Mercedes-Benz GLB 200 2020 Review

0

Full article

Mercedes-Benz GLB 200 2020 fps review

Mercedes-Benz ရဲ့ 2020 ထုတ် GLB 200 က တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ ကားတစ်စီးဖြစ်တဲ့အတွက် Mercedes-Benz Myanmar မှာသွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ အမြန်ရိုက်ကူးခဲ့တာမို့လို့ fps ပုံစံလေးနဲ့ပဲစမ်းသပ်ရိုက်ကူးခဲ့တာပါ။ အားပေးကြပါဦးနော်။ Mercedes-Benz GLB 200 2020 ရဲ့ဈေးနှုန်းကိုတော့ ဒီ Link ▷ https://bit.ly/MercedesBenz_GLB200_Review မှာဝင်ရောက်ကြည့်ရှုနိုင်တဲ့အပြင် အသေးစိတ်အချက်အလက်တွေကိုပါ လေ့လာနိုင်ပါတယ်ခင်ဗျာ။ #REDLINEmedia #Mercedes_BenzGLB2002020

Posted by Redline Media on Monday, 24 August 2020

အားသာချက်

  • Compact ကားတွေထဲမှာ ကျယ်ကျယ်ဝန်းဝန်းရှိတယ်
  • မြို့တွင်း၊ အဝေးပြေး နှစ်မျိုးစလုံးအသုံးတည့်တယ်
  • တည်ငြိမ် ငြိမ်သက်ပြီး သက်သောင့်သက်သာမှုအပြည့်ရှိတယ်

အားနည်းချက်

  • လက်ရှိထက် ပိုနဲတဲ့ဈေးနှုန်းမျိုးနဲ့ဆိုရင် ပိုကောင်းမယ်
  • လက်တွေ့အသုံးကျနိုင်မှုပိုမိုတဲ့ ရွေးချယ်စရာတွေလိုအပ်တယ်
  • ပိုမိုအားကောင်းတဲ့အင်ဂျင်မျိုးနဲ့ဆိုရင်...


သုံးသပ်ချက်

ခုနှစ်စီးမြောက်ပါ။ ၂၀၁၈ ခုနစ်ကစတင်လိုက်တဲ့ Mercedes-Benz ရဲ့ ‘compact car platform’ ထဲက ခုနှစ်စီးမြောက် compact car ဖြစ်ပါတယ်။ A-Class hatchback ရှိတယ်။ A-Class Saloon ကိုမှ ပုံမှန် wheelbase လည်းရနိင်သလို long-wheelbase ပုံစံလည်းရနိုင်ခဲ့ပြီးပြီ။ သူ့နောက်မှာ B-Class mini-MPV ရှိသေးသလို CLA တံခါးလေးပေါက် coupé လည်းရှိသေးတယ်။ အဲဒါတွေအားလုံးရဲ့နောက်မှာက အခုဒီ GLB 200 ထွက်လာတာဖြစ်ပါတယ်။

GLB ဟာ GLA နဲ့ GLC ကြားထဲက လွတ်နေတဲ့ဟာကွက်ကို ဖြည့်ဆည်းထားတဲ့ တံတားတစင်းလို့လည်း ဆိုနိုင်ပါတယ်။ B-Class တွေထဲကမှ ပုံမှန်တဲ့ ၈.၄-လက်မ ပိုရှည်တဲ့အလျား၊ ၁.၄-လက်မပိုရှည်တဲ့ဗျက်၊ ၄-လက်မနီးပါးပိုမြင့်တဲ့ခေါင်ကို ပိုင်ဆိုင်ထားတဲ့ GLB ဟာ ပိုမိုတဲ့ခေါင်းနဲ့ခြေထောက်နေရာလွတ်တွေရရှိနိုင်တဲ့အပြင်ကိုမှ ခရီးသွားပစ္စည်းတွေကိုပါ ပိုပြီးဝင်ဆံ့လာပါတယ်။ ပစ္စည်းပစ္စယနည်းတဲ့အချိန်မျိုးမှာ ထိုင်ခုံအသေးနှစ်လုံးကို အသုံးပြုနိုင်တဲ့အတွက် ခုံသုံးတန်း ခုနှစ်ယောက်စီးဖြစ်သွားတဲ့အတွက် လိုအပ်တဲ့အချိန်မှာ လူများများတင်ဆောင်နိုင်တဲ့အရည်အချင်းနဲ့လည်း ပြည့်စုံလာစေတယ်။

GLB ဟာလက်ရှိအချိန်အထိတော့ Mercedes-Benz ရဲ့ compact ထုတ်ကုန်တွေထဲမှာ အကြီးမားဆုံးပါပဲ။ SUV အမျိုးအစားလို့လည်းပြောနိုင်သလို crossover လို့လည်းပြောကြပါတယ်။ Compact crossover SUV လို့ခေါ်ရင် ပိုများကောင်းမလားပဲ။

Mercedes-Benz GLB 200 ဟာ Volkswagen Tiguan Allspace ဒါမှမဟုတ် Nissan X-Trail ထက် အလျားပိုတိုပေမဲ့ Land Rover Discovery Sport ထက်တော့ ပိုရှည်တယ်။ အမြင့်မှာ ခုနပြောတဲ့ကားတွေလောက် မမြင့်ပေမဲ့ အကျယ်မှာတော့ Volkswagen တို့ Nissan တို့ထက်ပိုသာတယ်။ ဒါပေမဲ့ Land Rover Discovery Sport ကတော့ သူတို့ထဲမှာ ဗျက်အကျယ်ဆုံးပါပဲ။

အင်ဂျင်ပိုင်းအကြောင်းပြောရမယ်ဆိုရင် A-Class ၊ B-Class တွေနဲ့အတူတူပါပဲ။ 1.3-L four-cylinder ဓါတ်ဆီအင်ဂျင်နဲ့ရရှိနိင်သလို 2.0-L ဒီဇယ်အင်ဂျင်နဲ့လည်းရရှိနိုင်တယ်။​ Fps review ထဲမှာတွေ့ရတာကတော့ 1.3-L four-cylinder ဓါတ်ဆီအင်ဂျင်နဲ့ဖြစ်ပြီး ရှေ့ယက်အနေနဲ့သာရရှိနိုင်ပါတယ်။ AWD အဖြစ်နဲ့ 4Matic GLB ကိုလိုချင်ရင်တော့ ဒီဇယ်အင်ဂျင်တွေထဲက GLB 220d ကိုယူမှ တပါတည်းပါလာမှာဖြစ်တယ်။ 2.0-L ဒီဇယ်အင်ဂျင်နဲ့ GLB 200d မှာတော့ 4Matic က optional ဖြစ်သွားပါပြီ။ လိုချင်ရင် ပိုက်ဆံထပ်ကုန်မှာပါ။ Off-road pack ကိုလည်း extra drive mode မှာထပ်ပေါင်းထည့်လို့ရပေမဲ့ GLB 200 နဲ့လမ်းကြမ်းကြီးမှာမောင်းဖို့ကိုတော့ အားမပေးချင်ပါဘူး။

Transmission ပိုင်းမှာကအင်ဂျင်အားလုံးအတွက် 8-speed dual-clutch automatic bar နဲ့လာတာများတယ်။ Fps review ထဲက GLB 200 ကတော့ 7-speed automatic ပါ။ အမြင့်ဆုံးပါဝါကတော့ 163 Hp အထိရှိပြီး အမြင့်ဆုံး torque ကတော့ 250 Nm အထိထုတ်လွှတ်ပေးနိုင်စွမ်းရှိတဲ့အတွက် ကတ္တရာလမ်းတွေ ကွန်ကရစ်လမ်းတွေအပေါ်မှာတော့ လုံလောက်မှုအပြည့်ရှိတဲ့ စွမ်းဆောင်ရည်ကိုပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပါတယ်။

မောင်းကြည့်တဲ့အခါ

Mercedes-Benz GLB 200 မောင်းနှင်မှုနဲ့ပတ်သက်ပြီး အတိုဆုံးသုံးသပ်ချက်ကိုပေးပါဆိုရင်တော့ လွယ်ကူတာနဲ့ ချောမွေ့ရာမှာ ထိပ်တန်းအဆင့်ရှိနေတာပါပဲ။ နောက်တချက်က ဇိမ်ကျမှု၊ ဒီအပိုင်းမှာလည်း Mercedes တွေရဲ့အရည်အသွေးအရကြည့်မယ်ဆိုရင်တောင် အသင့်အတင့်ထက်ကိုပိုတဲ့အနေအထားပါ။

ဒီဇယ်အင်ဂျင်နဲ့ GLB 200d ဟာ 0-100kph နှုန်းမောင်းနှင်မှုအတွက် 7.6-sec ကြာမြင့်မှာဖြစ်ပေမဲ့ 1.3-L ဓါတ်ဆီအင်ဂျင်နဲ့ GLB 200 ကတော့ 9-sec လောက်ကြာမြင့်နိုင်မယ်လို့ ဆိုကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်နှုန်းမြင့်မောင်းနှင်မှု၊ စွမ်းဆောင်ရည်အသားပေးမှုဆိုတဲ့ အချက်တွေထက် လူများများတင်ဆောင်နိုင်မှု ဒါမှမဟုတ် ပစ္စည်းများများတင်ဆောင်နိုင်မှု၊ မောင်းနှင်ရာမှာလွယ်ကူချောမွေ့မှုပိုင်းကို ဦးစားပေးထားတဲ့ ကားတစီးအနေနဲ့ကတော့ သူ့နယ်ပယ်မှာတော့ ထိပ်တန်းအဆင့်က တပြားသားမှ လျော့စရာကိုရှိမနေပါဘူး။

အတွင်းခန်း

GLB 200 အတွင်းခန်းမှာက ပုံမှန်အတိုင်းဆိုရင် ၇-လက်မ touchscreen နှစ်လုံးနဲ့လာတာဖြစ်ပေမဲ့ fps review မှာပါတဲ့ GLB 200 ကတော့ AMG Line ဖြစ်တဲ့အတွက် ၁၀-လက်မ  မျက်နှာပြင်ကျယ် touchscreen infotainments တွေနဲ့ရရှိမှာဖြစ်ပါတယ်။ Mercedes-Benz ရဲ့ infotainments တွေအကြောင်းအသေးစိတ်ကိုတော့ ဒီမှာထည့်မပြောတော့ဘူး။ ယေဘုယျအနေနဲ့ BMUX UI သိပ်ကောင်းတယ်။​ Response ကလည်းကောင်းသလို သုံးလို့လည်း တော်တော်လေးလွယ်တယ်။ မောင်းနှင်မှု mode ပြောင်းတာတွေ၊ ထိုင်ခုံ adjustment တွေ နောက်ဆုံး ambient lighting အရောင်အမျိုးမျိုးပြောင်းတာတွေကအစ ထိန်းချုပ်နိုင်တဲ့အပြင်ကိုမှ Apple CarPlay နဲ့ Andriod Auto ပါအဆင်သင့်။ တခုတော့ရှိတယ်။​ Wireless စနစ်နဲ့တော့မဟုတ်သေးပါဘူး။ USB နဲ့ချိတ်ဆက်အသုံးပြုရမှာဖြစ်ပါတယ်။

တခုရှိတာက fps review မှာပါတဲ့ Mercedes-Benz GLB 200 က “Hey Mercedes” voice assistant အဖြစ်နဲ့ အသံနဲ့ထိန်းချုပ်စေခိုင်းတဲ့ function တော့ပါမလာပါဘူး။ ဒီ function က ဒီနိုင်ငံမှာ လူသုံးနည်းတယ်ဆိုပေမဲ့လို့ ကားမောင်းနေတဲ့အချိန်မှာဆိုရင် လက်တွေ၊ screen တွေကနေတဆင့် အလုပ်လုပ်မဲ့အစား အသံနဲ့ထိန်းချုပ်ခိုင်းစေနိုင်ခြင်းဟာ ထူးကဲတဲ့အားသာချက်လို့ ဆိုနိုင်ပါတယ်။

ထိုင်ခုံပိုင်း၊ အသုံးပြုထားတဲ့ materials တွေရဲ့ အရည်အသွေးကိုတော့ ထူးထူးခြားခြားမညွှန်းတော့ပါဘူး။ S-Class တွေလောက် မကောင်းဘူးဆိုပေမဲ့လို့ အများစုထက်တော့ ခေါင်းတလုံးပိုသာတဲ့ အရည်အသွေးမျိုးနဲ့ပါ။ ဒါဟာ Mercedes ပါပဲ။

ဝင်ဆံ့မှုအပိုင်းရကြည့်မယ်ဆိုရင်တော့ အခု fps review မှာပြထားတဲ့အတိုင်း ခုံသုံးတန်းစလုံးအသုံးပြုမယ်ဆိုရင်တော့ နောက်ခန်းဝင်ဆံ့မှုပိုင်းက တော်တော်လေးနည်းတယ်လို့ဆိုနိုင်ပေမဲ့ နောက်ဆုံးတန်းတတန်းထဲကိုခေါက်လိုက်မယ်ဆိုရင်တောင် ဝင်ဆံ့မှုက 700L အထိရရှိမှာဖြစ်ပြီး နောက်ခုံနှစ်တန်းလုံးကိုခေါက်လိုက်မယ်ဆိုရင်တော့ 1,680L အထိ ကျယ်ပြန့်တဲ့ဝင်ဆံ့မှုပမာဏကိုရရှိနိုင်မှာဖြစ်ပါတယ်။

Verdict

GLB 200 2020 ဟာ ပြောရမယ်ဆိုရင် Mercedes-Benz တွေထဲမှာတော့ တန်ဖိုးနဲကားတစီးဖြစ်ပါတယ်။ မြန်နှုန်းမြင့်မောင်းနှင်မယ်၊ ဇိမ်အကျဆုံးကားစီးမယ် စတဲ့ ဘာဘာညာညာ အပိုဆာဒါးတွေထက်စာရင် နေ့စဉ်ဘဝမှာ လက်တွေ့ကျကျအသုံးပြုစီးနင်းလို့ သိပ်ကောင်းတဲ့ကားတစီးကိုရှာနေမယ်၊ ငွေကြေးအနေနဲ့ကလည်း အမေရိကန်ဒေါ်လာ ၉၈,၀၀၀ လောက်ကစပြီးအသုံးပြုမယ်၊ Mercedes-Benz အမှတ်တံဆိပ်ကိုလည်း လိုချင်တဲ့သူတွေအတွက်တော့ GLB 200 2020 ဟာ သင့်တော်မှုရှိတဲ့ ကားတစီးပါပဲလို့ သုံးသပ်ပေးချင်ပါတယ်။

Author