Tesla Model 3 2018 Review

0

Full article

လောင်စာဆီဖိုးကုန်ကျမှု ကင်းမဲ့တဲ့နေ့ရက်တွေပိုင်ဆိုင်ဖို့မျှော်လင့်ထားတယ်ဆိုရင်တော့ Tesla ရဲ့ကားတစ်စီးစီးကိုသာရွေးချယ်လိုက်ပါတော့။ အဲဒီအထဲကမှ Model 3 ဟာ ဈေးအသက်သာဆုံး လျှပ်စစ်ကားဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပုံစံတူ ဒီဇယ်၊ ဓါတ်ဆီသုံးကားအများစုထက်တော့ ဝယ်ဈေးနည်းနည်းပိုများပါလိမ့်မယ်။ ပြန်ရနိုင်မယ့်အကျိုးအမြတ်ကတော့ နည်းပညာပိုင်း လွန်စွာအဆင့်မြင့်ပြီး ရေရှည်ကုန်ကျစရာနည်းပါးလွန်းတာပါ။

ဈေးနှုန်း

  • Long Range : $95,000 ဝန်းကျင်
  • Performance : $115,000 ဝန်းကျင်

ဝယ်ယူဖို့အတွက်ဆိုရင်တော့ အောက်ပါ Link များမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုချိတ်ဆက်ဝယ်ယူနိုင်ပါတယ်။

အားသာချက်

  • လွန်စွာမှ လျင်မြန်ခြင်း
  • အားတစ်ခါသွင်းပြီး အကွာအဝေးများများမောင်းနိုင်ခြင်း
  • နည်းပညာပိုင်း လွန်စွာအဆင့်မြင့်ခြင်း

အားနည်းချက်

  • ဈေးနှုန်းမြင့်မားခြင်း
  • ဂျာမနီထုတ် saloons ကားများမှာ အရည်အသွေးပိုင်းပိုမိုကောင်းမွန်ခြင်း
  • နောက် headroom မှာထင်သလောက် နေရာလွတ်မရရှိခြင်း

သုံးသပ်ချက်

Tesla ပေါ်ကိုစထိုင်ထိုင်ခြင်းခံစားချက်က smartphone တစ်လုံးကို စသုံးတဲ့အချိန်လိုမျိုးနဲ့သွားတူတယ်။ အရာရာဟာ စူးစမ်းစရာတွေနဲ့ပြည့်နေတာပါ။ Tesla ရဲ့ Model 3 ဟာ ကားလောကရဲ့ smartphone ပါပဲ။ Combustion အင်ဂျင်တွေကိုစွန့်ပစ်ခဲ့ပြီး ချောမွတ်တောက်ပြောင်တဲ့အသွင်သဏ္ဌာန်သစ်၊ မြင့်မားတဲ့စွမ်းဆောင်ရည်နဲ့  လျှပ်စစ်ပါဝါရဲ့ခေါ်ဆောင်ရာနောက်ကိုလိုက်မလားဆိုတဲ့မေးခွန်းကလည်းရှိလာမှာပါ။

သိသာထင်ရှားတဲ့အားသာချက်အနေနဲ့ကတော့ Tesla လိုမျိုး လျှပ်စစ်စွမ်းအင်အပြည့်အဝသုံးကားတွေအတွက် လောင်စာဆီကုန်ကျစရိတ် (ရေရှည်ကုန်ကျစရိတ်) ဆိုတာရှိတော့မှာမဟုတ်ပါဘူး။ Combustion အင်ဂျင်နဲ့မဟုတ်တဲ့အတွက် အင်ဂျင်ဝိုင်၊ coolant စတဲ့ ကားအင်ဂျင်နဲ့ပတ်သက်တဲ့ အထွေထွေပြဿနာတွေ ရှိတော့မှာမဟုတ်ပါဘူး။ ဘက်ထရီကိုအားတော့သွင်းရမှာပါ။ ဘက်ထရီအားသွင်းတာနဲ့ပတ်သက်ပြီး Tesla ကိုယ်တိုင်စီးနေတဲ့ ကိုထူးမြင့်နောင်က

Tesla တစ်စီးဝယ်လာပြီးပြီဆိုရင် သူနဲ့အတူတူ mobile charger တစ်ခုပါလာပါလိမ့်မယ်။ အဲဒါကို Level 1 Charger လို့ခေါ်ပါတယ်။ US မှာ 110V နဲ့ 10A အားပဲသွင်းကြတာမို့ အရမ်းနှေးကြောင်း၊ အဆင်မပြေကြောင်းတွေ တစ်သီကြီးအင်တာနက်မှာဖတ်လို့ရပါတယ်။ တကယ်တမ်းမြန်မာပြည်ရောက်လာတော့ 220V နဲ့ 10A ဆိုတော့ Level 1 အဆင့်ထက် ၂ ဆလောက် ပိုမြန်မြန်သွင်းနိုင်လို့ အိမ်မီးနဲ့ အဲဒီ charger နဲ့တင်အဆင်ပြေပါတယ်။ တကယ်လို့များအိမ်မှာ power meter ရှိရင်တော့ 30A အထိတင်ပြီးအားသွင်းလို့ရပါတယ်။ (ဒါပေမဲ့ ရေရှည်ဆို အဲဒီ mobile charger လေးလောင်သွားနိုင်လို့ 25A လောက်ထိပဲသွင်းသင့်ပါတယ်)။ ဘယ်လောက် Ampere နဲ့သွင်းမလဲကို charger တပ်လိုက်တာနဲ့ Tesla ရဲ့ Screen ပေါ်မှာပေါ်ပါတယ်။ ရွေးလို့ရပါတယ်။ အိမ်ကကြိုးကို 10A လောက်တပ်ထားပြီး 20A နဲ့သွားသွင်းမိလို့ မီးလောင်မှာတို့ဘာတို့လဲ စိတ်မပူပါနဲ့။ ကားက ကြိုးမနိုင်မှန်းသိရင် သူ့ဟာသူလျော့ချပေးပါတယ်။ ဒါပေမဲ့ မရှိမဖြစ်လိုတာကတော့ Ground (Earthing) ပါ။ Tesla charger ရော၊ ကားရောက 3pin ဖြစ်ဖြစ် 4pin ဖြစ်ဖြစ် Neutral ၊ Phase ၊ Ground မမှန်ရင်လုံးဝအလုပ်မလုပ်ပေးပါ။ Ground ကိုလဲ သေသေချာချာ ချမထားရင် အလုပ်မလုပ်ပါ။ Safety အတွက်ကအရမ်းကောင်းပါတယ်။ မိုးရေထဲမှာပဲ ချာဂျာပလပ်တပ်တပ်၊ ကားပေါ်တက်တက် စိတ်ချရပါတယ်။ Nissan Leaf လို ဓါတ်မလိုက်ပါ။ အဲဒီထက်ပိုမြင့်ချင်ရင်တော့ Level 2 ချာဂျာသပ်သပ်ဝယ်ပြီး အိမ်မှာဆင်လို့ရပါတယ်။ 40A ထိစိတ်ချလက်ချသွင်းလို့ရပါတယ်။ Level 3 Charger တွေလဲရှိပါတယ်။ DC Direct Charging ၊ Supercharger လို့ခေါ်တဲ့ဟာတွေကတော့ အိမ်မှာတပ်လို့မရလောက်အောင်ကိုဈေးကြီးပါတယ်။ အမြန်ဆုံး Level 3 Charger တွေက 30 မိနစ်နဲ့အပြည့်နီးပါးပြန်ဖြည့်နိုင်ကြတယ်လို့ပြောပါတယ်။ Level 2 က ၉ နာရီကြာပါတယ်။ Level 1 220v က ၂၄နာရီလောက်ကြာပါတယ်။ (Level 1 နဲ့တစ်ညသွင်းထားရင် အပြည့်မဝင်ပေမဲ့ နောက်တစ်နေ့တစ်နေကုန်မောင်းဖို့အတွက်လောက်ပါတယ်)” လို့ဆိုပါတယ်။
“Model 3 တစ်စီးလုံးကို အကြမ်းဖျင်းသုံးသပ်ရရင်တော့ တပ်ဆင်ထားတဲ့မီးတွေအားလုံးဟာ အဆင့်မြင့် LED တွေဖြစ်တယ်။ တံခါးလေးပေါက်ပါ လျှပ်စစ် compact sedan အမျိုးအစားအနေနဲ့ သေသပ်လှပတယ်။ သာမန်ကားတွေလိုမျိုး grille မပါတာကို မကြိုက်တဲ့သူရှိကောင်းရှိနိုင်တယ်။ အင်ဂျင်ကထွက်တဲ့အသံကို မကြားရတာကိုလည်း မကြိုက်တဲ့သူရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့သေချာတာကတော့ Tesla တွေဟာ အနည်းဆုံးမြန်မာလိုမျိုးနိုင်ငံတွေအတွက်တော့ အနာဂတ်ကားတွေဖြစ်တယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိတာနဲ့ လောင်စာဆီကုန်ကျစရိတ်မရှိတာဟာလည်း ရေရှည်အတွက် အရမ်းကိုအရေးပါတဲ့အချက်တွေပါ။ အကြိုက်ဆုံးအချက်ကတော့ အမြန်နှုန်းပါပဲ။ အမြန်နှုန်းကတော့ ရန်ကုန်မြို့အတွက်ဆိုရင် ကြောက်စရာကောင်းလောက်အောင်မြန်ပါတယ်။”

အတွင်းခန်း

Tesla Model 3 ဟာ compact sedan ပုံစံဖြစ်ပြီး အရွယ်အရပြောရမယ်ဆိုရင် Honda Civic တို့ Toyota Vios တို့ကြားမှာရှိပါတယ်။ ဒါပေမဲ့ အတွင်းခန်းကတော့ ပိုကျယ်ပါတယ်။ ပိုကျယ်တယ်ဆိုပေမဲ့ ရှေ့ခန်းမှာစီးနင်းသူတွေအတွက်ကတော့ လုံးဝကို သက်သောင့်သက်သာပါပဲ။ ဒီလိုပြောလို့ နောက်ခန်းကျဉ်းတယ်လို့လည်း မဆိုလိုပါဘူး။ ဦးခေါင်းနေရာလွတ်နည်းနည်း နည်းတယ်လို့ခံစားမိပေမဲ့ လွတ်တာကတော့ လွတ်တယ်။ နောက်ခန်းမှာ သုံးယောက်စီးနင်းမယ်ဆိုရင်တော့ ကျပ်တဲ့ခံစားမှုကိုရမှာပါ။ ထိုင်ခုံတွေက အရည်အသွေးကောင်းတဲ့ vegan leather (သက်သတ်လွတ်သားရေ/သားရေတု) တွေအသုံးပြုထားပြီး သားရေသားအစစ်လိုအရသာကိုပေးတဲ့အပြင် ထိုင်ရပြုရတာလည်း အံဝင်ခွင်ကျဖြစ်လှတာတွေ့ရတယ်။

သတိပြုမိတာကတော့ model 3 ရဲ့အတွင်းခန်းဟာ လုံးဝကိုရှင်းလင်းပြီး နှိပ်စရာခလုတ်အနည်းဆုံးကားတစ်စီးဖြစ်တယ်။ နှိပ်စရာခလုတ်အနည်းဆုံးဖြစ်တယ်ဆိုတာဟာ features တွေစုံစုံလင်လင်မပါဝင်ဘူးလို့ မဆိုလိုပါ။ Glovebox အဖွင့်ခလုတ်လိုမျိုးကစပြီး အရာအားလုံးနီးပါးကို 15-inch infotainment touch မျက်နှာပြင်ကပဲထိန်းချုပ်ပါတယ်။ ဥပမာ Climate control သာမက climate control swing ကိုပါ touch နဲ့ထိန်းချုပ်လို့ရတာဟာ တော်တော်လေးမိုက်တယ်။

“Infotainment မျက်နှာပြင်ရဲ့ရုပ်ထွက်၊ တုံ့ပြန်မှုပိုင်းက ထိပ်တန်းအဆင့်ရှိတယ်။​ မသိရင် iPad အကြီးစားတစ်ခုလို့တောင်ထင်ရတယ်။ Steering အနိမ့်အမြင့်၊ နောက်ကြည့်မှန်ချိန်တာ စတဲ့ adjustments တွေက infotainment ကနေ့တစ်ဆင့်သွားရမယ်။ တစ်ခုရှိတာက ဒီ Model 3 2018 မှာတော့ Android Auto နဲ့ Apple CarPlay သုံးလို့မရပါဘူး။ Smartphones တွေနဲ့ချိတ်ဆက်ချင်ရင်တော့ bluetooth နဲ့ချိတ်ဆက်အသုံးပြုလို့ရတယ်။ သီချင်းတွေဖွင့်လို့ရတယ်။​ ဖုန်းတွေဆက်လို့ရတယ်။ Navigation အတွက်ကတော့ infotainment မှာ built-in ပါဝင်ပြီးသားဖြစ်တဲ့အတွက် ဘာမှပူစရာမလိုပါဘူး။ အသံထွက်ပိုင်းအရည်အသွေးကောင်းပြီး အသံအတိုးအကျယ်နဲ့ တခြား adjustments တွေကို ချိန်ညှိဖို့အတွက် steering wheel မှာ mounted control လေးနှစ်ခုပါတယ်။ ရိုးတယ်။ ရှင်းတယ်။ ဒါပေမဲ့ အားလုံးထက်ပိုပြီးစုံစုံလင်လင်အသုံးပြုလို့ရအောင် ဖန်တီးထားတာတွေ့ရပါတယ်။”

လက်တွေ့ဆိုရင်

လက်တွေ့ပိုင်းအရရော ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ပါ Tesla က ကားတွေဟာစိတ်ချရပြီးသားပါ။ ကားမှမဟုတ်ပါဘူး။ ဘယ်လိုကုန်ပစ္စည်းထုတ်လုပ်ရေးမှာမဆို ထုတ်လုပ်သူတွေဟာ လူသားတွေရဲ့ ယေဘုယျအမူအကျင့်တွေကို လေ့လာပြီး လူသားတွေအတွက် ပိုမိုအဆင်ပြေချောမွေ့တဲ့နည်းလမ်းတွေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေအကိုအသုံးပြုနိုင်အောင်လို့ သူ့ထက်ငါတွက်ချက်ထုတ်လုပ်ကြရတယ်။​ Tesla ကတော့ အများထက်ပိုပြီးစဉ်းစားနိုင်စွမ်းရော၊ နည်းပညာပိုင်းကြွယ်ဝမှုမှာပါ ပိုမိုသာလွန်တဲ့အတွက် ရှေ့ကိုရောက်လာရတာပါ။

“တစ်ခုကလေးဆိုးတာကတော့ boot နဲ့ နောက်မှန်ဒီဇိုင်းလို့ ပြောလို့ရတယ်။ နောက်မှန်အောက်ခြေရဲ့ ရေခံမြောင်းဟာ လုံလောက်မှုမရှိတဲ့အတွက် မိုးများတဲ့အချိန် နောက်ဖုံးကိုဖွင့်လိုက်မယ်ဆိုရင် နောက်ပစ္စည်းထားခန်းထဲကို နောက်မှန်ပေါ်က မိုးရေတွေ ခပ်များများစီးကျလာနိုင်တဲ့အနေအထားမှာရှိနေတယ်။”

ပစ္စည်းဝင်ဆံ့မှုအပိုင်းကိုကြည့်မယ်ဆိုရင်တော့ ဒီလောက်အရွယ်အစားကားအတွက် မဆိုးပါဘူးလို့ပြောလို့ရတယ်။​ ပိုကောင်းတဲ့အချက်က ရှေ့ဖုံးအောက်မှာလည်း ပစ္စည်းထားစရာနေရာနောက်တစ်ခုရှိနေတာပါ။ အင်ဂျင်မပါတဲ့ကားတစ်စီးအနေနဲ့ သာမန်ကားတွေအတွက် အင်ဂျင်ထားစရာနေရာက သူ့အတွက်တော့ ပစ္စည်းပစ္စယထားစရာ နေရာလွတ်ဖြစ်နေတော့တာပါပဲ။

သဘောကျစရာကောင်းတဲ့အချက်ကတော့ ကိုယ့်ရဲ့ smartphone ကို ကားသော့လို့အသုံးပြုလို့ရတာပါ။ အသုံးပြုချင်တယ်ဆိုရင်တော့ Tesla app ကို download ရယူပါ။ ကိုယ်ပိုင် account အကောင့်တစ်ခုဖွင့်ပါ။ (မြန်မာနိုင်ငံကနေဖွင့်ဖို့တော့ အခက်အခဲရှိနိုင်ပါတယ်)။ အဲဒီ account နဲ့ဝင်ပါ။ Tesla app ထဲက PHONE KEY ဆိုတဲ့နေရာကို set up လုပ်ဖို့ဝင်ပါ။ Set up your phone as a key? ဆိုပြီးပေါ်လာပါလိမ့်မယ်။ မေးခွန်းအောက်က START ဆိုတာလေးကိုနှိပ်ပါ။ အဲဒီ START ကိုနှိပ်ဖို့အတွက် ပြုလုပ်လိုသူဟာ ကားထဲမှာရှိနေရမှာဖြစ်ပြီး Tesla မှာပါတဲ့ key card နှစ်ခုထဲက တစ်ခုရှိနေဖို့လည်းလိုပါတယ်။ ပြည့်စုံပြီဆိုရင်တော့ START ကိုနှိပ်ပါ။ Searching ဖြစ်သွားပါလိမ့်မယ်။ Key card ကိုဖုန်းနားကပ်ပြီးနောက် cup holder ရဲ့နောက်နားလေးမှာ ချထားလိုက်ပါ။ စက္ကန့်ပိုင်းအတွင်း DONE ဆိုပြီး ဖုန်းမှာပေါ်လာပါလိမ့်မယ်။ နှိပ်ပစ်လိုက်ပါ။​ ဒါပါပဲ။ ဖုန်းနဲ့ ကား အောင်အောင်မြင်မြင်ချိတ်ဆက်ပြီးသွားပါပြီ။ ဒီလိုချိတ်ဆက်ပြီးသွားရင်တော့ ဖုန်းကို remote control သဘောမျိုးနဲ့ ကားကို ရှေ့တိုးနောက်ဆုတ်လုပ်တာမျိုးအထိ လုပ်လို့ရလာမယ်။ အရမ်းကျပ်တဲ့ကားပါကင်တွေမှာ ကားကြားထဲကိုယ်တိုင်ဝင်စရာမလိုဘဲနဲ့ ဖုန်းကလေးကိုထုတ်ပြီး ကိုယ့်ရဲ့ကားကို ပါကင်ထဲက စတိုင်ကျကျဆွဲထုတ်ပြီးမှ တက်မောင်းလို့ရတာပေါ့။ တစ်ခုရှိတာက မြန်မာနိုင်ငံမှာ သုံးလို့ ရ/မရတော့ Tesla တိုင်းအတွက် မသေချာပါဘူး။ တကယ်လို့သာ ကိုယ့်ကားနဲ့ ကိုယ့်ဖုန်းချိတ်ဆက်ပြီးပြီဆိုရင်တော့ ဖုန်းရဲ့ bluetooth ကိုသာဖွင့်ထား။ ကားကဖုန်းရဲ့ bluetooth ကိုဖတ်လို့ရတဲ့အကွာအဝေးကိုရောက်ပြီဆိုတာနဲ့ ကားတံခါးကိုဆွဲဖွင့်လိုက်ရုံပါပဲ။ တစ်ခုတော့ရှိပါတယ်။ ကားမောင်းမယ်ဆိုရင်တော့ ဖုန်းပါ ကားထဲမှာပါလာဖို့လိုတာပေါ့။ BMW X5 2019 မှာလည်း ဖုန်းကို key fob အဖြစ်သုံးလို့ရတဲ့ feature ပါ ပါတယ်။ ဒါပေမဲ့ BMW က bluetooth အစား NFC နဲ့ချိတ်ဆက်အသုံးပြုတာဖြစ်တဲ့အတွက် ကားတံခါးကိုဖွင့်တော့မယ်ဆိုရင် ဖုန်းကို အိတ်ထဲကနေ ဆွဲထုတ်ပြီးတံခါးနားမှာပြဖို့ တော့လိုအပ်မှာပါ။ လက်တွေ့ဘဝမှာ ရိုးရှင်းပြီး မဖြစ်မနေလုပ်ဆောင်စရာတွေ အများကြီးနည်းသွားအောင် ဖန်တီးပေးနိုင်တဲ့ Tesla ရယ်ပါ။

မောင်းနှင်မှု

Tesla တစ်စီးကိုမောင်းနှင်ရတာဟာ ဘာနဲ့မှမတူတာကသေချာပါတယ်။ ကားဘီးလိမ့်တဲ့အချိန် ဘာသံမှမကြားရတာဟာလည်း စစခြင်းတက်မောင်းသူအတွက်တော့ “ဟာ…..” ဆိုပြီးဖြစ်သွားနိုင်တဲ့အကွက်။ ဒါပေမဲ့ ဒီလိုဘာသံမှမထွက်၊ ဘာဆီမှမကုန်တဲ့ကားတစ်စီးဟာ accelerator ကိုတစ်ချက်လောက်တော့လိုက်ရင်တောင်မှ တစ်နာရီ မိုင် ၅၀ နှုန်းကိုရနိုင်တာမျိုး။

Tesla ကိုဝယ်ယူမယ်ဆိုရင် key fob လို့ခေါ်တဲ့ ကားပုံစံအသေးစား key တစ်ခုနဲ့ credit card နဲ့ဆင်တဲ့ key card က နှစ်ခုရရှိမှာဖြစ်ပါတယ်။ မောင်းတော့မယ်ဆိုရင်တော့ အဲဒီ key သုံးခုထဲက တစ်ခုကို center console ရဲ့ cup holder နောက်နားလေး ဒါမှမဟုတ် cup holder ထဲမှာထားပြီး brake ကိုနင်းလိုက်ပါ။ ပြီးရင် လက်ကိုင်ခွေနောက်က gear ကို နောက်ဆုတ်မယ်ဆိုရင် အပေါ်၊ ရှေ့ကိုသွားမယ်ဆိုရင် အောက်ကို တစ်ချက်ဖိပြ accelerator ကိုနင်းလိုက်ရုံပါပဲ။ ဘာသံမှမကြားရတဲ့ ခင်ဗျားရဲ့ Tesla စထွက်ပါပြီ။

“ဒီနေရာမှာ accelerator ကိုဖိပြီးမနင်းလိုက်ဖို့တော့ သတိပေးပါရစေ။ Tesla ရဲ့ accelerator နည်းနည်းလေးဖိနင်းလိုက်ရုံနဲ့ ဘေးကလိုက်တဲ့သူတွေအားလုံး ‘ဟိုက်’ ကနဲဖြစ်သွားရအောင်ကိုမြန်ပါတယ်။”

Tesla Model 3 Long Range ရဲ့ အရှိန်တင်နိုင်စွမ်းဟာ 0-60mph ကို 4.4-second ပဲကြာပါတယ်။ Tesla Model 3 ကိုစမ်းသပ်မောင်းနှင်ရင်း သဘောကျမိတာတစ်ခုကတော့ Regenerative Braking စနစ်ပါ။ သူ့မှာက STANDARD နဲ့ LOW ဆိုပြီးနှစ်မျိုးရှိပါတယ်။ LOW ကတော့ သာမန်ကားလိုမျိုးပဲဖြစ်ပြီး STANDARD ကတော့ accelerator ကိုလွှတ်လိုက်တာနဲ့ ကားကတုံ့သွားမှာဖြစ်ပြီး အဲဒီအချိန်လေးမှာပဲ ကားဘက်ထရီကို charging လည်းဝင်မှာပါ။​ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိတ်ချရသလို စွမ်းအင်လည်းပြန်လည်ဖြည့်တင်းရာရောက်တဲ့အတွက် သဘောကျစရာကောင်းလှပါတယ်။ နောက်ထပ်သဘောကျစရာကောင်းတာက Tesla ရဲ့ အဓိကစွမ်းအင် ဘက်ထရီထားရာနေရာ ဖြစ်ပါတယ်။ ဘက်ထရီဟာ ကားအောက်ကြမ်းပြင် တစ်လျှောက်မှာရှိနေတာဖြစ်တဲ့အတွက် အလေးချိန်က balance အရမ်းဖြစ်ပြီး မြန်နှုန်းမြင့်မောင်းနှင်ရာမှာ တည်ငြိမ်မှုအထူးရရှိစေပါတယ်။

Tesla ဖြစ်တဲ့အတိုင်း မောင်းနှင်မှုအပိုင်းမှာ မဖြစ်မနေ ထည့်သွင်းပြောရမှာက Autopilot ဖြစ်ပါတယ်။ အလိုအလျောက်မောင်းနှင်တဲ့စနစ်ပါ။ အသုံးပြုချင်တယ်ဆိုရင်တော့ ပထမဆုံးလုပ်ရမှာက

“Infotainment မျက်နှာပြင် ဘယ်အောက်ထောင့်က car ပုံစံ icon လေးကိုနှိပ်ပါ။ ပြီးရင် steering icon ဘေးက Autopilot ကိုရွေးပါ။ Autopilot ထဲက Autosteer နဲ့ Navigate on Autopilot ကို on ပေးပါ။ Autosteer နဲ့ Naviagte on Autopilot အောက်က CUSTOMIZE NAVIGATE ON AUTOPILOT မှာလည်း Autopilot mode အတွက် လိုသလိုထပ်မံချိန်ညှိလို့ရပါသေးတယ်။ တစ်ခုရှိတာက Autopilot ကို on ဖို့အတွက် ကားရဲ့ gear ဟာ P မှာရှိနေဖို့လိုပါတယ်။ ဒါတွေဖွင့်ပြီးသွားရင်တော့ Autopilot အသုံးပြုဖို့အတွက် ကားစမောင်းလို့ရပါပြီ။"

မောင်းနေရင်း Autopilot ပြောင်းချင်တယ်ဆိုရင်တော့ gear shifter ကို အောက်ကို နှစ်ချက်ဆွဲချလိုက်ရုံပါပဲ။ ပထမတစ်ချက်ဆွဲချလိုက်ရင် adaptive cruise control ပွင့်သွားမှာဖြစ်ပြီး နောက်တစ်ချက်ကတော့ Autosteer အတွက်ပါ။ Autosteer ပွင့်သွားရင် infotainment မျက်နှာပြင်ပေါ်က steering icon လေးက အပြာရောင်ပြောင်းသွားပြီး Autopilot နဲ့မောင်းနှင်မှုစတင်ပါပြီ။

Autopilot နဲ့မောင်းနှင်နေချိန်အတွင်း မောင်းနှင်သူရဲ့လက်ဟာ steering ဘီးကို ကိုင်ထား/မထား ကားကအမြဲစောင့်ကြည့်နေမှာဖြစ်ပါတယ်။ တကယ်လို့ မောင်းနှင်သူဟာ လက်ကိုင်ခွေကို ကိုင်ပြီးနည်းနည်းလေးလှုပ်လိုက်တယ်ဆိုရင်ပဲ Tesla ရဲ့စနစ်ကသိသွားပေမဲ့ ယာဉ်မောင်းသူရဲ့လှုပ်ရှားမှုကို ဆက်လက်စောင့်ကြည့်နေဦးမှာပါ။ အဲဒါကိုမှဆက်ကိုင်ထားဦးမယ်ဆိုရင် infotainment မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ အပြာရောင်မီးကလေး မှိတ်တုတ်မှိတ်တုတ်သမ်းလာမှာပါ။ ဒီထက်နည်းနည်းပိုကြာသွားမယ်ဆိုရင်တော့ Autosteer mode ကပြုတ်သွားမှာဖြစ်ပါတယ်။

Steering ညာဘက်ခြမ်းက mounted ဘီးနဲ့ မြန်နှုန်းအနိမ့်အမြင့်ကို အတင်အချပြုလုပ်နိုင်ပြီး အဲဒီဘီးကို ဖိနှိပ်ပြီးနောက် ကိုယ်လိုက်မယ့်ကားနဲ့ အကွာအဝေးကိုလည်းချိန်နိုင်ပါသေးတယ်။ ဒါ့အပြင် အမြန်နှုန်းကို infotainment မှာပါတဲ့ speed limit sign ကိုထောက်ထောက်ပြီးလည်း ပြောင်းလို့ရပါတယ်။

Autopilot ဟာ အဝေးပြေးလမ်းတွေမှာမောင်းနှင်တဲ့အခါ သိပ်အသုံးဝင်သလို၊ bumper-to-bumper ကပ်နေတဲ့ ကားကြပ်တဲ့ယာဉ်ကြောတွေမှာလည်းသုံးလို့ရပါတယ်။

“သတိပေးလိုတာကတော့ Autopilot နဲ့မောင်းနှင်မှုမှာ အကြောင်းအမျိုးမျိုးကြောင့် ချို့ယွင်းမှုတစ်ခုခုသာဖြစ်ခဲ့မယ်ဆိုရင် ထိခိုက်မှုကြီးကြီးမားမားရှိနိုင်တာပါ။ Autopilot နဲ့မောင်းနှင်ပြီး ပစ်ထားလို့ရပေမဲ့ သတိလက်လွတ် ပစ်မထားတာကတော့ အကောင်းဆုံးပါပဲ။ အချိန်ကြာမြင့်စွာမောင်းနှင်တဲ့အခါမျိုးမှာ တင်းကျပ်မှုတွေလျော့ပါးသွားအောင်လောက်ပဲ အသုံးပြုသင့်ပါသေးတယ်လို့ အလေးအနက်အကြံပြုလိုပါတယ်။ မြန်မာနိုင်ငံမှာတော့ Tesla တိုင်း Autopilot ရ/မရ မသေချာသေးပါဘူး။”

ပါဝင်တဲ့အချက်တွေ

Tesla Model 3 မှာက spec 3 မျိုးရှိပါတယ်။ Performance ၊ Long Range နဲ့ Standard Plus ဆိုပြီးတော့ပါ။ နှိုင်းယှဥ်ရမယ်ဆိုရင်

  • Performance : 0-60mph - 3.2-s ; range - 310-mile ; top speed ; 162-mph ; dual motor ; 20-inch wheels ; Premium Interior ; Onboard Charger Max - 11.5 kW max (48A)
  • Long Range : 0-60mph - 4.4-s ; range - 322-mile ; top speed ; 145-mph ; dual motor ; 18/19-inch wheels ; Premium Interior ; Onboard Charger Max - 11.5 kW max (48A)
  • Standard Plus : 0-60mph - 5.3-s ; range - 250-mile ; top speed ; 140-mph ; rear-wheel ; 18/19-inch wheels ; Partial Premium Interior ; Onboard Charger Max - 7.6 kW max (32A)

ဓါတ်ပုံ : ကောင်းတင့်

Author