မြို့တွင်း၊ မြို့ပြင် ဘယ်နေရာသွားသွား သွက်သွက်လက်လက်ရှိတဲ့ Ford ရဲ့ EcoSport အသစ် 2019 ဟာ လက်ရှိကားသစ်ဈေးကွက်အတွင်း လူကြိုက်များတဲ့ဈေးနှုန်းဝန်းကျင်နဲ့ထွက်ရှိလာတာပါ။ ကားရဲ့ပုံစံဟာ နှစ်သက်စရာကောင်းပြီး မောင်းရတာလည်းပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ အထိအတွေ့နည်းတဲ့နေရာတွေမှာတော့ smart ကျကျ အရည်အသွေးပိုင်း လျှော့ထားတာတွေ့ရပါတယ်။
ဈေးနှုန်း : $28,900 (Yangon License နှင့် Income Tax မပါ)
အားသာချက်
- Compact SUV တစ်စီးအနေနဲ့ နှစ်လိုဖွယ်ရာ ရုပ်ထွက်ပိုင်ဆိုင်ထားခြင်း
- မည်သူအတွက်ကိုမဆို အသုံးပြုရန်လွယ်ကူသည့် အတွင်းပိုင်းအပြင်အဆင်ရှိခြင်း
- သတိပြုမိနိုင်သည်အထိ သွက်လက်စွာမောင်းနှင်နိုင်ခြင်း
အားနည်းချက်
- Cruise Control မပါဝင်ခြင်း
- အနည်းငယ်ခုန်သော suspension
- ပိုမိုကောင်းမွန်သော အတွင်းခန်းကိုမျှော်လင့်မိခြင်း
သုံးသပ်ချက်

EcoSport အသစ်ဟာ မျိုးဆက်အဟောင်းတွေလိုပဲ၊ သေးသေးငယ်ငယ်နဲ့ချစ်ဖို့ကောင်းတယ်။ Compact SUV ဖြစ်တဲ့အတွက် ကားနှစ်စီး မဆံ့တဆံ့အနေအထားမျိုးရှိတဲ့ လမ်းငယ်တွေကို စိတ်ချလက်ချမောင်းနှင်နိုင်ပြီး ကျဉ်းမြောင်းတဲ့ မြို့တွင်းကားပါကင်တွေမှာလည်း သက်သက်သာသာထိုးလို့ရမှာပါ။
EcoSport အသစ်ကို အရှေ့ဘက်ကကြည့်မယ်ဆိုရင် chrome တန်းတွေနောက်မှာ Ford အမှတ်တံဆိပ်နဲ့ အမည်းရောင် grille ရယ်၊ စုံလင်တဲ့ ခေတ်မီမီးလုံးဖွဲ့စည်းပုံရယ်၊ သပ်ရပ်တဲ့ bonnet ပုံစံရယ်၊ ရှင်းလင်းကျယ်ပြန့်တဲ့ အရှေ့လေကာမှန်ရယ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ နှစ်လိုဖွယ်ရာကားတစ်စီးရဲ့အရှေ့ပိုင်းရုပ်ထွက်ကို ရရှိလာစေတယ်။ High beam (မီးစအကြီး) ကတော့ quad beam projector ဖြစ်ပြီး low beam (မီးစအသေး) ကတော့ halogen reflector ပါ။ ထောင့်ချိုးပုံစံ Daytime running lamps တွေကတော့ LED တွေဖြစ်ပြီး Indicator (အချက်ပြမီး) နဲ့ fog lamp (နှင်းခွဲမီး) ကတော့ headlamps တွေရဲ့အောက်မှာရှိပါတယ်။
“EcoSport ကိုနံဘေးကကြည့်မယ်ဆိုရင် တော်တော်လေး sporty ဆန်တာတွေ့ရမယ်။ အကြိုက်ဆုံးတစ်ချက်ကကော့ တံခါးပေါက်တွေရဲ့အခြေမှာ ပလတ်စတစ်ကာဗာတပ်ဆင်ပေးထားတာပါပဲ။ ကတ္တရာကြေးတွေအများဆုံးကပ်နိုင်တဲ့နေရာ ဖြစ်တာမို့လို့ ဆေးသားထိခိုက်မှုကနေကာကွယ်ထားပြီးသားဖြစ်စေပါတယ်။ နောက်တစ်ခုက Ford ဖြစ်တဲ့အတိုင်း နံဘေးနောက်ကြည့်မှန်တွေအောက်မှာ puddle light တပ်ဆင်ပေးထားတာပါ။ ကားပေါ်အတက်အဆင်း ဗွက်ထဲနင်းမိတာမျိုးတွေဘာတွေကို ရှောင်ရှားနိုင်တာပေါ့။”
အနောက် boot တံခါးဟာ ဘေးဘက်ကိုဆွဲဖွင့်ရတာ ဖြစ်ပြီးအဲဒီတံခါးအပေါ်မှာတော့ ဘီးအပိုတပ်ဆင်ပေးထားတာတွေ့ရပါတယ်။ မကြိုက်တာတစ်ခုကတော့ spare wheel cover ပါ။ အဲဒီ spare wheel cover ရယ်၊ အမိုးတန်းနှစ်ချောင်းရယ်၊ ဆီတိုင်ကီအဖုံးရယ်က ကြည့်လိုက်မယ်ဆိုရင် သံထည်/သတ္ထုထည်လိုဖြစ်ပေမယ် တကယ့်တကယ်တမ်းက fiber အမာသားအသုံးပြုပေးထားတာတွေ့ရပါတယ်။ တစ်ခုတော့ရှိတယ်။ ဒီလိုမျိုးဆိုတာက နေ့စဉ်အသုံးပြုမှုအတွက်ကိုတော့ ဘာမှသိပ်မထိခိုက်နိုင်တဲ့အတွက် မဆိုးပါဘူးလို့တော့ ပြောလို့ရပါတယ်။ အနောက်မီးတွေကတော့ halogen reflector တွေသာ ဖြစ်ပြီး boot အဖုံးပေါ်မှာကတော့ရောင်ပြန်တွေသက်သက်ပါပဲ။ Reverse light (ဘက်ဂီယာမီး) ကတော့ Soueast DX3 လိုမျိုးတစ်ခုသာပါပါတယ်။
အတွင်းခန်း

ထိုင်ခုံတွေကိုဖုံးအုပ်ပေးထားတဲ့ သားရေတွေက သင့်တယ်။ ကြည့်လို့လည်းကောင်းသလို ထိုင်လို့လည်းကောင်းပါတယ်။ အရှေ့ထိုင်ခုံတွေက ထိုင်ရတာ ဇိမ်ပိုကျပြီး အနောက်ထိုင်ခုံတွေတာကတော့ ကျယ်ကျယ်ဝန်းဝန်းရှိပေမယ့် ထိုင်ရတာ နည်းနည်းတောင့်သလိုခံစားရပါတယ်။ Driver seat မှာကတော့ lumbar support ပါတဲ့အတွက် ခရီးဝေးတွေမောင်းတဲ့နေရာမှာ ပိုပြီးသက်သောင့်သက်သာ ဖြစ်စေမှာအမှန်ပါပဲ။ ဒါပေမဲ့ ထိုင်ခုံချိန်ညှိမှုတွေနဲ့ lumbar support အပါအဝင် အားလုံးဟာ manual တွေချည်းပါပဲ။ Electric motors တွေနဲ့မဟုတ်လို့ စိတ်တော့ခုစရာမလိုပါ။ Manual ဟာ အစိတ်အပိုင်းတော်တော်များများမှာတော့ motors တွေထက် ပိုပြီးမြန်အောင် ဆောင်ရွက်နိုင်ပါသေးတယ်။
သားရေသားအနေနဲ့က တံခါးလက်တင်နေရာတွေနဲ့ steering တွေကို ဖုံးအုပ်ပေးထားတာတွေ့ရပြီး ကျန်တဲ့အပိုင်းတွေမှာအသုံးပြုထားတဲ့ ပလတ်စတစ်တွေဟာလည်း အရည်အသွေးနိမ့်မဟုတ်ကြဘူး။ Steering ဘယ်ဘက်မှာ driver instrument panel ကိုထိန်းချုပ်နိုင်တဲ့ခလုတ်တွေတပ်ဆင်ပေးထားပြီး ညာဘက်ခြမ်းကတော့ ဖုန်းခေါ်ဆိုမှုတွေကိုထိန်းချုပ်နိုင်ပါတယ်။ ဒိုင်ခွက်တွေဘာတွေက နည်းနည်းသေးတယ်လို့ခံစားရပေမဲ့ steering ကြားထဲကနေလှမ်းကြည့်တဲ့အခါမှာ အားလုံးကိုရှင်းရှင်းလင်းလင်းမြင်ရတာ နှစ်သက်စရာပါ။ ဒါပေမဲ့ ဒိုင်ခွက်နှစ်ခုအကြားက ကားရဲ့အချက်အလက်တွေကိုပြသတဲ့ display က အရောင်တစ်ရောင်သာ ပြသပေးတာကိုတော့ အားနည်းချက်တစ်ခုအဖြစ်မြင်မိပါတယ်။ Infotainment ကတော့ အရောင်စုံပါတယ်။ 8-inch display ဖြစ်ပြီး တုံ့ပြန်မှုကောင်းတယ်။ Android Auto ရော Apple CarPlay ပါရတဲ့အတွက် ပြည့်စုံမှုရှိတယ်လို့ဆိုနိုင်ပါတယ်။
Air conditioning ပိုင်းအနေနဲ့ကတော့ Ford ရဲ့ EcoSport အသစ်မှာက အရှေ့အနောက်မပါသလို၊ dual zone လည်းမဖြစ်သေးပါဘူး။ ဒစ်ဂျစ်တယ်ဆန်တဲ့ manual air conditiong စနစ်ကိုပဲအသုံးပြုနိုင်မှာပါ။ သူ့ဘေးက glovebox မှာက ဖွင့်လိုက်ရင် လင်းလာတဲ့မီး တပ်ဆင်ပေးထားတာကတော့ ညဘက်နဲ့အလင်းရောင်အားနည်းတဲ့အချိန်တွေအတွက် အသုံးကျမှာသေချာပါတယ်။
အလယ် armrest center console ကနှစ်ထပ်ဖြစ်ပြီး အောက်အထပ်မှာ ကားသော့ ဘက်ထရီအားနည်းသွားရင် အားဖြည့်လို့ရတဲ့ နေရာကလေးပါ ပါတယ်။ အဲဒီနေရာလေးမှာ သော့ကိုထည့်ထားမယ်ဆိုရင် အားအနည်းငယ်ပြန်ပြည့်တယ်လို့ Ford ကဆိုပေမဲ့ လက်တွေ့တော့ မစမ်းကြည့်ခဲ့ရပါဘူး။
“EcoSport အသစ်ရဲ့အတွင်းခန်းကို အပြင်ပိုင်းရုပ်ထွက်နဲ့ ချိန်ထိုးပြီး ယေဘုယျသုံးသပ်ရရင်တော့ အပြင်ပိုင်းရုပ်ထွက်က ပိုသာတယ်လို့ခံစားရပါတယ်။ အတွင်းခန်းမှာ အကြိုက်ဆုံးအချက်ကတော့ Android Auto နဲ့ Apple CarPlay သုံးလို့ရတာပါ။ Audio ပိုင်းအနေနဲ့ကတော့ 6-speaker ပါဝင်ပြီး အသံထွက်လည်းကောင်းပါတယ်။”
လက်တွေ့ဆိုရင်

Ford EcoSport အသစ်ဟာ ရန်ကုန်လိုကားတွေမတရားများတဲ့မြို့လိုမျိုးမှာ များများစီးမယ်။ တစ်ခါတလေအမြန်လမ်းပေါ်ကိုတက်မယ်ဆိုတဲ့သူတွေအတွက် တော်တော်လေး အသုံးကျမယ့်အနေအထားမှာရှိပါတယ်။
အနောက်ထိုင်ခုံတွေဟာ ထိုင်ရတာနည်းနည်းလေးတောင့်ပေမဲ့ ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ အနောက်ထိုင်ခုံတွေက 40:60 ခေါက်လို့ရတဲ့အတွက် လူနဲ့ပစ္စည်း လိုအပ်သလိုချိန်ညှိတင်ဆောင်လို့ရတယ်။ ကြိုက်မိတဲ့အချက်ကတော့ အနောက်ခုံ seat belt ကအပြည့်အဝသုံးခုပါတာနဲ့ နံဘေး ထိုင်ခုံခါးပတ်နှစ်ချောင်းကို DS 7 Crossback လိုမျိုးတင်စရာနေရာလေးတွေ ပေးထားတာပါပဲ။ ခလေးငယ်ခုံတပ်ဖို့ ISOfix ချိတ်ကလေးတွေပါပေမဲ့ အနောက်ထိုင်ခုံရဲ့ ဖင်ထိုင်ခုံအပိုင်းကိုအရှေ့ကိုလှန်ပြီးမှ တပ်လို့ရမှာ ဖြစ်ပါတယ်။
“နောက်ခန်းဝင်ဆံ့မှုအနေနဲ့ ပုံမှန်အတိုင်းဆိုရင် 356-litre ရှိပြီး အနောက်ခုံတွေခေါက်လိုက်မယ်ဆိုရင်တော့ 1,238-litre အထိရရှိနိုင်ပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ဝင်ဆံ့မှုပမာဏ နည်းနည်း နည်းတယ်လို့ဆိုနိုင်ပေမဲ့ များများစားစားထည့်ဖို့ဆိုရင်တော့ ခုံတွေခေါက်ပြီး လုံလုံလောက်လောက်ထည့်သွင်းသယ်ဆောင်နိုင်မှာပါ။”
12V socket ပေါက်ကတော့ အနောက်ညာဘက်ထိုင်ခုံရဲ့နံဘေးမှာ တစ်ခုပဲတပ်ဆင်ပေးထားတာကတော့ ဘယ်ဘက်ခြမ်းကလူအတွက် နည်းနည်းလေး ကသိကအောက်ဖြစ်စရာရှိပါတယ်။ အရှေ့ဘက်ကသူတွေအတွက်တော့ 12V socket အပြင် USB နှစ်ပေါက်တောင်ပါတာမို့လို့ အဆင်ပြေမှာပါ။ ထူးထူးခြားခြားတွေ့မိတာလေးတစ်ခုကတော့ Ford EcoSport မှာက First Aid Kit ကလေး တစ်ပါတည်းထည့်သွင်းပေးထားတာပါ။ တကယ်အရေးကြုံလာပြီဆိုရင် ဒါမျိုးလေးတွေက အဆင်သင့်ရှိထားရင် အကောင်းဆုံးဖြစ်တာမို့လို့ နှစ်သက်စရာကောင်းတဲ့အချက်တစ်ခုပါပဲ။
မောင်းနှင်မှု

Ford ရဲ့ EcoSport မှာအကြိုက်ဆုံးအပိုင်းကတော့ မောင်းနှင်မှုအပိုင်းပါပဲ။ စက်နှိုးပြီး accelerator (လီဗာ) ကိုဖိလိုက်ရုံနဲ့တင် သွက်သွက်လက်လက်ထွက်ပြီး အချိန်ကြာကြာမောင်းကြည့်တဲ့အခါမှာလည်း ညက်ညောမှုရှိတာကိုတွေ့ရတဲ့အတွက် EcoSport ဟာ အားကောင်းတယ်/မကောင်းဘူးဆိုတာထက် မောင်းရတာဟာတော်တော်လေးစိတ်ချမ်းသာဖို့ကောင်းတယ်။ ပျော်ဖို့ကောင်းတယ်ပဲဆိုပါစို့။ 4-cylinder အင်ဂျင်တွေခေတ်မှာ 3-cylinder အင်ဂျင်ပဲတပ်ဆင်ပေးထားတာကို သိပ်မကြိုက်ချင်ပေမဲ့ အဆွဲအရုန်းပိုင်းနဲ့ယှဉ်ထိုးကြည့်မယ်ဆိုရင်တော့ မဆိုးပါဘူးလို့ပြောရမှာပါပဲ။ Steering ထိန်းချုပ်မှုအပိုင်းကလည်း နှေးတဲ့အရှိန်မှာရော မြန်တဲ့အရှိန်မှာပါ တော်တော်လေးထိန်းလို့၊ ချုပ်လို့၊ ကွေ့လို့၊ ပြုလို့ကောင်းတာတွေ့ရပါတယ်။
1.0-litre EcoBoost ဓါတ်ဆီအင်ဂျင်နဲ့ဖြစ်ပြီး အမြင့်ဆုံးပါဝါထုတ်လွှတ်မှုအနေနဲ့ 123hp လောက်အထိရနိုင်တာမို့လို့ မဆိုးပါဘူး။ 6-speed automatic transmission နဲ့ဖြစ်တာကြောင့် ဂီယာအကူးအပြောင်းညက်ညောပါတယ်။ Semi-auto gear ဖြစ်ပြီး manual အတင်အချလုပ်ချင်ရင်တော့ ဂီယာကို ’S’ မှာထားကာ လက်ကိုင်ခွေအနောက်က paddle shift ကနေတစ်ဆင့် စိတ်ကြိုက်ဂီယာအတင်အချပြုလုပ်နိုင်ပါတယ်။ ဆီစားနှုန်းအနေနဲ့တော့ မြို့တွင်း 5.6km/L နဲ့ အမြန်လမ်းပေါ်မှာဆိုရင်တော့ 15km/L လောက်အထိရနိုင်မယ်လို့ Ford ကဆိုထားပါတယ်။ ဒါဟာအကောင်းဆုံးနှုန်းဖြစ်နိုင်တာမို့ ဒီထက်ပိုပြီးဆီစားနှုန်း အနည်းငယ်ပိုမိုမြင့်မားနိုင်မယ်လို့ မျှော်လင့်ထားသင့်တာပါ။ အမြန်လမ်းမှာဆိုရင် ဆီစားနှုန်းသက်သာပေမဲ့ အမြန်လမ်းမှာ အချိန်အကြာ ကြာမောင်းဖို့အတွက် Cruise Control တပ်ဆင်ပေးထားခြင်းမရှိတာကတော့ ဝမ်းနည်းစရာကောင်းတဲ့အချက်တစ်ခုဖြစ်လာနိုင်ပါတယ်။
SUV တစ်စီးအနေနဲ့ Traction Control ပါဝင်တာကတော့ safety ပိုင်းအတွက်ကောင်းမွန်တဲ့အချက်တစ်ခုဖြစ်ပြီး တပ်ဆင်ပေးထားတဲ့ လေအိတ်ပတ်လည် ခြောက်လုံးထဲမှာ ထိုင်ခုံအတွင်းမြှုပ်တပ်ဆင်ပေးထားတဲ့ လေအိတ်တွေလည်းပါဝင်တာကြောင့် ထိုင်ခုံတွေကို အစွပ်စွပ်ပြီး အသုံးမပြုသင့်ပါဘူး။ အရှေ့အနောက် parking sensors တွေတပ်ဆင်ထားတဲ့အပြင် Safety ပိုင်းနဲ့ပတ်သက်ပြီး ရုတ်တရက် ဘရိတ်နင်းရာမှာ ကားရဲ့အမြန်နှုန်းကို တိကနဲ ရပ်မပစ်ဘဲ အမြန်နှုန်းကို ယာဉ်မောင်းသူရဲ့ လက်ကိုင်ထိန်းချုပ်မှုနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် အထောက်အပံ့ပေးနိုင်တဲ့အတွက် ချော်ထွက်မှုရာနှုန်းကိုလွန်စွာနည်းပါးစေတဲ့ Anti-lock Braking System (ABS) ၊ ကားရဲ့ဖိအားနဲ့ အမြန်နှုန်းအပေါ်မူတည်ကာ ကားဘီးတွေအပေါ် ဘရိတ်အကျိုးသက်ရောက်မှုအနည်းအများ ချိန်ညှိပေးနိုင်တဲ့အတွက် အကွေ့လိုမျိုးနေရာတွေမှာ အကောင်းဆုံးထိန်းညှိထောက်ပံ့ပေးနိုင်တဲ့ Electronic Brakeforce Distribution (EBD) ဘရိတ်စနစ်တွေအပြင် အခြားအချက်တွေ (ပါဝင်တဲ့အချက်တွေခေါင်းစဉ်အောက်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်) ပါတပ်ဆင်ပေးထားတာတွေ့ရတဲ့အတွက် ခေတ်မီပြီး စိတ်ချလုံခြုံရတဲ့ကားတစ်စီးလို့ဆိုနိုင်ပါတယ်။ 17-inch အလွိုင်းခွေတွေတပ်ဆင်ပေးထားပြီး 8-inch ကျော်မြင့်တဲ့ ground clearance ဟာလည်း လက်ရှိနိုင်ငံရဲ့ လမ်းအတော်များများအတွက် သင့်လျော်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဘီးအပိုကတော့ 16-inch သံခွေနဲ့ဖြစ်တာမို့လို့ မူလဘီးတွေပေါက်တာမျိုးဖြစ်ရင်တော့ ယာယီအနေနဲ့သာ တပ်ဆင်အသုံးသင့်တာပါ။
“ခြုံငုံသုံးသပ်ရရင်တော့ Ford ရဲ့ EcoSport အသစ်ဟာအိန္ဒိယနိုင်ငံက တပ်ဆင်ထုတ်လုပ်ထားတာဖြစ်ပြီး လက်ရှိဈေးကွက်အခြေအနေအရ နာမည်ကျော်အမှတ်တံဆိပ်တစ်ခုကို သိပ်မများလှတဲ့ ဈေးနှုန်းမျိုးနဲ့ရရှိနိုင်တဲ့ small SUV တစ်စီးဖြစ်ပါတယ်။ ဆီအကုန်အကျနည်းနည်းနဲ့ အမြန်လမ်းတွေပေါ်မှာ မောင်းနှင်နိုင်သလို ဟိုဝင်ဒီထွက်ခပ်များများရှိတဲ့မြို့ပြလမ်းတွေပေါ်အတွက်လည်း နှစ်လိုဖွယ်ရာရုပ်ထွက်နဲ့အတူ ကော့ကော့လေးမောင်းလို့ရပါတယ်လို့သာ ဆိုလိုက်ချင်ပါတယ်။”
ပါဝင်တဲ့အချက်တွေ









ENGINE
Engine Capacity : 1.0-litre Petrol
Engine Type : 3-Cylinder
Induction : Turbo-charged
Power : 123hp/6,000rpm
Torque : 170Nm/1,500-4,500rpm
Fuel Tank Capacity : 52-litre
ENGINE & TRANSMISSION
1.0-litre EcoBoost Petrol 6-speed automatic
TOWING & VEHICLE MASSES
Maximum Towing Capacity : 750/900 braked
Kerb Weight : 1,268kg
Gross Vehicle Weight : 1,690kg
EXTERIOR DIMESSIONS
Overall Height (including roof walls) : 1,664mm
Vehicle Width (with mirrors) : 2,057mm
Vehicle Length : 4,325mm
Front Overhang : 834mm
Rear Overhang : 971mm
Front Track : 1,519mm
Rear Track : 1,524
Wheelbase : 2,519mm
Ground Clearance : 209mm
Approach Angle : 24.7°
Departure Angle : 29.0°
Turning Circle : 10.7m
INTERIOR DIMENSIONS
Front Head Room : 1,008mm
Front Leg Room : 1,090mm
Front Shoulder Room : 1,355mm
Front Hip Room : 1,310mm
2nd Row Head Room : 971mm
2nd Row Leg Room : 933mm
2nd Row Shoulder Room : 1,302mm
2nd Row Hip Room : 1,293mm
CARGO VOLUME
Behind Front Seat : 1,178mm
Behind 2nd Row Seat : 743mm
SEATING
5 Seats
Leather Accented Seats (Black)
60:40 Split-Fold Rear Seats
6-Way Manual Adjustable Driver Seat with Lever Recliner and Manual Lumbar
4-Way Manual Adjustable Front Passenger Seat with Lever Recliner
2 ISOfix Child Seat Anchors
EXTERIOR
Front Grille - Chrome Finish
Halogen Headlamps (Quad Beam Projector)
LED Daytime Running Lights
Front Fog Lamps
Rear Fog Lamp (mounted in bumper)
Power Side Mirrors with Power Fold and Puddle Lamps
17-inch Alloy Wheels
Roof Rails
AUDIO, COMMUNICATION & INSTRUMENTS
SYNCTM3 Connectivity System with Applink® and Enhanced Voice Control
Capacitive Touch Screen
8-inch Color Touch Screen
4.2-inch Instrumentation Screen
Apple CarPlay & Android Auto
Bluetooth
AM/DFM/DAB+ (Digital Radio) Audio System with 6 Speakers
Steering Wheel Audio Controls
USB x 2
12V Power Outlets x 2 (front and rear)
SAFETY, SECURITY & DRIVER ASSISTANCE
Airbags - Driver and Front Passenger
Airbags - Front Side
Airbags - Side Curtain
BeltminderTM System (for driver and front passenger)
Electronic Power Assisted Steering (EPAS)
Anti-Lock Braking System (ABS) with Dynamic Stability Control (DSC)
Traction Control
Front Disc Brakes
Electronic Brake Force Distribution
Emergency Brake Assist (EBA)
Emergency Brake Lights
Hill Launch Assist
(Cruise Control)
MyKeyTM Control System
Steering Wheel Mounted Controls
Rearview Camera
Rear Parking Sensors
Rear Door Child Locks
Perimeter Alarm
Engine Immobiliser
Adjustable Steering Column - Rake & Reach
Trip Computer
COMFORT & CONVENIENCE
Smart Keyless Entry with Push Button Start/Stop
Automatic Climate Control
Automatic Headlamps
Rain Sensing Windscreen Wipers
Intermittent Variable Speed Front Wipers
Follow-Me-Home Lighting
Leather Wrapped Steering Wheel
Leather Gear Shift Knob
Overhead Console with Sunglass Holder
20+ Stowage Areas
Carpet Floor Mat - Driver Only
Moulded Package Tray
Cargo Management System with Flat Loading Rear Cargo Floor
Slide-Out Drawer Under Front Passenger Seat
Electrochromatic Rear View Mirror
Power Windows with One Touch Up/Down (Driver Only)
စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Ford Myanmar အား အထူးပင်ကျေးဇူးတင်ရှိလျက်......