ထိန်းချုပ်မှုတွေကိုတော့ ၇ လက်မ infotainment မျက်နှာပြင်ကနေ ခိုင်းစေနိုင်ပါတယ်။
အမြင့်စား trim နဲ့ဆိုရင်တော့ လက်ကိုင်ခွေရဲ့နောက်မှာ ဒိုင်ခွက်တွေအစား infotainment မျက်နှာပြင်ကို ၈ လက်မနဲ့ ရရှိနိုင်ပြီး Audi ရဲ့ အကောင်းစား Virtual Cockpit စနစ်ကြီးနဲ့လာမှာပါ။ Resolution အမြင့်စား ဒီဂျစ်တယ် ဒိုင်ခွက်တွေအပြင် sat-nav လိုမျိုး အခြားအခြားသော အရာတွေကိုလည်း ထိန်းချုပ်လို့ ရဦးမှာပါ။
ဘယ်လိုပဲပြောပြော ထိုင်ခုံအနေအထား၊ ပါဝင်တဲ့နည်းပညာတွေကို ခြုံငုံပြောရမယ်ဆိုရင်တော့ အကောင်သေးပေမယ့် အရည်အချင်းပြည့်မီတဲ့ ဘောလုံးသမားတစ်ဦးလိုပါပဲလို့ ဆိုပါရစေ။

လက်တွေ့

တကယ်လို့ ခင်ဗျားဟာ 1.5-litre ၊ 150hp ဓါတ်ဆီအင်ဂျင်လောက်နဲ့ တိတ်တိတ်ဆိတ်ဆိတ်မောင်းနှင်လိုသူ၊ အကောင်သိပ်မကြီးတဲ့ SUV အမျိုးအစားကိုဝယ်ယူစီးနင်းလိုသူ၊ မြို့ပတ်ဝန်းကျင်မှာသာ မောင်းနှင်ချင်သူ ဆိုရင်တော့ ဒီ Q2 ကလေးဟာ ခင်ဗျားအတွက် ကွက်တိပဲဗျ။ သူ့အင်ဂျင်ရဲ့ ညင်သာချောမွေ့တိတ်ဆိတ်မှုဟာ မြန်နှုန်းနဲ့တောင်မှ မလိုက်ပါဘူး။ ဆီစားနှုန်းကတော့ ပုံမှန်မောင်းနှင်မှုအတွက် 45mpg ဝန်းကျင်ရှိပါလိမ့်မယ်။ တကယ်လို့ဒီဇယ်အင်ဂျင်နဲ့ ရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ 1.6-litre ဒီဇယ်အင်ဂျင်နဲ့ ရရှိနိုင်ပြီး ဆီစားနှုန်းကတော့ 50mpg ဖြစ်တဲ့အတွက် ပိုပြီး အကျိုးများနိုင်ပါတယ်။ ဒီဇယ်အင်ဂျင်နဲ့ဆိုရင်တော့ အသံက နည်းနည်းလေး ပိုကျယ်တာကို တွေ့ရပါတယ်။
Q2 ရဲ့ အလန်းစား trim မှာ 4WD နဲ့ ရွေးချယ်နိုင်ပေမယ့် ဆီစားနှုန်း၊ ကားရဲ့တန်ဖိုးနဲ့ တွက်ကြည့်မယ်ဆိုရင်တော့ သိပ်မတန်လှပါဘူး။
ငွေကုန်ကြေးကျ သိပ်မများဘဲ မိသားစုနဲ့ စမတ်ကျကျ ဟိုသွားဒီသွား သွားချင်သူတွေအတွက်ကတော့ လိုအင်ဆန္ဒဖြည့်ဆည်းပေးမယ့် ကားလို့ပဲ လက်တွေ့ကျကျ သုံးသပ်ချင်ပါတယ်။

မောင်းနှင်မှု

Audi Q2 ကိုမောင်းနှင်မှုအနေနဲ့ကတော့ မောင်းရတာ လွယ်ကူတယ်။ တကယ်လို့ adaptive suspension ကိုသာ ရွေးချယ်ဝယ်ယူထားတဲ့သူတွေဆိုရင်တော့ တော်တော်လေးကို သက်သောင့်သက်သာဖြစ်မှုကို ခံစားရနိုင်မှာပါ။
အင်ဂျင်အနေနဲ့ ဓါတ်ဆီအင်ဂျင် သုံးမျိုးနဲ့ ဒီဇယ်အင်ဂျင် နှစ်မျိုးထဲကနေပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ 4WD ကိုလည်း လိုချင်ပါက ရွေးချယ်ထည့်သွင်းနိုင်ပြီး gear ကိုလည်း manual ရော auto ပါ ကြိုက်သလို ရွေးချယ်တပ်ဆင်နိုင်ပါတယ်။
Q2 ရဲ့ ဓါတ်ဆီအင်ဂျင်ရွေးချယ်မှုမှာဆိုရင်တော့ အခြေအနေတော်တော်များများနဲ့ အဆင်ပြေမှာကတော့ 1.5-litre 35 ဓါတ်ဆီ model ပဲဖြစ်မှာပါ။ မြို့အနှံလျှောက်သွားဖို့အတွက် အသင့်လျော်ဆုံးပဲလေ။ 150hp ရရှိမှာဖြစ်တဲ့အတွက် အလောတော်လို့ဆိုရမှာပါပဲ။ ဆီစားနှုန်းအနေနဲ့ကတော့ လီဗာပေါ်တင်မောင်းရုံဆိုရင် 45mpg လောက်ရှိပြီး တိတ်တိတ်ဆိတ်ဆိတ်၊ ချောချောမွေ့မွေ့ မောင်းနှင်မှုအတွေ့အကြုံကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
နည်းနည်းလှမ်းလှမ်းသွားမယ်ဆိုရင်တော့ ဒီဇယ်ထဲကသာရွေးလိုက်တော့။ 1.6-litre 30 TDI ရှိတယ်။ မိုင်တိုင်တွေကို ဖြတ်ကျော်ဖို့အတွက် ကုန်ကျစာရိတ်သက်သာမှုရှိတဲ့ ရွေးချယ်မှုပါ။

Trim များအကြား ကွာခြားမှု

Trim တွေကတော့ SE ၊ Sport ၊ S Line နဲက Black Edition ဆိုပြီးလာပါတယ်။

SE

ခုနစ်လက်မ infotainment မျက်နှာပြင်၊ DAB ဒစ်ဂျစ်တယ် ရေဒီယို၊ Bluetooth ၊ Apple CarPlay နဲ့ Android Auto၊ smartphone နဲ့ ကားချိတ်ဆက်နိုင်မှု (သင့်ဖုန်းပေါ်မှ ဂြိုဟ်တုလမ်းညွှန်ကို ကားရဲ့ infotainment မျက်နှာပြင်ပေါ်တွင်ကြည့်ရှုနိုင်)၊ ပါကင်ထိုးဖို့ အနောက်ပိုင်း sensors တွေ၊ cruise control ၊ ၁၆ လက်မ အလွိုင်းခွေနှင့်ဘီး၊ အလိုအလျောက် အရေးပေါ်ဘရိတ်စနစ် စတာတွေက SE Trim မှာပါဝင်မှာပါ။

Sport

Sport trim အတွက် ထူးခြားတာအနေနဲ့ကတော့ ၁၇ လက်မ အလွိုင်းခွေနဲ့ဘီးပါလာပါပြီ။ Sport type ထိုင်ခုံတွေ၊ အလူမီနီယံတွေနဲ့ အတွင်းခန်း အနီရောင်လဲ့လဲ့နဲ့ ရရှိနိုင်ပါတယ်။ Speakers တွေအနေနဲ့ကတော့ ဒီဘတ်ခေတ်ကားတွေအတိုင်း speaker ၈ ခုထည့်သွင်းပေးထားပြီး အသံထွက် တော်တော်လေးကောင်းပါတယ်။

S Line

S Line trim မှာဆိုရင်တော့ ၁၈ လက်မ အလွိုင်းခွေဘီး၊ LED အရှေ့မီး၊ ပုံစံပြန်ဖေါ်ထားတဲ့ bumpers တွေ၊ ဘေး skirts တွေ၊ အပြင် ထူးခြားတဲ့အရောင်အနေနဲ့ ခဲမှိုင်းမှိုင်းနဲ့ပါ ရရှိမှာပါ။
အတွင်းခန်းထဲမှာဆို့ရင်တော့ S လိုဂိုပါတဲ့ သားရေထိုင်ခုံတွေ၊ တောက်ပြောင်တဲ့ အလူမီနီယံ အနားကွပ်တွေ၊ စတီးစစ်စစ် ခြေနင်းတွေနဲ့အတူ အောက်ပိုင်း စက်ဝိုင်းပြတ် steering နဲ့ရရှိမှာပါ။

Black Edition

Audi Q2 ရဲ့ Black Edition လောက် ပိုပြီး နက်မှောင်တဲ့ အရာမရှိတော့ပါဘူး။ အတွင်း၊ အပြင် အားလုံးအမဲပါ။ မှန်တွေကအစပေါ့။ အလွိုင်းခွေနဲ့ဘီးကတော့ ၁၉ လက်မပါ။
အမြင့်ဆုံး trim အနေနဲ့ သူ့ထက်နိမ့်တဲ့ trim မှာပါဝင်တဲ့ ပစ္စည်းပစ္စယတွေအားလုံးကို စိတ်ကြိုက် ရွေးချယ်တပ်ဆင်နိုင်ပါတယ်။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)

Ref: new Audi Q2 by Mat Watson

Author