New Toyota C-HR Review (International)

0

Full article

Toyota C-HR အသစ် သုံးသပ်ချက်

ပစ္စည်းပစ္စယ များပြားစုံလင်တဲ့ Toyota ရဲ့ မိသားစုစီး small SUV သို့မဟုတ် C-HR အသစ်

ဈေးနှုန်း : $24,565 – $34,549 (နိုင်ငံတကာ)

အားသာချက်

  • စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွေထဲက ပုံစံမျိုးဖြင့် စတိုင်ကျလှပခြင်း
  • အဆင့်မြင့် ပစ္စည်းပစ္စယ များပြားစုံလင်စွာပါရှိခြင်း
  • ငွေကုန်ကြေးကျသက်သာစေသော hybrid အင်ဂျင်ပါရှိခြင်း

အားနည်းချက်
– ဒီဇယ်အင်ဂျင် ရွေးချယ်စရာ မပါရှိခြင်း
– အချို့နေရာတွေမှာ ပေါပေါပဲပဲပစ္စည်းများအသုံးပြုထားတယ်လို့ ခံစားရခြင်း
– အမြန်လမ်းမကြီးပေါ် အရှိန်တင်မောင်းနှင်တဲ့အချိန်မျိုးမှာ အသံအနည်းငယ်ကျယ်တယ်လို့ ခံစားရခြင်း

သုံးသပ်ချက်

စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွေထဲက ပုံစံမျိုးဆိုမှတော့ Toyota ရဲ့ C-HR အသစ်က အရမ်းကို ခေတ်ရှေ့ပြေးပြီး စတိုင်ကျလှပနေတာပေါ့။ ဒီ Compact High Rider ဒါမှမဟုတ် C-HR အသစ်မှာက hybrid အင်ဂျင်ကိုလည်း ရွေးချယ်ဝယ်ယူနိုင်တဲ့အတွက် ငွေကုန်ကြေးကျသက်သာတဲ့ နေ့ရက်တွေကိုလည်း တစ်ပါတည်း ပိုင်ဆိုင်နိုင်မယ့် ပုံစံမျိုး။ မောင်းလို့လည်းကောင်းပါတယ်။ ဒါပေမယ့် သူ့လောက် ရုပ်ထွက်မလန်းပေမယ့် ပိုပြီးလက်တွေ့ကျတဲ့ကားတွေ ဈေးကွက်ထဲမှာရှိနေပါတယ်။
တကယ်လို့ ခင်ဗျားဟာ မိသားစုစီး small SUV ကားမျိုးကိုရှာနေတဲ့သူတစ်ယောက်ဆိုရင်တော့ လူတိုင်းငေးကြည့်လောက်စရာ ဒီ C-HR ကိုဝယ်ယူဖို့ဆိုတာက ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခု မဟုတ်လောက်ပါဘူး။ လွယ်လွယ်ကူကူမောင်းနှင်နိုင်ပြီး ကုန်ကျစာရိတ်သက်သက်သာသာနဲ့လည်း အသုံးပြုလို့ရသေးတယ်။ ဒါပေမယ့် အနာဂတ်အတွက် ပိုတွေးတဲ့သူဆိုရင်တော့......

ပုံစံ

တခြား SUVs တွေနဲ့မတူညီတဲ့ Toyotaရဲ့ C-HR ပုံစံကတော့ Star Trek ဇာတ်ကားထဲက ယာဉ်ပျံတွေနဲ့တောင်မှ ထင်ယောင်မှားနိုင်လောက်တယ်။ ထူထူထဲထဲ bumper တွေနဲ့ ဘေး skirts တွေက သစ်လွင်တဲ့ စတိုင်တစ်ခုကို ဖန်တီးနေသလိုပါပဲ။ နောက်တစ်ခုက ထောင့်ချွန်းတွေအများကြီးနဲ့ အရှေ့မီးကြီး၊ ခေါင်မိုးရဲ့ အခုံးပုံစံသစ်တွေက အစဉ်အလာ SUVs တွေထက်စာရင် ပိုပြီး ကြော့ကြော့မော့မော့နဲ့ အမြန်မောင်းနိုင်တဲ့ ပုံစံမျိုး ဖြစ်စေပါတယ်။
အရှေ့ကနေကြည့်မယ်ဆိုရင် လေကာမှန်ရဲ့အချိုး၊ အရှေ့မီးကြီးတွေရဲ့ပုံစံ၊ bumper ရဲ့ဒီဇိုင်း စတာတွေအားလုံးပေါင်းလိုက်ရင် တကယ့်ကို ခေတ်ရှေ့ပြေးပါပေတယ်။ အနောက်ဘက်မီးခွက်ပုံစံတွေနဲ့ bumper ဒီဇိုင်းကလည်း ဘယ်ကားမျိုးမှာမဆို မတွေ့ရသေးတဲ့ လုံးဝ ဒီဇိုင်းအသစ်။
ပုံစံပိုင်းကို အကျဉ်းချုပ်ပြောရမယ်ဆိုရင် တကယ့်ကို ခေတ်ရှေ့ပြေးတဲ့ပုံစံဖြစ်တာ သေချာပါတယ်။

အတွင်းခန်း

အတွင်းခန်းထဲကို ဝင်ထိုင်လိုက်တဲ့အခါမှာတော့ Toyota C-HR ရဲ့ အတွင်းခန်းဟာ အပြင်လိုပဲ လုံးဝ သစ်လွင်လှပါတယ်။ ထိုင်ခုံ၊ အရှေ့တံခါးချပ်တွေနဲ့ dashboard တစ်လျှောက်က လိုက်ဖက်ညီတဲ့ ဒီဇိုင်းတွေဟာ အမြင်သက်သက်ပဲပြောပြော ဆွဲဆောင်အားကောင်းတာတော့ အမှန်ပါပဲ။ အတွင်းခန်းထဲက C-HR ရဲ့ စိန်ကွက်ပုံဖေါ်ထားတဲ့ ပလက်စတစ်တွေကလည်း ဘယ်သူ့ကိုမဆို စိတ်ကျေနပ်မှုပေးစွမ်းစေနိုင်မှာပါ။ အတွင်းခန်းရဲ့ ဘယ်နေရာမဆို သားနားပြီး အထိအတွေ့ကောင်းမွန်တဲ့ ပလက်စတစ်များစွာကို အသုံးပြုထားခြင်းမှာ ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ ရှိလို့နေပါတယ်။ Steering ပါပဲ။ သူကတော့ မာပြီး ဈေးပေါတဲ့ ပလက်စတစ်မျိုး သုံးထားပုံရတယ်။
Touchscreen ရဲ့အရည်အသွေးက ကောင်းလှပြီး တုန့်ပြန်မှုတွေမှာလည်း အတော်လေး မြန်ဆန်ပေမယ့် ကိုးရိုးကားရားနိုင်တဲ့ ပလက်စတစ်ဘောင်ကိုတော့ သိပ်သဘောမကျလှဘူး။ အနာဂတ် သိပ္ပံဇာတ်လမ်းတွေထဲက ပုံစံမျိုးကို ဖန်တီးထားတဲ့အတွင်းခန်းဟာ တချို့လူတွေအတွက်တော့ ဒီလောက်ကြီး နှစ်သက်စရာ မကောင်းလှဘူးလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ နောက်တစ်ခုက ခေတ်လွန်ပုံစံတစ်ခုဖြစ်တဲ့အတိုင်း အသုံးပြုရာမှာ လွယ်ကူချောမွေ့မှုကိုတော့ ချက်ခြင်းရနိုင်မှာမဟုတ်ပါဘူး။ အသားကျသွားအောင် အချိန်တစ်ခုပေးရမယ့်ပုံစံဖြစ်နေတာကတော့ အမှတ်လျော့ချင်စရာပါ။ လူငယ်ပိုင်းတွေအတွက်ဆိုရင်တော့ အကောင်းဘက်ပိုများတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်ပါလိမ့်မယ်။
သေချာတာကတော့ C-HR ရဲ့အတွင်းခန်းဟာ ရှေ့ထိုင်ခုံမှာ မောင်းနှင်စီးနင်းမယ့်သူတွေအတွက် လင်းလက်တောင်ပနေမှာဖြစ်ပေမယ့် အနောက်ခုံတွေမှာ လိုက်ပါစီးနင်းမယ့်သူတွေအတွက်တော့ မဲမှောင်ကျဉ်းမြောင်းနေမှာပါပဲ။

လက်တွေ့ကျကျ

Toyota C-HR ဟာ VW ရဲ့ Tiguan လောက်တော့ မကျယ်ဘူးလို့ပြောလို့ရပါတယ်။ အရှေ့ဘက်ထိုင်ခုံတွေကတော့ အရွယ်ရောက်ပြီး ဘယ်လိုအရွယ်အစားရှိတဲ့ လူမျိုးမဆို အဆင်ပြေနိုင်လောက်တဲ့အထိ ကျယ်ဝန်းပေမယ့် အနောက်ခန်းထိုင်ခုံနေရာကတော့ ကျဉ်းတယ်လို့ပြောရမှာမှာပဲ။ နေကာပါပေမယ့် သေးငယ်တဲ့ အနောက်မှန်တွေ၊ စောက်နက်နက်ဆင်းသွားတဲ့ အမိုးရဲ့ပုံစံတွေဟာ အနောက်ထိုင်ခုံနေရာကို သေးကျဉ်းသွားစေတဲ့ တရားခံတွေပါ။ နောက်ပြီး တခြား SUVs တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ပိုပြီးလည်း မှောင်သလို ခံစားရပါသေးတယ်။ Boot ကလည်း အရွယ်တူ SUVs တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အားလုံးနီးပါးထက် ပိုပြီးနေရာလွတ် ရှားပါးတာကတော့ အမှန်ပါပဲ။
သေးငယ်တဲ့ မှန်ပြတင်းပေါက်တွေက အပြင်ကိုကြည့်ဖို့အတွက် နည်းနည်းခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် parking sensors တွေကတော့ အရှိန်လျော့တုံးတွေကိုပါပြသပေးနိုင်တဲ့အတွက် သက်သာရာရစေနိုင်ပါလိမ့်မယ်။ Steering က ပေါ့ပေါ့ပါးပါးရှိတဲ့အတွက် မြို့တွင်းလမ်းကြပ်ကြပ်တွေမှာ သာသာယာယာမောင်းနှင်နိုင်ပြီး suspension တွေကလည်း တော်တော်လေးကောင်းတော့ တော်ရုံ ချိုင့်တွေ၊ ဂမူတွေလောက်ကို မှုစရာမလိုပါဘူး။

မောင်းနှင်မှု

လက်တွေ့မောင်းနှင်ကြည့်ရာမှာတော့ အရှိန်မြင့်မောင်းတဲ့အချိန် နားထဲကိုတိုးဝင်လာတဲ့ လေသံနဲ့ တာယာကြိတ်သံတွေကြောင့် Peugeot 3008 ကိုမောင်းကြည့်ရတာလောက်တော့ ဇိမ်မကျတာ အမှန်ပါ။ ဒါပေမယ့် အကွေ့အကောက်များတဲ့လမ်းတွေမှာတော့ Toyota ရဲ့ C-HR ဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ချောမွေ့ပါတယ်။
မောင်းနှင်တဲ့အချိန် လိုက်ပါတဲ့ခရီးသည်တွေအတွက် ကိုင်စရာ လက်ကိုင်တွေ အများကြီးပါတဲ့အပြင် ထိုင်ခုံရဲ့ ပုံစံကလည်း ထိုင်တဲ့သူနဲ့ အံဝင်ခွင်ကျအောင် ပြုလုပ်ပေးထားတဲ့အတွက် တော်ရုံကားမူးတဲ့သူတွေပါ မူးမော်ခြင်းမရှိ စီးနိုင်လောက်ပါတယ်။
Toyota ရဲ့ 1.2-litre turbo အင်ဂျင်ရော၊ 1.8-litre hybrid အင်ဂျင်ရော နှစ်မျိုးစလုံးဟာ ဘယ်ဟာမှ sport type မဆန်လှပါဘူး။ ဒါပေမယ့် မောင်းနှင်ရာမှာ လက်သင့်ခံနိုင်လောက်အောင် ချောမွေ့တဲ့အပြင် ဆီစားနှုန်းကလည်း တော်တော်လေးကို သက်သာပါတယ်။ Hybrid model အတွက်ဆိုရင် ပုံမှန်တပ်ဆင်ပေးတဲ့ CVT automatic gearbox ကိုတော့ သိပ်မကြိုက်လှဘူး။ ခပ်ပြင်းပြင်းအရှိန်မြှင့်တဲ့အခါမျိုးမှာ စီစီညံညံဖြစ်စေတဲ့ gearbox မျိုးပေါ့။ ဒါပေမယ့် 1.2-litre အင်ဂျင်နဲ့ manual gearbox ကတော့ တော်တော်လေးကို မောင်းလို့ကောင်းတယ်။ ဈေးကလည်း ပိုသက်သာပါသေးတယ်။

ပါဝင်သောအချက်အလက်များ

Toyota C-HR မှာက Icon ၊ Design ၊ Excel နဲ့ Dynamic ဆိုပြီး model ၄ မျိုးရှိပါတယ်။

Icon

Icon trim မှာတော့ 115hp ထွက်တဲ့ 1.2-litre ဓါတ်ဆီအင်ဂျင် manual gearbox ရယ်၊ 122hp ထွက်တဲ့ 1.8-litre Hybrid အင်ဂျင် Automatic gearbox ရယ်ဆိုပြီးနှစ်မျိုးရွေးချယ်လို့ရပါတယ်။ 1.2-litre ဓါတ်ဆီအင်ဂျင်နဲ့ဆိုရင် ဆီစားနှုန်း 48mpg ရှိပြီး hybrid အင်ဂျင်ကတော့ 74mpg အထိရှိပါတယ်။ ဓါတ်ဆီအင်ဂျင်ကတော့ 0-60 mph ကို ၁ဝ.၉ စက္ကန့်နဲ့အရှိန်မြှင့်တင်နိုင်ပြီး Hybrid နဲ့ဆိုရင်တော့ ၁၁ စက္ကန့်ကြာမြင့်မှာပါ။
Icon ကတော့ ဈေးအနည်းဆုံး trim ပါ။ ဒါပေမယ့် ၈ လက်မ touchscreen infotainment စနစ်ကိုမှ DAB ဒစ်ဂျစ်တယ် ရေဒီယိုနဲ့၊ bluetooth ဆက်သွယ်ရေးစနစ်နဲ့။ Dual-zone air-con လည်းပါ ပါသေးတယ်။ အနောက်ကြည့်ကင်မရာလည်းပါ ပါသေးတယ်။ ခွေကတော့ ၁၇ လက်မ အလွိုင်းခွေနဲ့ပါ။ မိုးရွာတဲ့အပေါ် အတိုးအလျော့အလိုအလျောက်လုပ်ပေးနိုင်စွမ်းရှိတဲ့ rain-sensing wipers တွေ နေ့အချိန်ထွန်းနိုင်တဲ့ LED မီးတွေကလည်း စံသတ်မှတ်ချက်အနေနဲ့ တပ်ဆင်ပေးထားတာတွေ့ရပါတယ်။ ဂြိုဟ်တုလမ်းညွှန်စနစ်ကိုလိုချင်ရင်တော့ Design trim ကိုသာဝယ်ယူပါတော့။ Apple CarPlay နဲ့ Android Auto လည်းဒီ trim မပါဝင်သေးပါဘူး။

Design

Design မှာတော့ Icon မှာပါဝင်တဲ့ အင်ဂျင်ရွေးချယ်မှုနှစ်ခုအပြင် 115hp 1.2-litre ဓါတ်ဆီအင်ဂျင်ကိုမှ AWD နဲ့ပါ ရွေးချယ်နိုင်ပါပြီ။ AWD ပါဝင်တဲ့အတွက် ဆီစားနှုန်းကတော့ 42mpg လောက်ဖြစ်သွားပါလိမ့်မယ့်။ အရှိန်မြှင့်တင်မှုအနေနဲ့ကတော့ 0-60 mph ကို ၁၁.၄ စက္ကန့်လောက်ကြာမြင့်ပါတယ်။
Design ကတော့ အလယ်အလတ်တန်းစား trim ပါ။ Icon ထက်ပိုတဲ့အရာတွေကတော့ ဂြိုဟ်တုလမ်းညွှန်၊ ယာဉ်မောင်းသူထိုင်ခုံ အပူပေးစနစ်၊ ယာဉ်မောင်းသူထိုင်ခုံ ခါးဆစ်ထောက်ပံ့ရေးစနစ် (lumbar support)၊ အတွင်းခန်းဝန်းကျင်တစ်ခုလုံးကို လင်းစေမယ့် ambient lighting အပြင် keyless entry တွေဖြစ်သွားပါပြီ။ ခွေက ၁၈ လက်မ အလွိုင်းခွေတွေနဲ့ဖြစ်သွားပြီး အလိုအလျောက်ခေါက်သိမ်းပေးမယ့် နောက်ကြည့်ဘေးမှန်တွေနဲ့ပါ။

Excel

Excel ကတော့ အလယ်အလတ်တန်းစား Design ထက်ပိုသာတဲ့ trim ပါ။ အင်ဂျင်ရွေးချယ်နိုင်မှုက အတူတူပါပဲ။ Design ထက်ပိုသာတာကတော့ အရှေ့/အနောက် parking sensors တွေပါဝင်မှု၊ သားရေထိုင်ခုံအပြည့်မှာမှ အပူပေးစနစ်အပြည့်နဲ့အပြင် အတွင်းခန်းအရောင်ကို အညိုရင့်ရောင်နဲ့ ငွေရောင်မှိန်မှန် နှစ်မျိုးထဲကတစ်မျိုး ရွေးချယ်နိုင်မှုတွေပါ။

Dynamic

C-HR အသစ်မှာတော့ Dynamic က အမြင့်ဆုံး trim ပါပဲ။ ပိုသာတာကတော့ အနက်ရောင်တောက်တောက် ၁၈ လက်မ အလွိုင်းခွေတွေရယ်၊ LED အရှေ့မီးကြီးတွေရယ်၊ ပြတင်းအားလုံးနေကာပါဝင်တာရယ်၊ ငွေရောင်နဲ့ အပြာရောင် အတွင်းခန်းရွေးချယ်နိုင်မှုရယ်ပါ။
အင်ဂျင်ရွေးချယ်နိုင်မှုကတော့ Design တို့ Excel တို့နဲ့ တူတူပါပဲ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: New Toyota C-HR Review by Mat Watson

Author

Comments