Mercedes-Benz C-Class 2017 Model အကြောင်းသိကောင်းစရာ

0

Full article

C-Class ကို ၁၉၉၃ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး 190(W201) ဆိုတဲ့ ရှေ့ထုတ်မော်ဒယ်ရဲ့နေရာကို အစားထိုးရောင်းချဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ထုတ်လုပ်တဲ့ A-Class မော်ဒယ် မထွက်ခင်အထိ ကုမ္ပဏီက ထုတ်လုပ်သမျှထဲမှာ C-Class က ကိုယ်ထည်အသေးဆုံးမော်ဒယ်အဖြစ် ရှိနေခဲ့ပါတယ်။ ရှေ့ဘီးယက်အနေနဲ့ရော နောက်ဘီးယက် မော်ဒယ်တွေပါ ထုတ်လုပ်တဲ့အပြင် စွမ်းဆောင်ရည်မြင့်မြင့်ကြိုက်သူတွေအတွက်လည်း လေးဘီးယက်မော်ဒယ်ပါ ထုတ်လုပ်တာ တွေ့ရပါတယ်။

ရှေ့ပိုင်းမော်ဒယ်တွေကို ဆီဒင်ကိုယ်ထည်နဲ့ ထုတ်လုပ်ရောင်းချခဲ့ရာက ၂ဝဝဝ ခုနှစ်ကစပြီး မိသားစုသုံး Station Wagon အပြင် ၂ ယောက်စီး Coupe မော်ဒယ်အဖြစ်နဲ့ပါ ထုတ်လုပ်ဖြန့်ချီလာခဲ့ပါတယ်။ W202 မျိုးဆက်ကနေ စတင်ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ W203, W204, W205 တွေအဖြစ် မျိုးဆက်အဆင့်မြှင့်တင် ထုတ်လုပ်ခဲ့ပါတယ်။ လက်ရှိနောက်ဆုံးထုတ်လုပ်နေတဲ့ W205 တွေကိုတော့ ၂ဝ၁၄ ခုနှစ်ကနေ စတင်ပြောင်းလဲထုတ်လုပ်ပါတယ်။ အမိုးဖွင့်မော်ဒယ်အနေနဲ့ပါ ရနိုင်လာပါတယ်။

အားသာချက် . . .
၂ဝ၁၇ မော်ဒယ်မှာ ကိုယ်ထည်ပုံစံ နှစ်မျိုးရနိုင်ပါတယ်။ နှစ်မျိုးလုံးက ကိုယ်ထည်ဒီဇိုင်းအားလုံးကိုအသစ် ရေးဆွဲထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။ Coupe နှစ်ယောက်စီးပုံစံနဲ့ရော Convertible အမိုးဖွင့် မော်ဒယ် အနေနဲ့ပါ ရနိုင်လာတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ထုတ်လုပ်ခဲ့တဲ့ ဆီဒင်မော်ဒယ်ကို အခြေခံပြီး ကိုယ်ထည်ကိုချိုးဆစ်ထားတယ်လို့ သိရပါတယ်။

အတွင်းခန်းဒီဇိုင်းကို Hypercar တစ်စီးရဲ့ အတွင်းခန်းအပြင်အဆင်မျိုးနဲ့ ပွဲထုတ်လာခဲ့ပါတယ်။ ခေတ်ရှေ့ ပြေးတဲ့ ဒီဇိုင်းနဲ့ဖြစ်လာပြီး မြင်ရုံနဲ့ တန်းမြင့်ကားဆိုတာသိသာပေါ်လွင်စေတယ်။ အခင်းအကျင်းနဲ့ အပြင်အဆင်က ပြိုင် ဖက်ဇိမ်ခံမော်ဒယ်တွေထက် အနုစိတ်လာသလို နည်းပညာထည့်သွင်းမှုတွေ၊ အဝေးကနေ ပါကင်ထိုးနိုင်မှု၊ ကြိုးမဲ့ ဖုန်းအားသွင်းနိုင်မှု၊ အချက်ပြစနစ်တွေ၊ ဂြိုလ်တုအခြေပြု စနစ်တွေနဲ့ အလန်းစားဖြစ်လာပါတယ်။

အားနည်းချက် . . .

ပြိုင်ဖက်မော်ဒယ်တွေထက် ဈေးနှုန်းမြင့်ချင်နေပါတယ်။ ကားရဲ့ ဈေးနှုန်းပိုင်းကမြင့်သလို ထပ်ပြီးမွန်းမံမယ်၊ အဆင့်မြှင့်မယ်ဆိုရင်လည်း Package တွေက ဈေးများတယ်လို့ ဆိုပါတယ်။

သတင်းအချက်အလက်နဲ့ဖျော်ဖြေရေးစနစ်တွေကို နည်းပညာအစုံသုံးနိုင်အောင် ဖန်တီးထားတာက တစ်ဖက်ကကြည့်ရင် ကောင်းပေမယ့် တစ်ဖက်ကကြည့်ရင်လည်း အသုံးပြုရတာ နည်းနည်း ရှုပ်စေပြီး ရင်းနှီးဖို့ အချိန်ပေးရမှာဖြစ်ပါတယ်။ အထူးသဖြင့် စနစ်တစ်ခုကိုဖွင့်တော့မယ်ဆိုရင် အဆိုပါ စနစ်ကိုရှာရ၊ ဖွင့်ရ၊ ဝင်ရတာတွေက နည်းနည်းရှုပ်နေစေတယ်လို့ ဆိုပါတယ်။

မော်ဒယ်ခွဲများ...

AMG C43 အနေနဲ့လည်းရနိုင်ပြီး ၉ ချက်သုံး Auto စနစ်နဲ့ ဖြစ်ပါတယ်။ နောက်ဖက် ရိုက်ကူးကင်မရာမှာ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ထားတာတွေ့ရပြီး ဆီဒင်အနေနဲ့ရော တံခါးနှစ်ပေါက်စနစ်မော်ဒယ်ကိုပါ ရွေးချယ်နို်င်အောင် ထုတ်လုပ်ထားတာတွေ့ရပါတယ်။ C300, C350e, C63 စသဖြင့် မော်ဒယ်ခွဲအစုံလည်း ရနိုင်ပါတယ်။

အင်ဂျင်စနစ်နဲ့စွမ်းဆောင်ရည်...

ကိုယ်ထည်ဒီဇိုင်းစုံ မော်ဒယ်ခွဲစုံ ရွေးချယ်နိုင်မှုများသလို အင်ဂျင်ပိုင်းမှာလည်း ရွေးချယ်နိုင်စရာ 2.0, 3.0, 4.0 ဆိုပြီး ၃ မျိုးထိ ထုတ်ပါတယ်။ ၂.ဝ လီတာသုံး Turbocharged စနစ်ပါရှိတဲ့ အင်ဂျင်ကတော့ ရုန်းအား ၂၇၃ ပေါင်-ပေရှိပြီး မြင်းကောင်ရေ ၂၄၁ ကောင်အား ထွက်ပါတယ်။ နောက်ဘီးယက်စနစ်နဲ့လည်းရနိုင်သလို ဘီးစုံယက်စနစ်နဲ့လည်း လာပါတယ်။ ဒီအင်ဂျင်စနစ်ဆိုရင်တော့ ၇ ချက်သုံး Auto တစ်မျိုးတည်းရပါတယ်။ ဆီတစ်ဂါလံ ၂၆ မို်င်လောက်ထိအောင် ပျမ်းမျှစီးနင်းနိုင်ပြီး မိုင် ၆ဝ အမြန်နှုန်းကိုရောက်ဖို့ အချိန် ၆.၃ စက္ကန့်ပေးရမှာဖြစ်ပါတယ်။

၃.ဝ လီတာသုံး V6 အင်ဂျင်ကတော့ ရုန်းအား ၃၈၄ ပေါင်-ပေမှာ မြင်းကောင်ရေ ၃၆၂ ကောင်အားထိအောင် ထွက်ရှိမှာပါ။ ဒီအင်ဂျင်နဲ့ ဆိုရင်တော့ ၉ ချက်သုံး Auto ပုံစံနဲ့ပါရနို်င်ပြီး မိုင် ၆ဝ နှုန်းအမြန်နှုန်းကိုရောက်ဖို့ အချိန် ၄.၆ စက္ကန့်ပဲပေးရပါတယ်။

AMG C63 မော်ဒယ်မှာတော့ ၄.ဝ လီတာသုံး V8 အင်ဂျင်ကိုတပ်ဆင်ထားပြီး ရုန်းအား ၄၇၉ ပေါင်-ပေမှာ စွမ်းအင် မြင်းကောင်ရေ ၄၆၉ ကောင်အား ထိအောင် ထွက်ရှိမှာပါ။ C-Class တွေထဲမှာ စွမ်းဆောင်ရည် အကောင်း ဆုံးဖြစ်လာပါတယ်။ သူ့ကို ၇ ချက် Auto နဲ့ရနိုင်ပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာတော့ မိုင် ၆ဝ နှုန်းကိုရောက်ဖို့ ၃.၉ စက္ကန့်ကနေ ၄.ဝ စက္ကန့်ကြားပဲ ကြာမှာဖြစ်ပါတယ်။

ENGINE TYPE: အင်ဂျင်အမျိုးအစား ( Sedan C 300 )
Front-engine, Intercooled Turbo Premium Unleaded I-4, 2.0 L
TRANSMISSION: ဂီယာစနစ်
Rear wheel drive(နောက်ဘီးယက်စနစ်) , 7G-TRONIC PLUS 7-Speed Automatic
DIMENSIONS: အတိုင်းအတာ
Wheelbase ( အောက်ဘီးထောက်ကြား ပမာဏ): 111.8 in
Length (ကားအလျား): 184.5 in
Width (ကားအကျယ်အဝန်း): 71.3 in
Height (ကားအမြင့်): 56.8 in
Cargo volume (ပစ္စည်းတင်ခန်းအကျယ်အဝန်း): 12.6 cu ft
Curb weight (ကားအလေးချိန်): 3417 lb
PERFORMANCE း စွမ်းဆောင်ရည်
Zero to 60 mph: 6.3 sec

FUEL ECONOMYဆီစားနှုန်း(တစ်ဂါလံနှုန်း)
ပျမ်းမျှမြို့တွင်း- ၂၄ မိုင်
ပျှမ်းမျှမြို့ပြင်- ၃၄ မိုင်

Photos Credit to m.mercedes-benz.com.sg

Author