Mazda ရဲ့ အောင်မြင်မှုရ Supermini Demio ရဲ့မျိုးဆက်တွေအကြောင်း

0

Full article

![](/redline/content/images/2017/06/2017-mazda2-300x183.jpg)

Photo Credit

Demio က ၁၉၉၆ ခုနှစ်ကတည်းက ယနေ့အချိန်ထိ ထုတ်လုပ်ဖြန့်ချိပေးနေရတဲ့ Mazda ရဲ့ သက်တမ်းရှည် Supermini ပဲဖြစ်ပါတယ်။ Mazda 2 အဖြစ်လဲ လူသိများကြပါတယ်။ ဝယ်လက်တွေရဲ့ ဝယ်ယူအားပေးမှုနဲ့ ယုံကြည်မှုကို အခိုင်အမာရယူထားနိုင်တဲ့ မော်ဒယ်ဖြစ်သလို ထုတ်လုပ်တဲ့သမိုင်းတစ်လျှောက်မှာလည်း ဆုတံဆိပ်တွေ ရယူထားနိုင်တာတွေ့ရပါတယ်။ ၂ဝဝ၈ မော်ဒယ်မှာ World Car Of The Year ဆု၊ ၂ဝ၁၄-၁၅ ခုနှစ်ထုတ်မော်ဒယ်မှာ Car Of The Year ဆုတွေကို ဆွတ်ခူးနိုင်ခဲ့တာတွေ့ရပါတယ်။

ထုတ်လုပ်မှုသက်တမ်း နှစ် ၂ဝ ကျော်ကာလအတွင်းမှာ မျိုးဆက်အဆင့်မြှင့်တင်မှုကိုလည်း ၄ ကြိမ်တိုင်အောင်လုပ်ဆောင်ထားပြီးတာတွေ့ရပါတယ်။

ပထမမျိုးဆက် (1996–2002)

ပထမဆုံးအကြိမ် မျိုးဆက်အဆင့်မြှင့်တင်မှုကို ၁၉၉၆ ခုနှစ်မှာ လုပ်ဆောင်ခဲ့ပါတယ်။ ယင်းမျိုးဆက်တွေကို ဂျပန်နိုင်ငံ၊ စပိန်နိုင်ငံနဲ့ ကိုလံဘီယာနိုင်ငံတွေမှာ တံခါးငါးပေါက် Hatchback မော်ဒယ်အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

Mazda ရဲ့ DW Platform ကို အခြေခံပြီး ဖန်တီးထုတ်လုပ်ပါတယ်။ ရှေ့ဘက်အင်ဂျင်အထိုင်စနစ်မှာ ရှေ့ဘီးယက်စနစ်နဲ့ ထုတ်လုပ်ခဲ့တာကြောင့် စွမ်းအင်လေလွင့်မှုနည်းပြီး ဆီစားလည်းသက်သာတဲ့ မော်ဒယ်ဖြစ်ပါတယ်။ ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီဆိုပြီး အင်ဂျင် ၂ မျိုး ရွေးချယ်နိုင်အောင် ထုတ်လုပ်ပေးခဲ့ပါတယ်။

ဒုတိယမျိုးဆက် (2002–2007)

၂ဝဝ၂ ခုနှစ်မှာ ဒုတိယအကြိမ်မျိုးဆက်အဆင့်မြှင့်တင်မှုကိုလုပ်ဆောင်ခဲ့ပြီး ယင်းမျိုးဆက်တွေကို Mazda 2 အဖြစ် လူသိများခဲ့ပါတယ်။ ကိုလံဘီယာစက်ရုံမှာ မထုတ်လုပ်တော့ပဲ ဂျပန်နဲ့စပိန်မှာပဲ ထုတ်လုပ်ပါတော့ တယ်။

ပထမမျိုးဆက်တုန်းက ဒီဇိုင်းကိုပဲ ပြောင်းလဲမှုမရှိ ထုတ်လုပ်ထားပါတယ်။ ဒုတိယမျိုးဆက်မှာတော့ Mazda က စွမ်းဆောင်ရည်ကောင်းကောင်းကြိုက်သူတွေအတွက် လေးဘီးယက်စနစ်နဲ့ပါ ရနိုင်အောင် ထုတ်လုပ်ပေး လာတာတွေ့ရပါတယ်။ ဒီလိုပဲ အင်ဂျင်စနစ်မှာလည်း ၁.၃၊ ၁.၅၊ ၁.၂၅၊ ၁.၄၊ ၁.၆ လီတာသုံး ဓါတ်ဆီတွေအပြင် ၁.၄ လီတာသုံး ဒီဇယ်အင်ဂျင်တွေပါ အမျိုးအစားစုံအောင် ထုတ်လုပ်ပေးလာခဲ့ပါတယ်။ Mazda က ဈေး ကွက်ချဲ့ဖို့ အထူးအလေးထားခဲ့သလို ဝယ်လက်တွေအနေနဲ့လည်း ရွေးချယ်နိုင်ခွင့်ပိုရခဲ့တာကြောင့် ဒီမျိုး ဆက်မှာ ပိုပြီးလူကြိုက်များလာခဲ့ပါတယ်။ ဂျပန်ပြည်တွင်းမှာဆို ရောင်းအားအကောင်းဆုံး အဆင့် ၇ ထိ တက်နိုင်ခဲ့တာတွေ့ရပါတယ်။

တတိယမျိုးဆက် (2007-2014)

Mazda Demio facelift

၂ဝဝ၇ ခုနှစ် မေလမှာ စတင်ထုတ်လုပ်ခဲ့တယ်လို့ဆိုပေမယ့် မော်ဒယ်နှစ်ကိုတော့ ၂ဝဝ၈ ခုနှစ် အနေနဲ့ ဖြန့်ချိပါတယ်။ ဈေးကွက်ကျယ်ပြန့်လာသလို စက်ရုံတွေကိုလည်း တိုးချဲ့ထုတ်လုပ်လာတာတွေ့ရပါတယ်။ တရုတ်၊ ထိုင်း၊ ကိုလံဘီယာ၊ အီရန်နဲ့ ဗီယက်နမ်တွေမှာပါ ထုတ်လုပ်လာပါတယ်။ တတိယမျိုးဆက်မှာတော့ တံခါး ၄ ပေါက်စနစ် ဆီဒင်အနေနဲ့ပါရနိုင်လာပါတယ်။

လေးဘီးယက်စနစ်မော်ဒယ်တွေ ထုတ်လုပ်တာကို ရပ်နားလိုက်ပြီး အင်ဂျင်ပိုင်းမှာလည်း ၁.၃၊ ၁.၅ ဓါတ်ဆီအင်ဂျင်စနစ်နဲ့ ၁.၄၊ ၁.၆ လီတာသုံး ဒီဇယ်အင်ဂျင်စနစ်တွေကိုပဲ ထုတ်လုပ်ဖြန့်ချိပါတယ်။ ရုန်းအားယူစနစ်မှာတော့ ၄ ချက် Auto နဲ့ ၅ ချက် Manual တွေ အပြင် နောက်ပိုင်းမှာ လူကြိုက်များလာတဲ့ CVT စနစ်နဲ့ပါ တွေ့လာရပါတယ်။

စတုတ္ထမျိုးဆက် (2014-လက်ရှိ)

2014 Mazda Demio

၂ဝ၁၄ ခုနှစ်မှာ အဆင့်မြှင့်တင်ခဲ့ပါတယ်။ Mazda3, Mazda CX-3 မော်ဒယ်တွေနဲ့ နည်းပညာချင်း နီးစပ်တာ တွေ့လာရပါတယ်။ Mazda ရဲ့ နာမည်ကြီးနည်းပညာ SkyActiv နဲ့အခြေခံလာပါတယ်။ Hatchback အနေနဲ့ရော ဆီဒင်အနေနဲ့ပါ ထုတ်လုပ်လာတဲ့ မျိုးဆက်သစ်မှာ ၁.၅ လီတာသုံး ဒီဇယ်အင်ဂျင်၊ ၁.၃၊ ၁.၅ လီတာသုံးဓာတ်ဆီအင်ဂျင်တွေနဲ့ ပွဲထုတ်လာတာတွေ့ရပါတယ်။ ၆ ချက်သုံး Auto နဲ့ Manual စနစ်တွေ ရလာပေမယ့် CVT စနစ်တော့ ပြုတ်သွားပါတယ်။

Mazda ရဲ့ Demio က အစဉ်အလာကောင်းတွေနဲ့ ဝယ်လက်တွေရဲ့ ယုံကြည်မှုနဲ့ အားပေးမှုကို သက်တမ်းရှည်ရှည်ရယူထားနိုင်တဲ့ Supermini တစ်စီးလို့ဆိုနိုင်ပါတယ်။

Ye Ko Ko

Author