Brand new ဈေးကွက်မှာ ဒီတစ်ပတ် လှုပ်ခတ်နေတဲ့ကားတစ်စီးကတော့ Mitsubishi ကထုတ်တဲ့ 2019 Xpander ဖြစ်ပါတယ်။ သူကတော့ အင်ဒိုနီးရှားနိုင်ငံက ထုတ်လုပ်တပ်ဆင်ထားတဲ့ ကားတစ်စီးဖြစ်ပြီး ခုံသုံးတန်း၊ လူခုနစ်ယောက်စီးကားတစ်စီးဖြစ်တာရယ်၊ နေရာကျယ်ကျယ်ဝန်းဝန်းရှိတာရယ်နဲ့ အများစုလက်လှမ်းမီတဲ့ ဈေးနှုန်းဖြစ်တာရယ်တို့ကြောင့် မိတ်ဆက်ပြီးမကြာခင်မှာပဲ မျှော်မှန်းထားတာထက်ကို ပိုရောင်းခဲ့ရတယ်လို့ သတင်းများအရ သိထားပါတယ်။ Mitsubishi Xpander 2019 အကြောင်း နည်းနည်လေးထပ်တူးကြည့်မယ်ဆိုရင်တော့......
ဈေးနှုန်း : $25,900 (Yangon License နှင့် Income Tax မပါ)
အားသာချက်
- Dynamic Shield နှင့်ကား၏ အရှေ့ပိုင်းရုပ်ထွက်
- မြန်မာစာပါဝင်သော ကောင်းမွန်သည့် Android OS သုံး Infotainment စနစ်
- ထင်မှတ်ထားသည်ထက်ပို၍ကောင်းမွန်သော မောင်းနှင်မှု
အားနည်းချက်
- ရန်ကုန်လိုင်စင် တစ်ပါတည်း ပါဝင်မှုမရှိခြင်း
- Digital air conditioning စနစ်မဖြစ်သေးခြင်း
- အတွင်းခန်းအရည်အသွေးပိုမိုကောင်းမွန်သင့်ခြင်း
သုံးသပ်ချက်

Mitsubishi အမှတ်တံဆိပ်နဲ့ပတ်သက်ရင် အရင်ဆုံးပြေးမြင်မိတာတော့ Pajero တွေပါပဲ။ သူ့ခေတ်နဲ့သူ့အခါ ရေပန်းစားမှုပမာဏ တော်တော်လေးကိုများပြားခဲ့တဲ့ကားတစ်စီးပါ။ နောက်ပိုင်းမှာတော့ Mitsubishi ရဲ့ ဂျပန်ပြည်တွင်းသုံးအမည် RVR သို့မဟုတ် နိုင်ငံတကာသို့ရောင်းချတဲ့နာမည် ASX ဟာလည်း လူကြိုက်များတဲ့ကားတစ်စီးဖြစ်လာ ပြန်ပါတယ်။ အခုသုံးသပ်တင်ပြမယ့် Xpander ရဲ့ဒီဇိုင်းပိုင်းကတော့ Pajero Sports ကိုအခြေခံပြီးတည်ဆောက်ထားတာပါ။
Xpander ကတော့ အများလက်လှမ်းမီနိုင်တဲ့ဈေးနှုန်းနဲ့ထွက်ရှိလာတဲ့ Mitsubishi ရဲ့ထုတ်ကုန်ဖြစ်တဲ့အပြင်ကိုမှ လက်ရှိမြန်မာနိုင်ငံမှာ လူကြိုက်များနေတဲ့ လူခုနစ်ယောက်စီး crossover ဆန်ဆန် MPV ကားတစ်စီးဖြစ်တာကြောင့် စတင်မိတ်ဆက်ပြီးနောက်ပိုင်းမှာပဲ သိပ်ကိုရောင်းအားကောင်းနေတာ ဖြစ်ပါလိမ့်မယ်။
အရွယ်အစားအရ ကြည့်မယ်ဆိုရင် အရှည် 4,475mm x အကျယ် 1,750mm x အမြင့် 1,700mm ရှိတဲ့ Xpander ဟာ မြန်မာနိုင်ငံအတွင်း ရေပန်းစားလှတဲ့ အရှည် 4,435mm x အကျယ် 1,695mm x အမြင့် 1,705mm ရှိတဲ့ Toyota ရဲ့ Rush နဲ့ အရှည် 4,395mm x အကျယ် 1,735mm x အမြင့် 1,690mm ရှိတဲ့ Suzuki Ertiga တို့ထက်မဆိုစလောက် ပိုကြီးတယ်လို့ဆိုနိုင်ပါတယ်။
ရုပ်ထွက်ပိုင်းအရ နံဘေးနဲ့ အနောက်ပိုင်းမှာက သိပ်မသိသာလှပေမဲ့ အရှေ့ပိုင်းကကြည့်မယ်ဆိုရင်တော့ Mitsubishi ရဲ့ Dynamic Shield ကြောင့် မီးကြီးနဲ့အချက်ပြမီးတွေဟာ bumper ရဲ့ ဘေးအလယ်နေရာလောက်ကိုရောက်သွားပြီးအပေါ်က position lamps ၊ အလယ်မှာက မီးကြီးနဲ့အချက်ပြမီး၊ သူ့အောက်မှာက fog lamps နဲ့အတူ မီးလုံးတွေ ပတ်ထားတဲ့ grille ပုံစံကြောင့် ဆန်းသစ်တဲ့ခံစားမှုကို ရရှိစေမှာပါ။ မီးကြီးအနေနဲ့ အခုအချိန်အထိ reflector မီးကိုအသုံးပြုနေသေးတာကိုတော့ အားနည်းချက် အငယ်စားတစ်ခုအဖြစ်မြင်မိပါတယ်။ အနောက်ဘက် L ပုံစံ မီးတွေကတော့ LED မီးတွေဖြစ်ပြီး ပုံစံပိုင်းအရလည်း ဆွဲဆောင်မှုရှိပါတယ်။
“အင်ဒိုထုတ် Mitsubishi Xpander 2019 ကို စာတစ်ကြောင်းတည်းနဲ့ သုံးသပ်ပြပါဆိုရင်တော့ ‘ခေတ်စနစ်နဲ့ လျော်ညီပြီး စီးပျော်တဲ့ကားတစ်စီးပါ။’ လို့ ဆိုလို့ရပါတယ်။” မိသားစုဝင်များများနဲ့ ဟိုဟိုဒီဒီသွားရာမှာပဲဖြစ်ဖြစ် ခရီးဝေးသွားဖို့ပဲဆိုဆို အသုံးတည့်မယ့်ကားဖြစ်တာကြောင့် လိုအပ်ချက်နဲ့ကိုက်ညီမယ်ဆိုရင်တော့ လက်လွှတ်မခံသင့်တဲ့ ကားအမျိုးအစားပါ။”
အတွင်းခန်း

အတွင်းခန်းနဲ့ပတ်သက်ပြီး အကြိုက်ဆုံးကို အရင်ဖေါ်ပြချင်ပါတယ်။ 10-inch infotainment display ပါ။ Android OS ကိုအသုံးပြုပေးထားပြီး မြန်မာနိုင်ငံအတွက် မြန်မာစာစနစ် အထောက်အပံ့ပေးပါတယ်။ Screen ရဲ့ Resolution ဟာ ကြည်လင်ပြတ်သားမှုရှိပြီး touchscreen ရဲ့တုံ့ပြန်မှုကလည်းကောင်းပါတယ်။ ဂြိုဟ်တုလမ်းညွှန်အနေနဲ့ infotainment စနစ်ထဲက Google map မှာတစ်ပါတည်းအသုံးပြုနိုင်တဲ့အတွက် တော်တော်ကိုလေးအဆင်ပြေစေတာပါ။
ထိုင်ခုံတွေကတော့ တန်းတူအခြားအမျိုးအစားတွေနဲ့သိပ်မကွာပါဘူး။ ဒါပေမဲ့ အကောင်အနည်းငယ်ပိုကြီးတဲ့ ကားဖြစ်တာနဲ့အညီ ထိုင်ရပြုရ အနည်းငယ်ပိုမိုကျယ်ဝန်းတယ်လို့ ခံစားရပါတယ်။ Air conditioning ကတော့ အရှေ့ခန်းအတွက်ရော အနောက်ခန်းအတွက်ပါ လေပေါက်တွေ တပ်ဆင်ပေးထားပေမဲ့ အရှေ့ air conditioning က လေအေးတွေကို အလယ်ပန်ကာကနေတစ်ဆင့် အနောက်ခန်းထဲကို ပို့ပေးတာမျိုးပါ။ နောက်တစ်ချက်က air conditioning ဟာ digital လည်းမဖြစ်သေးပါဘူး။
“ဘယ်လိုပဲဖြစ်ဖြစ် Mitsubishi Xpander အသစ်ရဲ့ အတွင်းခန်းဟာ သူ့ဈေးတန်းနဲ့သူ ထိုက်တန်မှုရှိတာတော့အမှန်ပါပဲ။ 10-inch Andoriod OS သုံး infotainment မျက်နှာ ပြင်ကတော့ Xpander အသစ်ရဲ့အတွင်းခန်းမှာ ဆွဲဆောင်မှုအရှိဆုံးအရာလို့ ပြောလို့ရပါတယ်။”
လက်တွေ့ဆိုရင်

Mitsubishi Xpander အသစ်မှာက daytime running lamps မဟုတ်ဘဲ position lamps ဆိုပြီး အရှေ့တစ်ဖက်တစ်ချက်စီမှာ အဖြူရောင်မီးတန်းလေးတွေ တပ်ဆင်ပေးထားပါတယ်။ ဒီ position lamps ကိုတော့ ကားတွေတအားများတဲ့ car parking တွေမှာ ကားပျောက်တဲ့အချိန် ရှာဖွေဖို့အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ Keyless entry key က ခလုတ်ကို နှိပ်လိုက်လျှင် တစ်ခါနှိပ်လိုက်တိုင်း positiion lamps ကနေ 30-second ကြာ မီးလင်းလာပြီး ကားရဲ့နေရာကိုပြသပေးမှာပါ။
“တကယ်လို့သာ အခုလတ်တလောအတွင်း $500 လောက်ထပ်မံအကုန်အကျခံမယ်ဆိုရင်တော့ original body kit နဲ့ ပိုမိုဆွဲဆောင်အားရှိတဲ့ Xpander ကိုရရှိနိုင်မှာ ဖြစ်တဲ့အပြင် လက်အသုံးပြုစရာမလိုဘဲ ခြေထောက်ပြပြီး ကားအနောက်ဖုံးကိုဖွင့်နိုင်တဲ့ feature ကိုပါ ရရှိနိုင်ပါလိမ့်မယ်။”
Safety ပိုင်းအနေနဲ့ လေအိတ် နှစ်လုံးပဲတပ်ဆင်ပေးထားတာတွေ့ရပါတယ်။ ယာဉ်မောင်းသူနဲ့ ယာဉ်မောင်းသူဘေးထိုင်ခုံတွေမှာပါ။ အရေအတွက်ပိုပြီးပါမယ်ဆိုရင်တော့ ပိုပြီးပြည့်စုံပါလိမ့်မယ်။ ISOFIX တပ်ဆင်ပေးထားခြင်းမရှိတာကတော့ ကလေးငယ်ရှိတဲ့ မိသားစုတွေအတွက် အခက်အခဲအနည်းငယ်ရှိပါလိမ့်မယ်။ ရုတ်တရက် ဘရိတ်နင်းရာမှာ ကားရဲ့အမြန်နှုန်းကို တိကနဲ ရပ်မပစ်ဘဲ အမြန်နှုန်းကို ယာဉ်မောင်းသူရဲ့ လက်ကိုင်ထိန်းချုပ်မှုနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် အထောက်အပံ့ပေးနိုင်တဲ့အတွက် ချော်ထွက်မှုရာနှုန်းကိုလွန်စွာနည်းပါးစေတဲ့ Anti-lock Braking System (ABS) ၊ ကားရဲ့ဖိအားနဲ့ အမြန်နှုန်းအပေါ်မူတည်ကာ ကားဘီးတွေအပေါ် ဘရိတ်အကျိုးသက်ရောက်မှုအနည်းအများ ချိန်ညှိပေးနိုင်တဲ့အတွက် အကွေ့လိုမျိုးနေရာတွေမှာ အကောင်းဆုံးထိန်းညှိထောက်ပံ့ပေးနိုင်တဲ့ Electronic Brakeforce Distribution (EBD) ဘရိတ်စနစ်တွေတပ်ဆင်ပေးထားတာကတော့ နှစ်သက်စရာပါပဲ။
“ပြောရမယ်ဆိုရင် Mitsubishi ရဲ့ Xpander 2019 ဟာ ကလေးနှစ်ယောက်နဲ့အထက်ရှိတဲ့ မိသားစုတွေအတွက် တော်တော်လေးကို ကောင်းကောင်းမွန်မွန် သွားဖို့လာဖို့ အသုံးတည့်တဲ့ကားတစ်စီးဖြစ်ပါတယ်။ အနောက်ပစ္စည်းထားခန်းကလည်း လုံလုံလောက်လောက်ကျယ်ဝန်းတယ်။ ပိုမိုတဲ့ နေရာလွတ်လိုအပ်ချက်အတွက်ဆိုရင် ခုံတန်းက နှစ်တန်းတောင်မှ ခေါက်လို့ရမှာ ဖြစ်တဲ့အတွက် တော်တန်ရုံဘယ်လိုပစ္စည်းမျိုးမဆို ဝင်ဆံ့မှုရှိမှာ သေချာပါတယ်။”
မောင်းနှင်မှု

“လက်တွေ့မောင်းနှင်ကြည့်ရတာက The One Entertainment Park ကွင်းထဲမှာပါ။ မိုးတွေတော်တော်ရွာနေတဲ့အချိန်ပတ်မောင်းကြည့်ရတာ ဖြစ်ပါတယ်။ အဆွဲအရုန်းကောင်းတယ်။ အကွေ့အဝိုက်တွေမှာလည်း steering က ထိန်းချုပ်မှုအပိုင်း ကောင်းမွန်တာတွေ့ရတယ်။ အရှိန်နဲ့မောင်းနှင်ပြီး ဘရိတ်ဆောင့်နင်းမှုအပိုင်းမှာလည်း မောင်းကြည့်ရသလောက်တော့ ယိမ်းတာယိုင်တာမျိုးသိပ်မရှိတာကိုတွေ့ရပါတယ်။”
Mitsubishi Xpander 2019 မှာအသုံးပြုထားတဲ့ အင်ဂျင်ကတော့ 1.5-litre ဓါတ်ဆီအင်ဂျင်နဲ့ဖြစ်ပြီး အမြင့်ဆုံးပါဝါထုတ်လွှတ်မှုအနေနဲ့ 105hp အထိထုတ်လွှတ်ပေးနိုင်ပါတယ်။ ဆီစားနှုန်းကတော့ 21.7 L/100km ရှိတာကြောင့် 4.6 km/L အထိရှိနေတာတွေ့ရပါတယ်။ အဝေးပြေးလမ်းမတွေပေါ်မှာတော့ ဒီထက်ပိုပြီး ဆီစားသက်သာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
တပ်ဆင်ပေးထားတဲ့ ဘီးတွေက 16-inch အလွိုင်းခွေတွေနဲ့ဖြစ်ပြီး အောက်ပိုင်းအနေနဲ့ကတော့ အရှေ့မှာ MacPherson strut with coil spring & stabilizer နဲ့ အနောက်မှာ Torsion beam rigid နဲ့ဖြစ်ပါတယ်။ ငြိမ့်ညောင်းမှုရှိပေမဲ့ ဇိမ်ကျလှတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ပေးရတဲ့ဈေးနဲ့ဆိုရင်တော့ လက်ရှိဈေးကွက်အခြေအနေအရ ထိုက်တန်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။
Turning radius အနေနဲ့ 5.2-meter အထိကွေ့ဝိုက်နိုင်စွမ်းရှိတဲ့အပြင် steering ကလည်း ပေ့ါပါးမှုရှိတာကြောင့် ဂငယ်ကွေ့တွေကို ပေ့ါပေါ့ပါးပါးကွေ့ဝိုက်နိုင်စွမ်းရှိတာတွေ့ရပါတယ်။ Ground clearance အနေနဲ့ 8-inch ကျော်ကျော်ရှိတာမို့လို့ ကြမ်းတမ်းတဲ့လမ်းတွေနဲ့ မြို့တွင်းရေတက်နေတဲ့ အခြေအနေမျိုးတွေမှာ Crossover တစ်စီးလို သာသာယာယာ ဖြတ်ကျော်မောင်းနှင်လို့ရပါတယ်။ 4-speed automatic transmission နဲ့ဆိုပေမယ့် ဂီယာအကူးအပြောင်းညက်ညောတာတွေ့ရပါတယ်။ ဒါပေမဲ့ 6-speed automatic transmission ကလေးနဲ့ဆိုရင်တော့ ပိုမိုပြည့်စုံတဲ့ မောင်းနှင်မှုအရသာကလေးကို ရရှိနိုင်မှာဆိုပြီး မျှော်လင့်မိတော့တာပါပဲ။
ပါဝင်တဲ့အချက်တွေ



MODEL YEAR - 2019
Drive System : 2WD CVT
Grade : GLS
ENGINE
Type : 1.5L
Max. Output (EEC net) : 77/6,000
MAx. Torque (EEC net) : 141/4,000
Fuel Type : Unleaded Gasoline/RON & over
Fuel System : ECI-MULTI
Fuel Tank Capacity : 45 liters
TRANSMISSION
Type : 4-Speed Automatic Transmission , 16-valve DOHC MIVEC



BRAKES
Front : Ventilated Discs (15-inch)
Rear : Drum (Leading & Trailing, 9-inch)
PERFORMANCE
Max. Speed : 160 km/h
Min. Turning Radius : 5.2m
DIMENSIONS & WEIGHTS
Overall Length : 4,475mm
Overall Width : 1,750mm
Overall Height : 1,700mm
Wheelbase : 2,775mm
Min. Ground Clearance : 205mm
TIRES and WHEEL
Front and Rear : 205/55R16 91V+ 16-inch Alloy Wheels
SUSPENSIONS
Front : MacPherson Strut with Coil Spring & Stabilizer
Rear : Torsion Beam Rigid






စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Mitsubishi Motors Myanmar အား အထူးပင်ကျေးဇူးတင်ရှိလျက်......