Brilliance V3 2019 Review

0

Full article

BRILLIANCE V3 REIVEW

Brand New ဈေးကွက်အတွင်း အသက်သာဆုံး SUV တစ်စီးကို ဒီတစ်ပတ် သုံးသပ်သွားမှာဖြစ်ပါတယ်။ လိုတိုရှင်း review လေးဖြစ်တဲ့အတွက် အဓိကကျတဲ့ထူးခြားချက်တွေကိုပဲ ဦးစားပေးပြောပြသွားမယ့် Review ကလေးပါ။ (Edited: အချက်အလက်အပြောင်းအလဲတချို့ကြောင့် ကြည့်ရှုသူတွေ update ဖြစ်စေဖို့ ပြန်လည် edit လုပ်ထားပါတယ်ခင်ဗျာ။) အသေးစိတ်ကြည့်ရှုစုံစမ်းပြီးမှ ဝယ်ယူမယ်ဆိုရင် ဒီ link 👉🏼 bit.ly/BrillianceV3_2019 ကလေးကိုသာနှိပ်လိုက်ပါ။ ဒီလိုမှမဟုတ် ဖုန်းနဲ့ဆက်သွယ်မေးမြန်းမယ်ဆိုရင်တော့ 09 450888050, 09 426066615 နဲ့ 09 890310115 တို့ကို စိတ်ကြိုက်ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ #RedlineMedia #CarReview #BrillianceV32019

Posted by Redline Media on Sunday, 24 May 2020

ကိုယ့်ရဲ့လိုအပ်ချက်ဟာ SUV ဖြစ်ရမယ်။ ကားအသစ်ဖြစ်ရမယ်။ ဈေးနှုန်းလည်း သက်သာရမယ်။ ဒါပဲဆိုရင်တော့ Brilliance ရဲ့ V3 ဟာရွေးချယ်စရာစာရင်းမှာထည့်ပြီး လေ့လာသင့်တဲ့ကားတစ်စီးပါ။ နောက်တစ်ခုအားသာချက်လို့ပြောမယ်ဆိုရင် ပြောနိုင်တာကတော့ V3 ဟာ ဆီစားနှုန်းသက်သာပါတယ်။ Brilliance V3 ကို နည်းနည်းလေးထပ်တူးဆွကြည့်မယ်ဆိုရင်တော့...

ဈေးနှုန်း : ၂၇၈ သိန်း + ကညန သုံးနှစ်စာ ၄ သိန်း + (ဝင်ငွေခွန် ***)

အားသာချက်

  • ဈေးနှုန်းသက်သာခြင်း
  • ဆီစားနှုန်း မမြင့်မားခြင်း
  • သူ့ဈေးတန်းအရ 360° ကင်မရာပါဝင်ခြင်း

အားနည်းချက်

  • မာကျောသည့် ပလတ်စတစ်များစွာပါဝင်ခြင်း
  • Compact SUV တစ်စီးအနေဖြင့် ထင်သလောက် မမြင့်ခြင်း
  • မှန်သို့ပေးသော လေစနစ်သည် အလုံးစုံပိတ်လို့မရခြင်း

သုံးသပ်ချက်

Brilliance အမှတ်တံဆိပ်ဟာ တရုတ်နိုင်ငံရဲ့ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေထဲမှာ နံပတ် ၆ အဆင့်ရှိပြီး လက်ရှိအချိန်မှာ BMW နဲ့ Toyota တို့ရဲ့ ထုတ်ကုန်တွေကို ပူးတွဲထုတ်လုပ်ပေးလျက်ရှိနေပါတယ်။

Brilliance ရဲ့ ထုတ်ကုန် V3 ဟာ လက်ရှိဈေးကွက်အတွင်း ဈေးနှုန်းအသက်သာဆုံး SUV အမျိုးအစား ကားသစ်ဖြစ်နိုင်ပါတယ်။

ရှေ့ပိုင်းပုံစံအရဆိုရင် Brilliance ဟာ နာမည်ကျော် ဂျာမန်ကားကုမ္ပဏီ BMW နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်ဆိုတဲ့အတိုင်း BMW ရဲ့ဒီဇိုင်းပိုင်း အငွေ့အသက်နဲ့ ကြီးမားတဲ့ grille ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ မီးအနေနဲ့ကတော့ ခေတ်မီ projector မီးတစ်စုံ၊ သူ့ဘေးမှာ ရိုးရိုး reflector မီးတစ်စုံ၊​ သူတို့ရဲ့အောက်မှာက ရိုးရာမပျက် fog lamps တွေပါတယ်။ မီးကြီးတွေရဲ့အပေါ်မှာက LED နေ့ထွန်းမီးပါတဲ့အတွက် ခေတ်နဲ့လျော်ညီတယ်လို့ဆိုလို့ရပါတယ်။ နံဘေးဘက်ကကြည့်မယ်ဆိုရင် အလွိုင်းခွေတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ compat SUV တစ်စီးကိုတွေ့မြင်ရမှာဖြစ်ပြီး ထူးခြားချက်အနေနဲ့ V3 ရဲ့ နောက်တံခါး အဖွင့်အပိတ်ဟာ Suzuki Swift လိုမျိုး မှန်ဘောင်မှာ မြှုပ်ထားတာတွေ့ရတယ်။ တစ်ခုရှိတာက V3 ဟာ SUV တွေထဲမှာ ground clearance နိမ့်တဲ့ကားတစ်စီးဖြစ်ပြီး အချက်အလက်အရဆိုရင် 6.7-inch ပဲရှိတယ်။ အနီးစပ်ဆုံး DX3 ဆိုရင် ground clearance က 7.9-inch အထိရှိတာပါ။ V3 ရဲ့နောက်ပိုင်းမြင်ကွင်းကတော့ bumper ရဲ့အပေါ်ပိုင်းဟာ လိုဂိုတွေ၊ အမှတ်တံဆိပ်တွေနဲ့ led combination lamps တွေပေါင်းပြီး တောက်ပြောင်လှပမှုရှိတယ်။ နှစ်သက်ဖွယ်ရာအချက်ကတော့ မီးအားလုံးဟာ ရောင်ပြန်တွေမပါ အမှန်တကယ်လင်းပြီး နောက်ဂီယာအတွက် မီးနှစ်လုံးထည့်ပေးထားတာပါ။

“Bumper ရဲ့အောက်ပိုင်းမှာတော့ exhaust နှစ်ပေါက်ပုံစံနဲ့ sporty အချိုး ချိုးထားပေမဲ့ အမှန်တကယ် ရိုးရိုး exhaust တစ်ပေါက်သာပါပြီး အသုံးပြုထားတဲ့ material တွေကလည်း မေးခွန်းထုတ်စရာ ဖြစ်နေတာအမှန်ပါပဲ။ တစ်ခုရှိတာက ပေးတဲ့ဈေးနဲ့ အဂေါကြီးမှန်းလို့တော့ မသင့်ဘူးပေါ့။”
Brilliance V3 မှာ ဖြေရှင်းရမဲ့ ကိစ္စတစ်ခုကတော့ မှန်ကိုပေးတဲ့ လေစနစ်ကိုလုံးဝပိတ်လို့မရတာပါ။ အအေးပိုင်းဒေသတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့အတွက် လေနည်းနည်းကတော့ အမြဲထွက်နေမှာပါဆိုပြီး Brilliance ကဆိုပါတယ်။​ ဒါဟာ ညပိုင်းမောင်းနှင်တဲ့အချိန်မျိုးတွေအတွက် အပြင်မှန်မှာ ရေငွေ့ရိုက်တာမျိုးဖြစ်နိုင်ပါတယ်။ Wipers နဲ့သုတ်လိုက်လို့ရသလို dashboard cover အပြည့်ခင်းပြီးဖြေရှင်းလို့ရပေမဲ့ ပြောရမယ်ဆိုရင် ဒါဟာအားနည်းချက်တစ်ခုပါပဲ။”

အတွင်းခန်း

အတွင်းခန်းကိုဝင်ဝင်ခြင်း သားရေသားအုပ် ထိုင်ခုံတွေက ကြိုဆိုနေတာဖြစ်တဲ့အတွက် သားရေအတုဖြစ်နေပါစေ စိတ်ချမ်းသာဖို့ကောင်းလှပါတယ်။ ဒါပေမဲ့ dash တို့ တံခါးဘောင်တို့ အစရှိတဲ့နေရာတွေမှာ အသုံးပြုထားတဲ့ ပလတ်စတစ်တွေကတော့ မာကျောတယ်။ ဒါပေမဲ့ ပေးရတဲ့ဈေးနှုန်းနဲ့ဆိုရင်တော့ မဆိုးဘူးလို့တော့ ပြောလို့ရပါတယ်။

“မြင်မြင်ခြင်းကြိုက်သွားစေတာကတော့ 10.4-inch အထိရှိတဲ့ infotainment မျက်နှာပြင်ပါ။ အခု V3 ရဲ့ infotainment မျက်နှာပြင်ဟာ ရုပ်ထွက်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ Apple CarPlay နဲ့ Android Auto တော့မရဘူး။ တစ်ခုရှိတာက Apple CarPlay လိုမျိုးသုံးချင်တယ်ဆိုရင်တော့ တရုတ် apps တစ်ခုကိုယ့်ရဲ့ iPhone မှာ download လုပ်ပြီးသုံးလို့ရတယ်လို့တော့ ပြထားတာတွေ့ရတယ်။ Speakers  ခြောက်လုံးနဲ့ချိတ်ထားတဲ့ infotainment ရဲ့ အသံထွက်ပိုင်းကလည်း အိုကေတယ်။ ကျေနပ်မိတာကတော့ 360° ကင်မရာတပ်ဆင်ပေးထားတာဖြစ်ပြီး မကျေနပ်မိတာကတော့ ကင်မရာရဲ့ရုပ်ထွက်က ထင်သလောက် ကောင်းမွန်မှုမရှိတာပါပဲ။”

ကျန်တဲ့အစိတ်အပိုင်းတွေအဖြစ် သားရေသားအုပ် steering ဟာအနည်းငယ်ကြီးသယောင်ထင်ရပေမဲ့ ကိုင်ရတွယ်ရတော့ မဆိုးပါဘူးလို့ပြောလို့ရတယ်။ Gear knob ရဲ့ဒီဇိုင်း sporty ဆန်တယ်။ ဒိုင်ခွက်တွေရဲ့ ဒီဇိုင်းကတော့ ကြည့်သူရဲ့အမြင်ကိုလိုက်ပြီးကွဲပြားနိုင်ပေမဲ့ အလယ်က 2-color display ကတော့ မဆိုးပါဘူး။ တော်တော်များများမှာ 1-color display သာရပေမဲ့ V3 မှာတော့ အဖြူနဲ့အနက်မှာမှ အနီရောင်ပါရအောင်လုပ်ပေးထားတာလေးက ကောင်းပါတယ်။ ဒီ display ကလေးမှာ information အဖြစ်နဲ့ average fuel ၊ cruising mileage ၊ engine temperature ၊ trip meter 1 ၊ trip meter 2 ၊ speed warning ၊ Instant fuel တို့ပါဝင်ပြီး အခြားအချက်အလက်တွေလည်းပါဝင်ပါသေးတယ်။ ဂြိုဟ်တုလမ်းညွှန်ကတော့ မြန်မာနိုင်ငံမှာသုံးလို့မရသေးပါဘူး။ တကယ်လို့သာ တရုတ် apps နဲ့ဖုန်းချိတ်ဆက်လို့အဆင်မပြေသေးရင်တော့ Navigation အတွက်က ကိုယ့်ဘာသာ ဖုန်းရဲ့ maps ကိုပဲဖွင့်ပြီးသုံးရမှာပါ။ 360° ကင်မရာတပ်ဆင်ပေးထားတာကတော့ နှစ်သက်စရာကောင်းပြီး ကင်မရာရဲ့အရည်အသွေးကသာ ကောင်းမွန်မယ်ဆိုရင်တော့ ပိုပြီးပြည့်စုံသွားမှာ အမှန်ပါပဲ။ Tinted windows ငါးချပ်နဲ့မလို့ နောက်မှန်အားလုံးအမဲဖြစ်တာဟာလည်း နှစ်သက်စရာကောင်းပါတယ်။

Brilliance V3 ရဲ့ air conditioning စနစ်မှာ နောက်ထပ်ပြဿနာလေးတစ်ခုရှိနေပါတယ်။ အဲဒါကတော့ air conditioning ရဲ့ compressor ဟာ 22° မှာအလိုအလျောက် ပိတ်သွားတာပါပဲ။ ဒီလိုမျိုး မပိတ်အောင်ဆိုရင်တော့ အပူချိန်ကို 17° ကနေ 20° အကြားမှာသာ ထားပြီးအသုံးပြုသင့်တာမျိုးပါ။​ ဒါမျိုးလေးတွေမရှိတော့ဘူးဆိုရင်တော့ Brilliance V3 2019 ဟာ ပိုမိုပြည့်စုံတဲ့ ကားတစ်စီးဖြစ်လာမှာ အမှန်ပါပဲ။”

လက်တွေ့ဆိုရင်

ကားတစ်စီးဟာ ဒီဇိုင်းလှပဖို့၊ မြန်နှုန်းမြင့်ဖို့ စတာတွေထက်စာရင် နေ့စဉ်ဘဝလက်တွေ့ကျဖို့ဆိုတာက ပိုပြီးအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ Brilliance V3 ကတော့ ပေးရတဲ့ဈေးနှုန်းနဲ့ လက်တွေ့ကျနမှုအပိုင်းချိန်ထိုးကြည့်မယ်ဆိုရင် မဆိုးလှပါဘူးလို့ဆိုနိုင်ပါတယ်။

“သိပ်ကြီး မကျယ်ပေမဲ့ လုံလောက်တဲ့ နောက်ပစ္စည်းထားခန်းပါတယ်။ ရှေ့ရော နောက် cabin ပါ လိုက်ပါစီးနင်းမယ့်သူတွေအတွက် headroom & legroom အနေအထားကောင်းတယ်။ သိပ်ကြိုက်တာတစ်ခုကတော့ နောက်လူစီးခန်းကြမ်းပြင်ဟာ အံ့အားသင့်ဖွယ်ရာ လုံးဝနီးပါး flat ဖြစ်နေတာပါ။ ဒါမျိုးကို လောလောဆယ်အထိ အင်ဂျင်အသုံးမပြုတဲ့ Tesla လိုကားမျိုးမှာသာတွေ့ဖူးပါသေးတယ်။​ ပြောရမယ်ဆိုရင် နောက်တန်းအလယ်မှာထိုင်မယ့်သူဟာ ခြေထောက်ကို ‘ခွ’ ထားစရာမလိုဘူးပေါ့။”

ရှေ့နောက် air conditioning မပါတာကတော့ လက်တွေ့အသုံးကျမှုအတွက် အားနည်းချက်တစ်ခုပါ။ USB ပေါက်နေရာကလည်း တော်တော်လေးရှာမှ တွေ့ရတာဖြစ်တဲ့အတွက် စစခြင်း မပါဘူးလားလို့တောင်မှထင်ခဲ့မိသေးတယ်။ နောက်တစ်ခုက ဖုန်းထားဖို့နေရာ အခက်အခဲရှိပါတယ်။ နေရာက ကျဉ်းတဲ့အပြင်ကိုမှာ gear knob ကပါ ပိတ်ထားသလိုဖြစ်နေသေးတယ်။ ကိုယ့်အိတ်ထဲ ကိုယ်ထည့်ထားမယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။ နောက်တစ်ချက်၊ ကားတစ်စီးလုံး လူအပြည့်တင်ဆောင်ပြီး ခရီးသွားတဲ့အခါမျိုးတွေမှာဆိုရင် နောက်ခန်းမှာစီးနင်းမယ့်သူတွေဟာ ဖုန်းပါဝါအတွက် အခက်အခဲရှိနိုင်ပါတယ်။ တစ်ခုရှိတာက ကျယ်ပြန့်တဲ့ flat foor မှာ ခြေကားယားလက်ကားယားနဲ့ အိပ်စက်လိုက်ပါရုံသက်သက်ဆိုရင်တော့ သိပ်အဆင်ပြေတာပေါ့။

မောင်းနှင်မှု

V3 မှာအသုံးပြုထားတဲ့ အင်ဂျင်ဟာ BMW နည်းပညာနဲ့ပေါင်းစပ်ထားတဲ့ 1.5-litre ဓါတ်ဆီအင်ဂျင်ပါလို့ Brilliance ကဆိုတယ်။ နည်းပညာပိုင်းအရ ကောင်းတယ်ပြောရမှာပါ။ 5-speed automatic Hyundai power tech gearbox နဲ့ဖြစ်တယ်။ ၂၀၁၉ model အနေနဲ့ transmission ပိုင်းမှာ 6-speed လောက်တော့ဖြစ်သင့်တယ်လို့ယူဆပါတယ်။ Semi auto transmission ဖြစ်ပြီး paddle shifters မပါဝင်ပေမဲ့ +/- တွေနဲ့ကိုယ်လိုသလို ဂီယာအပြောင်းအလဲလုပ်နိုင်ပါတယ်။ SUV တစ်စီးအနေနဲ့ အမြင့်ဆုံးပါဝါ 110hp အထိပဲရတာတစ်ခုတော့ စိတ်တိုင်းမကျမိပါဘူး။ ဒီထက်ပိုမိုမြင့်မားတဲ့ ပါဝါကိန်းဂဏန်းတစ်ခုခုကို မျှော်လင့်မိတာတော့အမှန်ပါပဲ။

Suspension ပိုင်းကတော့ ပုံမှန်တွေ့လေ့တွေ့ထရှိတဲ့အတိုင်း ရှေ့မှာ MacPherson နဲ့ နောက်မှာ Torsion Beam ကိုသုံးထားတဲ့အတွက် မဆိုးလှပါဘူး။ ခွေကတော့ အလွိုင်း 17-inch ကို standard အနေနဲ့ ထည့်ပေးပြီး 18-inch လိုချင်ရင်တော့ optional အနေနဲ့ ပြောင်းတပ်ရမှာဖြစ်ပြီး extra cost ရှိလာမှာဖြစ်ပါတယ်။

Safety ပိုင်းအနေနဲ့ driver ၊ passenger လေအိတ်တွေပါမယ်။ ABS နဲ့ ESC စနစ်တွေပါမယ်။ သိပ်ထူးထူးခြားခြားကြီးမရှိလှပေမဲ့ တကယ်ဖြစ်လာပြီဆိုရင်တော့ အထောက်အကူကောင်းကောင်းပေးနိုင်တာမျိုးဖြစ်ပြီး ဒီနေရာမှာလည်း ပေးရတဲ့ဈေးနဲ့ မဆိုးပါဘူးလို့ ပြောလို့ရတယ်။

လက်တွေ့စမ်းသပ်မောင်းနှင်ကြည့်ရာမှာတော့ ထူးထူးခြားခြားအရသာမျိုးမရသလို ဆိုးဆိုးရွားရွားခံစားချက်မျိုးလည်းရှိမနေပါဘူး။

“အတိုချုပ်သုံးသပ်ရရင်တော့ အပေါ်မှာပြောခဲ့သလိုပါပဲ။ ကိုယ့်ရဲ့လိုအပ်ချက်ဟာ SUV ဖြစ်ရမယ်။ ကားအသစ်ဖြစ်ရမယ်။ ဈေးနှုန်း သက်သာရမယ်။ ဒါပဲဆိုရင်တော့ Brilliance V3 ဟာ ကုန်ကျစရိတ်အသက်သာဆုံးရွေးချယ်မှုတစ်ခုပါပဲ။”

ပါဝင်တဲ့အချက်တွေ

Brilliance V3 1.5T Intelligen

  • Dimensions - L/W/H - 4,240*1,803*1,600mm
  • Wheelbase - 2,570
  • Curb Weight - 1,350kg
  • Engine/Displacement - BM14LC1,498ml
  • Max Power - 110hp
  • Max Torque - 145Nm
  • Transmission - 5-speed automatic
  • Suspension - Front: MacPherson & Rear: Torsion Beam
  • Wheels - Aluminum Alloy Wheel R17/215/60R17
  • Emission - EUR V

SAFETY

  • Airbags
  • All 3-Points Seatbelts
  • Safety Belt Reminder
  • Child Seat Fixings
  • Front : Ventilated Disc Brakes/Rear : Disc Brakes
  • Anti-lock Brake System (ABS)
  • Electronic Stability Control (ESC)
  • Anti-Theft System for Engine
  • Headlights Level Adjustment
  • Child Safety Lock
  • Reversing Radar
  • Reverse Visible
  • Rear Fog Lights
  • Front Fog Lights

FUNCTION

  • Multi-Functional Steering Wheel
  • Leather Steering Wheels
  • Speakers : 6
  • Multimedia System : 10.4-inch Color Screen
  • Global Positional System (GPS)
  • APP Link Intelligent Mobile Phone Internet System
  • Bluetooth
  • Electric Air-Conditioner of Touch Screen Type
  • Rear Windshield Defrosting
  • Intelligent Trip Computer (TFT Color Screen)
  • Trip Computer Screen
  • Power Sunroof
  • Leather Seats

CONVENIENCE

  • Adjustable Steering Column-Stepless Titt
  • Courtesy Light With Delay
  • Electric Outer Door Mirrors
  • Outer Door Mirrors Heated
  • Electric Folding Outer Door Mirrors
  • Cruise Control
  • Smart Keyless Entry & Push Button Start
  • Central Locking
  • LED Daytime Running Light

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Myanmar Brilliance Auto အား အထူးပင်ကျေးဇူးတင်ရှိလျက်......

ဓါတ်ပုံ - ကောင်းတင့်

Author