BAIC Senova D70 2019 Review

0

Full article

BAIC ရဲ့ Senova D70 2019 ကတော့ တရုတ်နိုင်ငံထုတ်ဖြစ်ပေမဲ့ လက်ရှိဈေးကွက်အနေအထားနဲ့ ပြန်ရနိုင်မယ့်အကျိုးအမြတ်ကို ယှဉ်ထိုးကြည့်မယ်ဆိုရင် ထိုက်တန်မှုရှိတယ်လို့ဆိုလို့ရတယ်။ ဆီစားနှုန်းမဆိုးလှသလို အတွင်းခန်းအပြင်အဆင်အရ အကောင်းဆုံးတွေနီးပါး ကောင်းတယ်လို့ ပြောလို့ရတယ်။ လက်တွေ့မောင်းနှင်ကြည့်ရာမှာ ကားအထွက် နည်းနည်းလေးတယ်လို့ခံစားရပြီး အရှိန်ရသွားပြီဆိုရင်တော့ အိုကေပါတယ်။

စျေးနှုန်း : ၃၅၈ သိန်း (Income Tax မပါ)

အားသာချက်

  • အတွင်းခန်းထိုင်ခုံအနေအထားနှင့်နေရာလွတ်
  • Digital driver display ပါဝင်မှု
  • နေ့စဉ်ဘဝ လက်တွေ့ကျနမှု

အားနည်းချက်

  • ကားကို ပုံမှန်အတိုင်းစထွက်ပါက အနည်းငယ်လေးသည်ဟုခံစားရခြင်း
  • 360° ကင််မရာ မပါဝင်ခြင်း
  • အသံဖြင့် ထိန်းချုပ်လုပ်ဆောင်ရာတွင် တရုတ်ဘာသာဖြင့်သာ ပြောဆိုနိုင်ခြင်း

သုံးသပ်ချက်

BAIC က တရုတ်နိုင်ငံပိုင် မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်ပြီး 1958 ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာမို့လို့ ရပ်တည်မှုသက်တမ်းက နှစ် ၅၀ ကျော်နေပါပြီ။ နာမည်အပြည့်အစုံကတော့ Beijing Automotive Industy Holding Co.,Ltd. ပါ။

BAIC ရဲ့ Senova D70 2019 ကတော့ mid-size sedan တစ်စီးဖြစ်တယ်။ Senova Series ရဲ့ဒုတိယမြောက်မျိုးဆက်ဖြစ်တယ်။ Mid-size sedan တွေထဲမှာမှ ကိုယ်ထည်ကြီးပြီး wheelbase ရှည်တဲ့အတွက် ကျယ်ဝန်းတဲ့အတွင်းခန်းကို ပိုင်ဆိုင်ထားတယ်။

D70 ရဲ့ အပြင်ပိုင်း design language က တအားကြီးထူးခြားမနေပေမဲ့ မြင်လိုက်တာနဲ့ စိတ်ဝင်စားဖို့ကောင်းပြီး ဝယ်ယူစီးနင်းသူတွေအတွက် နေ့တိုင်းစိတ်ကျေနပ်မှုကိုပေးနိုင်တဲ့ ပုံစံမျိုး။ ရှေ့နောက်မီးတွေမှာ တပ်ဆင်ထားတဲ့ LED တွေက အရည်အသွေးကောင်းတယ်။  Full LED headlights တွေပါ။ နောက်တစ်ခုက လက်ကိုင်ခွေကိုကွေ့တဲ့အချိန် ရှေ့မီးကပါလိုက်ပြီးကွေ့နိုင်တဲ့ intelligent headlamps တွေလိုမျိုးဖြစ်ပါတယ်။ Steering ကိုဘယ်ဘက်လှည့်တဲ့အချိန် ဘယ်ဘက် fog lamp မှာပါတဲ့မီးကလင်းသွားပြီး ညာဘက်လှည့်ရင် ညာဘက် fog lamp မှာပါတဲ့မီးကလင်းပေးတဲ့ ပုံစံပြုလုပ်ထားတာပါ။ နောက်က LED ဘရိတ်မီးကတော့ တော်တော်လေးလှတယ်။ Peugeot ရဲ့သားရဲလက်သည်းရာနဲ့ နည်းနည်းဆင်ပြီး Peugeot က အစင်းသုံးကြောင်းဖြစ်ပြီး D70 အခေါ်  piano tail lamp ကတော့ အစင်းလေးကြောင်းပါ။ မြင်ရုံနဲ့ ဘာကားလဲဟဆိုပြီး စိတ်ဝင်စားစရာကောင်းသွားစေတာမျိုး။”

ရှေ့ grille က Audi တို့ BMW တို့လိုမျိုးအလန်းကြီးမဟုတ်ပေမဲ့ ကြည့်လို့ကောင်းတဲ့အဆင့်မှာရှိတယ်။ နံဘေးဖောင်းလိုင်းတွေက သေသပ်မှုရှိပြီး တံခါးလက်ကိုင်ကတော့ ဒီနေ့ခတ်အတွက် ကြီးတယ်လို့ယူဆပါတယ်။​ ဒါပေမဲ့ ဒီလိုကြီးတာမျိုးက ကိုင်ရဖွင့်ရ အားပါးတရရှိတယ်လို့ ဆိုမယ့်သူတွေလည်းရှိနိုင်ပါတယ်။

အတွင်းခန်း

D70 မှာအကြိုက်ဆုံးအချက်က အတွင်းခန်းပါပဲ။ ထိုင်ခုံ အပူ/အအေးစနစ်မပါဝင်ပေမဲ့ အပေါက်ကလေးတွေပါဝင်တဲ့ တော်တော်လေးကောင်းတဲ့ အရောင်ကွဲသားရေသား ထိုင်ခုံတွေတပ်ဆင်ထားတာတွေ့ရတယ်။ ထိုင်ခုံတွေက အမြဲတမ်းအတွက် ထိုင်လို့ကောင်းရုံသာမက ကျယ်ကျယ်ဝန်းဝန်းနှင့် သက်သောင့်သက်သာရှိလှတာကြောင့် အဖိုးတန်ဇိမ်ခံကားဆိုပြီး စိတ်ကူးယဉ်ချင်ရင် ယဉ်လို့ရနိုင်တာမျိုးပါ။ ဒါပေမဲ့ ထိုင်ခုံ motor adjustment က ယာဉ်မောင်းသူအတွက်သာပါပြီး lumbar support လည်းမပါဝင်ပါဘူး။ Dashboard တွေဘာတွေကတော့ နူးညံ့တဲ့ အကောင်းစားပလတ်စတစ်သားကိုသုံးထားတာတွေ့ရပါတယ်။

“ထိုင်ခုံအပြီး နောက်ထပ်မိုက်တာတစ်ခုကတော့ 10-inch driver display နဲ့ 12.3-inch infotainment ပါ။ နှစ်ခုစလုံးက digital တွေချည်းပဲ။ နှစ်ခုစလုံးက တုံ့ပြန်မှုအလယ်အလတ်အနေအထားမှာရှိပြီး ရုပ်ထွက်ကောင်းမွန်မှုရှိတယ်။ 360° ကင်မရာ မပါဝင်ပေမဲ့ နောက်ကင်မရာရဲ့ရုပ်ထွက်က infotainment ပေါ်မှာ တော်တော်လေးကောင်းတယ်။ တကယ်လို့သာ wifi ချိတ်ထားမယ်ဆိုရင် digital driver display ကနေပြီး ဂြိုဟ်တုလမ်းညွှန်မြေပုံတွေဘာတွေကြည့်လို့ရအောင်လုပ်ပေးထားတယ်။ Audi ရဲ့ Virtual Cockpit ကိုသွားယှဉ်လို့မရပေမဲ့ ဒီလိုဈေးနဲ့ကတော့ ပါတယ်ဆိုတာနဲ့ကို ကျေနပ်ဖို့ကောင်းတယ်လို့ ဆိုရမယ်။ တစ်ခုဆိုးတာက တရုတ်နိုင်ငံထုတ်ဖြစ်တဲ့အတိုင်း သော့စဖွင့်လိုက်တဲ့အချိန်လိုမျိုးမှာ တရုတ်သံတွေ၊ display တွေရဲ့ အချို့နေရာတွေမှာ တရုတ်စာလုံးတွေပါနေတာပါ။ “Hi Mercedes” လိုမျိုး အသံနဲ့ ပြောဆိုထိန်းကြောင်းမှုပြုလုပ်နိုင်ပေမဲ့ တရုတ်ဘာသာတစ်ခုတည်းနဲ့သာ ရရှိနိုင်တာကလည်း တရုတ်စကားသင်ထားဖို့ လိုနေသလိုပါပဲ။ နောက်တစ်ခု။ Android Auto နဲ့ Apple CarPlay လည်းသုံးလို့မရဘူး။ Black box တစ်ပါတည်းတပ်ဆင်ပေးလိုက်တာကတော့ ကျေနပ်ဖို့ကောင်းပါတယ်။”

ကျန်တာကတော့ gear knob ပုံစံ အပေါ်မှာ Senova တံဆိပ်လေးနဲ့ sporty ဖြစ်တယ်။ ဖုန်းထားဖို့ အဖုံးနဲ့နေရာကောင်းပြီး USB နှစ်ပေါက်နဲ့ 12v socket တစ်ပေါက်ပါတစ်ပါတည်းထည့်ပေးထားတာက smartphone era မှာတော်တော်လေးအဆင်ပြေတယ်။ Cup holders တွေကလည်း အဖုံးနဲ့ဖြစ်ပြီး center console box ကလည်း ဝင်ဆံ့မှုကောင်းတာတွေ့ရတယ်။ Glovebox အကျယ်အဝန်းအိုကေပြီး ဖွင့်ရင်းလင်းတဲ့ မီးတပ်ဆင်ပေးထားတဲ့အတွက် ညဘက်တွေဘာတွေမှာ ဖုန်းမီးဖွင့်ပြီး ပစ္စည်းရှာရတာမျိုး လုပ်စရာမလိုတော့ပါ။ Air conditioning က dual zone climate control အဌာမျိုးလုပ်ထားပေမဲ့ dual zone တော့မဟုတ်ဘူး။ ဒါပေမဲ့ ရှေ့နောက် air conditioning ပါတာကတော့ နှစ်သက်ဖို့ကောင်းပါတယ်။ ယာဉ်မောင်းသူဘက်ကလွဲရင် တံခါးလက်ကိုင်မှာ lock အဖွင့်အပိတ်ခလုတ်မပါပေမဲ့ ဖွင့်ချင်တယ်ဆိုရင် ခလုတ်ကို နှစ်ခါဆွဲရင် ပွင့်တဲ့ပုံစံလုပ်ပေးထားတာတွေ့ရတယ်။ Sunroof ပါပြီး cover အတွက် အဖွင့်အပိတ်ကသပ်သပ်ဖြစ်ပြီး မှန်အဖွင့်အပိတ်ကတော့ အဆင့်သုံးဆင့်ပါ လှည့်တဲ့ခလုတ်တပ်ဆင်ထားတာတွေ့ရတယ်။ စိတ်ထဲမှာ မကျေလည်တာတစ်ခုကတော့ ဆီတိုင်ကီအဖုံးကိုဖွင့်ဖို့အတွက် ယာဉ်မောင်းသူကဖွင့်ပေးရတာပါ။ ဒါပေမဲ့ စိတ်ချလုံခြုံရေးကောင်းတယ်လို့တော့ ဆိုနိုင်တာပေါ့။ အတွင်းခန်းမှာ air ioniser ပါဝင်တာကတော့ လေထုညစ်ညမ်းမှုများတဲ့ နိုင်ငံတွေအတွက် တကယ်ကို အသုံးတည့်မှာပါ။

“ Cabin တွေခြုံငုံပြီးပြောရရင်တော့ သက်သောင့်သက်သာရှိပြီး ကျယ်ကျယ်ဝန်းဝန်းထိုင်နိုင်မယ်။ ပေးရတဲ့ဈေးနဲ့ဆိုရင် ပိုပိုသာသာ နည်းပညာတွေပါမယ်။ ထိပ်တန်းအဆင့်တော့မဟုတ်ဘူးပေါ့။ နေ့စဉ်မောင်းနှင်မှုအတွက်တော့ စိတ်ကျေနပ်စရာပေးစွမ်းနိုင်တဲ့ အတွင်းခန်းကိုပိုင်ဆိုင်ထားတဲ့ D70 လို့တော့ ပြောနိုင်တာအသေအချာပါပဲ။ D70 မှာက အပြာရောင် ambiet light ပါဝင်တဲ့အတွက် တန်ဖိုးကြီးကားတွေကို မောင်းရတဲ့စက္ခုအရသာမျိုးနဲ့ ညဘက်တွေမှာမောင်းလို့ရနိုင်တာကလည်း ကျေနပ်စရာပါပဲ။”

လက်တွေ့ဆိုရင်

ကားတစ်စီးဝယ်ပြီးပြီဆိုရင် နေ့စဉ်ဘဝလက်တွေ့အသုံးကျဖို့ကလည်း အရေးကြီးပါတယ်။ Sensors တွေအနေနဲ့ Rain Sensor ပါတဲ့အတွက် မိုးရွာတဲ့အချိန် wiper အတွက်သူ့ဘာသာလွှတ်ထားလို့ရတယ်။ Rear sensors တွေပါတဲ့အတွက် ပါကင်ထိုးရာမှာ စိတ်ချရတယ်။ ပိုမိုက်တာတစ်ခုက D70 ရဲ့နောက်ကင်မရာဟာ တန်ဖိုးကြီးကားတွေလိုမျိုး ဘီးအကွေ့သွားမယ့်လမ်းကြောင်းလေးတွေပါပြပေးတာပါ။ တော်တော်လေးအသုံးဝင်တဲ့အချက်တစ်ခုပါပဲ။ အားနည်းတာတစ်ခုက lane keep assist တို့ blind spot detection တို့မပါဝင်တာပါ။ Lane keep ကတော့ မြန်မာနိုင်ငံမှာ လောလောဆယ် သိပ်အသုံးမဝင်သေးပေမဲ့ blind spot warning လိုမျိုးကတော့ ပါကိုပါသင့်တဲ့ feature ပါ။

Safety ပိုင်းအရ လေအိတ်လေးလုံးပါတယ်။ ဒီဇိုင်းပိုင်းအရလည်းး C-NCAP (China-NCAP) မှာ ကြယ်ငါးပွင့်ရထားတယ်ဆိုတော့ ဘေးအန္တရာယ်ကင်းရှင်းရေးအပိုင်း ကောင်းမွန်တယ်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။

“နောက်ဖုံးကတော့ 500-litre အထိဝင်ဆံ့တဲ့အတွက် ဝင်ဆံ့မှုပမာဏကောင်းပါတယ်။ လက်တွေ့ကြည့်ရာမှာလည်း D70 ရဲ့နောက်ပစ္စည်းထားခန်းက အလျားရှည်သလို ဗျက်လည်းတော်တော်လေးကျယ်တာတွေ့ရတယ်။ တစ်ခုရှိတာက နောက်ခုံတွေကတော့ အသေဖြစ်ပြီး လှဲချလို့မရဘူး။ ဒါဟာ လုံခြုံရေးအတွက်ပိုကောင်းတယ်ဆိုပေမဲ့ ရှည်လျားတဲ့ပစ္စည်းပစ္စယတွေတင်ဆောင်ဖို့ဆိုရင်တော့ အခက်အခဲရှိမှာပါ။ Sensor ပါတဲ့ boot တော့ မဟုတ်သေးပါဘူး။”

မောင်းနှင််မှု

အပေါ်မှာပြောခဲ့သလိုပါပဲ။ BAIC ရဲ့ Senova D70 ဟာ အထွက်ပိုင်းလေးတယ်။ Auto break စနစ်ကြောင့်လို့ပြောကြတယ်။ ဒါပေမဲ့ အရှိန်နည်းနည်းရသွားပြီဆိုရင်တော့ အိုကေသွားပါပြီ။

“149hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်တဲ့ 1.5-litre Turbo အင်ဂျင်နဲ့ဖြစ်တယ်။ ဒါဟာ မြန်မာနိုင်ငံအတွက်တော့ အသင့်တော်ဆုံးအနေထားမှာရှိတာပါ။ ဆီစားသက်သာတယ်။​ မြန်နှုန်းကိုလည်း မြှင့်ပြီးမောင်းလို့လည်းရတယ်။ 6-speed semi auto transmission ကလည်း Soueast DX3 မှာသုံးထားတဲ့ Belgium PUNCH ဖြစ်ပြီး ဂီယာအကူးပြောင်း တအားကြီးမဆိုးလှပါဘူး။ စမ်းသပ်မောင်းနှင်ရာမှာတော့ D70 ရဲ့ ဆီစားနှုန်းဟာ သူတို့ပြောထားတဲ့အတိုင်း 15kpl ဝန်းကျင်ရတာတွေ့ရတဲ့အတွက် ကျေနပ်ဖို့ကောင်းသလို ရေရှည်ကုန်ကျစာရိတ်ကိုလည်း သက်သာစေမှာပါ။ စက်နှိုးပြီး Accelerator ကိုအသားကုန်နင်းထားလိုက်ရင် 0-100kph နှုန်းကိုရဖို့ 10-second ကျော်သာကြာမြင့်တဲ့အတွက် တရုတ်နိုင်ငံထုတ် sedan ကားတစ်စီးအတွက်တော့ မဆိုးပါဘူးလို့ပြောလို့ရတဲ့ အခြေအနေမှာရှိပါတယ်။”

ကျေနပ်စရာကောင်းတဲ့နောက်တစ်ချက်က အင်ဂျင်ခန်းအပြင်အဆင်ပါ။ Cover အပြည့်အစုံနဲ့ bonnet အပူခံပြားနဲ့ သပ်သပ်ရပ်ရပ်ရှိလှပါတယ်။

"အကျဉ်းချုပ်သုံးသပ်ရမယ်ဆိုရင်တော့ BAIC ရဲ့ D70 ဟာ sedan အမျိုးအစားကြိုက်သူတွေ၊ ဈေးနှုန်းနဲ့ ရေရှည်ကုန်ကျစရိတ်သက်သာလိုသူတွေနဲ့ သက်သောင့်သက်သာစီးနင်းမောင်းနှင်လိုသူတွေအတွက် အဝယ်စာရင်းမှာထည့်သွင်းပြီး သွားရောက်လေ့လာသင့်တဲ့ ကားတစ်စီးပါပဲ။"

ပါဝင်တဲ့အချက်တွေ

BAIC Senova D70 2019

DIMENSION

  • Length - 4,785mm
  • Width - 1,835mm
  • Height - 1,490mm
  • Wheelbase - 2,780mm
  • Fuel Tank - 52-litre
  • Fuel Consumption - 15kpl

EXTERIOR

  • 17-inch Alloy Wheels
  • LED Intelligence Headlight (Auto Height Adjustment)
  • Rear LED Piano Tail Lights
  • LED Daytime Running Lamp
  • Front Fog Light
  • Panoramic Sunroof
  • Rain Sensor
  • Rear Parking Sensors
  • Powered Side Mirrors
  • Large Chrome Front Grille
  • Full Coverage Engine Room
  • Remote Central Lock
  • Keyless Entry

SAFETY

  • Advanced Front Airbags
  • Driver and Front Passenger Side Airbags
  • C-NCAP (2018 5-Star)
  • Anti-Lock Braking System (ABS+TCS)
  • BOSCH 9.1 ESP System
  • Emergency Double-Flash Brake Light
  • Theft Deterrent Alarm System
  • Tire Pressure Monitor System
  • Child Safety Lock
  • ISOFIX

PERFORMANCE

  • Engine - 1.5-litre Turbo All Aluminum Supercharged Engine
  • Power - 149hp@5,000rpm
  • Torque - 210Nm@2,000-4,500rpm
  • Transmission - Belgium PUNCH CVT 6-speed Semi Auto
  • Drive Mode - Normal/Manual
  • Electronic Power Steering

INTERIOR

  • Premium Brown Leather Seat
  • Leather Steering Wheel (Manual Adjustable)
  • Electronic Parking Brake with Auto Brake Hold
  • Push Button Start
  • Cruise Control/Audio Control
  • Driver Seat with 6-Way Electronic Adjustment
  • Automatic Climate Control System with PM 2.5 Air Conditioning Filter
  • Built-in Automobile Recorder (Black Box)
  • 3 USB Interface with Charging Function (Front & Rear)
  • 12.3-inch Touch Screen Display Audio
  • Warm Ambient Light Display
  • Bluetooth
  • 4-Premium Speakers + 2 Tweeter

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော BAIC Myanmar အား အထူးပင်ကျေးဇူးတင်ရှိလျက်......

ဓါတ်ပုံ : ကောင်းတင့်

Author