MERCEDES-BENZ GLC 300 Coupé 2017 Review

0

Full article

သုံးသပ်ချက်

ဒီတစ်ခေါက် review လုပ်ပေးသွားမှာကတော့ နှစ်ပေါင်း ၁၂၀ ကျော် ကမ္ဘာ့ကားလောကရဲ့ထိပ်တန်းနေရာမှာ အမြဲတမ်းရပ်တည်နေတဲ့ ဂျာမနီ သုံးထောင့်ကြယ် အမှတ်တံဆိပ် Mercedes-Benz ရဲ့ GLC 300 Coupé (ကူပေး) ပါ။ ၂၀၁၇ ​ထုတ်ဖြစ်ပါတယ်။

Mercedes-Benz GLC Coupé ကတော့ မောင်းလို့လည်း လှိမ့်ကောင်း၊ စီးလို့လည်း ငြိမ့်ညောင်းတဲ့ကားလေးတစ်စီးပါ။ AMG ဖြစ်သွားတဲ့အတွက် အကောင်ဆုံးအခြေအနေကို တစ်ပါတည်းရနိုင်တယ်လို့ ဆိုလို့ရတယ်။ AMG ဖြစ်တဲ့အတွက် နောက်ဘီးက ရှေ့ဘီးထက်​ဗျက်ပိုကြီးတယ်။ AMG အလွိုင်းတွေ၊​ AMG body kit တွေ skirt တွေပါ ပါပြီးသားဆိုတော့ သိကြတဲ့အတိုင်း မိုက်လည်းမိုက်တယ်၊ ဝယ်ရတာလည်းတန်တယ်၊ ထပ်ဖြည့်ရမယ့် ဟာတွေတော်တော်များများက ပါပြီးသားလိုဖြစ်နေတာကိုး။

ပိုကောင်းတဲ့အချက်က ဒီ Mercedes-Benz GLC 300 မှာက AMG exterior package အပြင် night package ပါ ပါတယ်။ အဲဒီအတွက် တစ်စီးလုံးက အမည်းရောင်တွေအများကြီးပါပြီး အတွင်းခန်းကခေါင်ဆိုရင်လည်း အမဲရောင်ခေါင်နဲ့ဗျ။

မီးတွေကတော့ ကွေ့တဲ့အချိန် မီးကပါလိုက်ထွန်းပေးတဲ့ dual intelligent တော့မဖြစ်သေးဘူး။ ဒါပေမဲ့ LED high performance lights တွေပါ။ ဈေးနှုန်း ကတော့ သိန်း ၁,၅၀၀ ဖြစ်ပြီး ရန်ကုန်လိုင်စင်နဲ့ရရှိမှာပါ။ ဈေးနှုန်းအပြောင်းအလဲတွေရှိနိုင်တဲ့အတွက် CarsDB website မှာ ရှိာဖွေပြီးဝယ်ယူတာပိုအဆင်ပြေပါလိမ့်မယ်။

အတွင်းခန်း

အတွင်းခုံတွေက Artico man made leather မဟုတ်ဘဲ တကယ့် leather စစ်စစ်နဲ့ နောက်ပြီး အပူ/အအေးပေးစနစ်နဲ့ဆိုတော့ အပူချိန်မြင့်တဲ့ကျနော်တို့နိုင်ငံအတွက် အရမ်းကို အဆင်ပြေစေပါတယ်။ ထိုင်ခုံအကျယ်အဝန်းကတော့ အနောက်နိုင်ငံသားတွေအတွက် သေးတယ်လို့ဆိုကောင်းဆိုနိုင်ပေမဲ့ အရှေ့သားတွေအတွက်တော့ အေးအေးဆေးဆေး သက်သောင့်သက်သာ လိုက်ပါစီးနင်းလို့ရတယ်။ နောက်ပြီး driver seat မှာတင်မကဘဲ front passenger seat မှာပါ seat memory ပါတယ်။

Driver display ကတော့ 2017 model ဖြစ်နေတဲ့အတွက်  digital display မဟုတ်သေးသလို LED ဒိုင်ခွက်လည်း မဟုတ်သေးဘူး။ 7-inch color infotainment display က touch screen လည်းမဟုတ်သေးတဲ့အတွက် သုံးရတာ သိပ်မကောင်းဘူးဖြစ်နေတယ်။ ဒီနေရာမှာတော့ Audi ရဲ့ infotainment တွေက ခေတ်ရှေ့ပြေးသလို Land Rover ရဲ့ Touch Pro Duo ကိုလည်း ပိုသဘောကျမိပါတယ်။ Audio ပိုင်းကတော့ Mercedes ရဲ့အမြင့်ဆုံး Burmester Audio စနစ်ကိုသုံးထားပြီး နားသောတပိုင်းအတွက် သိပ်ကောင်းတယ်လို့ ထောက်ခံပေးချင်ပါတယ်။

GLC ကူပေးရဲ့အတွင်းခန်းမှာ အားနည်းချက်အနေနဲ့ကတော့ နောက်ခန်းပဲဗျ။ အရပ်ရှည်တဲ့သူတွေအတွက် ခေါင်းမလွတ်တဲ့ ဟာမျိုးလေးတွေရှိတတ်ပါတယ်။ ဒါပေမဲ့ အာရှသားတွေအတွက်ကတော့ ယေဘုယျအဆင်ပြေမှာပါ။​ နောက်ပစ္စည်းထားခန်းမှာလည်း အဲဒီပြဿနာလေးရှိတယ်။ Coupé က SUV ဒီိဇိုင်းနဲ့ယှဉ်ကြည့်မယ်ဆိုရင် ခေါင်ကနေ နောက်ကို ပြေဆင်းသွားတာဖြစ်လို့ နောက် boot က ကျယ်ပေမဲ့ နိမ့်တယ်။ ဝင်ဆံ့မှုအပိုင်းလျော့သွားတယ်လို့ ပြောလို့ရပါတယ်။

မောင်းနှင်မှု

Mercedes-Benz ရဲ့ GLC 300 Coupé အင်ဂျင်က 2.0-liter turbocharged inline-4 ဓါတ်ဆီအင်ဂျင်။ Maximum power အနေနဲ့ကော့ GLC 300 ဖြစ်တဲ့အတွက် 241 hp အထိရရှိနိုင်ပြီး GLC 250 မှာဆိုရင်တော့ 211 hp လောက်ပဲရတာဗျ။ torque ကတော့  ၃၇၀ Newton Meter အထိရမယ်။ နောက်ပြီး 4 Matic All Wheel Drive စနစ်နဲ့ဗျ.. ။ ဒီစနစ်က GLC SUV မှာဆိုရင် options ဖြစ်ပြီး ဒီ ကူပေးမှာမှ standard အနေနဲ့ တစ်ခါတည်းရတာပါ။ 9-speed automatic transmission နဲ့ဆိုတော့ မောင်းရတာ အထူးညက်ညောမှုရှိတယ်။ ဇိမ်ကျမှုအပိုင်းအတွက်ကတော့ air suspension တွေမဟုတ်သေးပေမဲ့ Mercedes ရဲ့ အစဉ်အလာ suspension တွေကလည်း တော်တော်လေးအလုပ်ဖြစ်ပါတယ်။

Cruise control ပါတယ်။​ Adaptive တော့မဖြစ်သေးဘူး။​ ဒါကလည်း ပြောရမယ်ဆိုရင် အားနည်းချက်တစ်ခုလို့တော့ မပြောနိုင်ပါဘူး။ ကားရဲ့ grade အပေါ်မူတည်ပြီးကွာခြားမှုနည်းနည်းရှိနိုင်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ sporty ဆန်တဲ့ သတ္ထု paddle shifters တွေပါတာကိုတော့ လူငယ်တိုင်းသဘောကျကြမှာပါ။

Verdict

အခုသုံးသပ်ပေးသွားကတော့ ၂၀၁၇ Mercedes-Benz GLC 300 ကူပေးဖြစ်ပါတယ်။ ၂၀၂၀ model မှာဆိုရင်တော့ horse power ပိုကောင်းတဲ့ အင်ဂျင်၊​ grille ဒီဇိုင်းအသစ် LED မီးအသစ်တွေနဲ့ဖြစ်ပြီး infotainment screen ကလည်း လုံးဝကို အလန်းစား touch screen အကျယ်ကြီးနဲ့ရရှိမှာဖြစ်တဲ့အတွက် ပိုပြီးပြီးပြည့်စုံပါတယ်။ ဒါပေမဲ့ ၂၀၂၀ Mercedes-Benz GLC 300 ကူပေး AMG ရဲ့တန်ဖိုးက ဒေါ်လာ ၁၆၅,၀၀၀ ဆိုတော့ သိန်း နှစ်ထောင့်သုံးရာကျော်လောက်ရှိပြီး အခု ၂၀၁၇ ကတော့ သိန်း ၁,၅၀၀ ဆိုတော့...

Author