Maserati Levante 2019 Review (International)

0

Full article

Maserati Levante 2019 ဟာ ကြည့်လို့အရမ်းမိုက်တဲ့ ပုံစံရှိပြီး မောင်းရာမှာလည်း တကယ့်ကို နှစ်သက်မြတ်နိုးစရာပါ။ အနောက်ထိုင်ခုံ ကျယ်ဝန်းမှုမရှိတာနဲ့ အတွင်းပိုင်းတည်ဆောက်ပုံ အံ့အားသင့်ဖွယ်ရာ မဖြစ်တာကတော့ အားနည်းချက်လို့ ဆိုနိုင်ပါတယ်။

အားသာချက်

  • လက်ရှိ SUV ဈေးကွက်အတွင်း အလှအပဆုံးကားတစ်စီးဟု လူပြောများ
  • အကွေ့အကောက်များတွင် အံ့သြဖွယ်ရာ သွက်လက်လျင်မြန်
  • အစဉ်တစိုက် နာမည်ကျော်ခဲ့ပြီး လျင်မြန်မှုမှာထိပ်တန်းရှိတဲ့ ဓါတ်ဆီအင်ဂျင်

အားနည်းချက်

x အရပ်ရှည်သူများအတွက် ခြေထောက်မလွတ်သော အနောက်လူစီးခန်း
x ပေါချောင်ကောင်း အရသာကိုပေးတဲ့ တချို့ ပလတ်စတစ်တွေ
x အဆင့်မြင့် နည်းပညာပိုင်းအားနည်းမှု

သုံးသပ်ချက်

စတိုင်နဲ့ လျင်မြန်မှုက Maserati ရဲ့ အမှတ်အသားပါ။ ဒီလို Maserati ရဲ့ အမှတ်အသားကိုလိုချင်သူတစ်ယောက်ဟာ အနောက်ခန်းမှာ ကလေးတွေကိုပဲ တင်စီးဖို့ရည်ရွယ်ချက်ရှိရင်တော့ Levante ဟာ သူ့အတွက် အလိုအပ်ဆုံး SUV တစ်စီးဖြစ်လာနိုင်ပါတယ်။
ခပ်ကျဲကျဲတန်းတွေနဲ့ grille ၊ သန်မာတဲ့ပုံစံရှိတဲ့ ခွေ ဒီဇိုင်း၊ အနောက်ကိုဆင်းသွားတဲ့ အမိုးရဲ့ပုံစံတွေဟာ တွေ့မိသူတွေရဲ့အကြည့်ကို sport ကားတွေလိုမျိုး ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် sport ကားတွေလိုမျိုးမဟုတ်တဲ့ ခပ်မတ်မတ် ကိုယ်ထည်ပုံစံကတော့ ကျယ်ဝန်းတဲ့ နေရာလွတ်နဲ့ ပိုမိုကျယ်ပြန့်တဲ့မြင်ကွင်းတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
အတွင်းခန်းထိုင်ခုံအသားတွေကတော့ ပိုးသားလိုချောမွေ့တဲ့ သားရေဖုံးတွေနဲ့ဖြစ်ပြီး တောက်ပြောင်တဲ့ chrome တွေ၊ carbon fibre trim တွေကတော့ model နဲ့လိုက်ပြီး အနည်းငယ်ကွဲပြားပါလိမ့်မယ်။
Audi ရဲ့ Q7 မှာက အရည်အသွေးပိုမိုကောင်းမွန်တဲ့ ပလတ်စတစ်တွေအသုံးပြုထားတာနဲ့ ပိုပြီးအားပါးတရရှိလှတာမှန်ပေမယ့် Maserati ရဲ့ owner manual မှာ အနုစိတ်တပ်ဆင်ပေးထားတဲ့ ပစ္စည်းတွေအကြောင်းကို အသေးစိတ် ဖေါ်ပြပေးထားတာမျိုးကတော့ ဝယ်ယူစီးနင်းမယ့်သူတွေကို ထူးထူးကဲကဲအဖိုးတန်တဲ့ ခံစားမှုမျိုး ရရှိစေပါတယ်။ ဥပမာ ထိုင်ခုံသားရေဖုံးတွေဆိုရင်ပဲ ပါဝင်တဲ့ အလွှာတစ်လွှာချင်းစီအလိုက် အသေးစိတ်ဖေါ်ပြပေးထားတာပါ။
ဒါပေမယ့် infotainment စနစ်ရဲ့ အဆင့်မြင့်နည်းပညာပိုင်းမှာတော့ Levante ဟာ အပေါင်းလက္ခဏာ မဆောင်လှပါဘူး။ သူ့ရဲ့အကောင်းဆုံးဆိုတဲ့စနစ်က Audi Q7 အဟောင်းရဲ့ အခြေခံ model လောက်ပဲရှိတာတွေ့ရတယ်။
Maserati Levante ရဲ့ အားသာချက်တစ်ခုက ချိန်ညှိနိုင်တဲ့ pedals တွေပါ။ ဒါမျိုးက Maserati ရဲ့ ထုတ်ကုန်တွေမှာပဲ ပါတာပါ။ ထိုင်ခုံ၊ လက်ကိုင်ခွေ ဒါတွေကိုလည်း အပြည့်အဝချိန်ညှိနိုင်တာတွေ့ရပါတယ်။ ထိုင်လို့၊ မောင်းလို့ သက်သောင့်သက်သာဖြစ်တယ်ဆိုတဲ့နေရာမှာ ကိုယ်နဲ့အံဝင်အောင် ချိန်ညှိနိုင်ခြင်းကလည်း အရေးပါတဲ့အချက်တစ်ခုပါပဲ။
အတိုချုံးသုံးသပ်ရရင်တော့ Maserati Levante အသစ်ဟာ ကြီးမားတဲ့ SUV ကိုယ်ထည်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားပြီး sport ကားတစ်စီးလိုမျိုး မောင်းနှင်နိုင်စွမ်းရှိတဲ့ အဖိုးတန်ကားတစ်စီးလို့ပဲ ဆိုရမှာပါ။

အတွင်းခန်း

အတွင်းခန်းနဲ့ပတ်သက်ရင် ပြောစရာဖြစ်တဲ့ အနောက်ခန်းနဲ့ 'စ' လိုက်ချင်ပါတယ်။ တကယ်လို့သာ Maserati Levante ရဲ့ အနောက်ခန်းမှာ အရပ်မြင့်တဲ့သူတွေလိုက်မယ်ဆိုရင်တော့ ပြွတ်သိပ်သလိုဖြစ်နေတော့မယ့် ပုံမျိုးပါ။ အထူးသဖြင့် အရှေ့ထိုင်ခုံမှာ ထိုင်တဲ့သူတွေကလည်း အရပ်မြင့်တဲ့သူတွေချည်းဖြစ်နေရင်ပေါ့။ ထူးဆန်းတာက အနောက်အလယ်မှာထိုင်ရခြင်းဟာ ဘေးတစ်ဖက်တစ်ချက်ထက်စာရင် ပိုပြီးသက်သောင့်သက်သာဖြစ်တာ တွေ့ရတာပါပဲ။
အတွင်းခန်းအကုန်လုံးကို ကြည့်မယ်ဆိုရင်တော့ အံ့အားသင့်ဖွယ်ရာ ထူးခြားမှု မရှိပေမယ့် အီတလီထုတ်ကုန်ဖြစ်တဲ့အတိုင်း ဖက်ရှင်ကျမှု၊ အရည်အသွေးကောင်းမွန်မှုနဲ့ ဒီဇိုင်းပိုင်းသာလွန်မှုတွေကတော့ ရှိနေမြဲပါပဲ။ ဒီဇိုင်းပိုင်းအနေနဲ့ အီတလီထုတ်ကုန်ဖြစ်တဲ့အတွက် ပိုပြီးမျှော်လင့်ထားတာကြောင့် အံအားသင့်ဖွယ်ရာမရှိဘူးလို့ဆိုလိုတာပါ။ သိတယ်မလား။ ဖက်ရှင်ဒီဇိုင်းမှာတော့ အီတလီက ကမ္ဘာပေါ်မှာ ဆရာကြီးပဲလေ။ အီတလီအခြေစိုက် Maserati ထုတ်ကုန်တွေမှာက အနုပညာလက်ရာမြောက် ဖက်ရှင်ဒီဇိုင်း အငွေ့အသက်တွေက အပြည့်နဲ့ပါ။

လက်တွေ့ဆိုရင်

Maserati Levante ရဲ့ boot အရွယ်အစားကိုတော့ ရက်ရက်ရောရောထည့်ပေးထားပြီး ပြန့်ပြူးတဲ့အတွက် အလေးအပင်တွေကိုတင်ရမှာ လွယ်ကူစေပါတယ်။ အနောက်ဖုံးတံခါးဟာ ခပ်ကျယ်ကျယ်ဖွင့်နိုင်တဲ့အတွက်လည်း ပစ္စည်းပစ္စယထည့်ရသွင်းရ လွတ်လွတ်လပ်လပ်ရှိတာကို တွေ့ရပါတယ်။
ဒါပေမယ့် သေချာတာတစ်ခုက ဘယ်သူမှ Maserati Levante ကို လက်တွေ့အသုံးကျလှလို့ဆိုပြီး ဝယ်ယူမှာမဟုတ်ပါဘူး။ စိတ်တက်ကြွဖွယ်ရာဖြစ်လို့၊ Maserati အမှတ်တံဆိပ်ကို ချစ်မြတ်နိုးလို့၊ ကျေနပ်ပျော်ရွှင်စရာကောင်းလို့ ဝယ်မယ့်သူတွေချည်း များနေမှာပါ။ လက်တွေ့အသုံးကျနိုင်စွမ်းထက်စာရင် လက်တွေ့စွမ်းဆောင်ရည်ပိုင်းမှာ အလေးသာလှတဲ့ ကားတစ်စီးဖြစ်နေတာကြောင့် Maserati Levante အသစ်ရဲ့ စွမ်းဆောင်ရည်ကို နှစ်သက်တဲ့ SUV အမျိုးအစား မောင်းနှင်ချင်သူတွေအတွက်တော့ သည်းခြေကြိုက် ကားတစ်စီးဖြစ်မှာ အသေအချာပါပဲ။

မောင်းနှင်မှု

စွမ်းဆောင်ရည်ပိုင်းမှာ Maserati Levante ဟာ တကယ့်ကို စွမ်းအားအပြည့်နဲ့စီးပိုင်နေတာပါပဲ။ သူ့ရဲ့ steering က ခပ်တင်းတင်းနဲ့ တိကျလှပြီး ဘရိတ်ကတော့ စိတ်ချလောက်စရာ မြဲမြံပါတယ်။ ဒါပေမယ့် ထောင့်ချိုးကွေ့တွေကို အရှိန်နဲ့ကွေ့ပြီး ဘရိတ်နင်းတဲ့အခါမျိုးမှာတော့ နည်းနည်းသတိထားရပါလိမ့်မယ်။
Levante အသစ်မှာတပ်ဆင်ပေးထားတဲ့ 430hp ထွက်ရှိတဲ့ 3.0-litre twin-turbocharged V6 အင်ဂျင်ကတော့ တကယ့်ကို အားရစရာပါပဲ။ အားကောင်းတဲ့ကားဖြစ်တာနဲ့အညီ ဓါတ်ဆီအင်ဂျင်နဲ့ Levante အသစ်ကို ပိုမိုနှစ်သက်ပြီး အင်ဂျင်သံကလည်း ခွန်အားဖြစ်စေမယ့်အသံမျိုးပါ။ အမြန်ဆုံး အင်ဂျင်ရွေးချယ်မှုအဖြစ်နဲ့ 0-60mph ကို ၅.၂ စက္ကန့်ထဲနဲ့ အရှိန်တင်လို့ရတာကလည်း SUV အများစုမှာ တွေ့ရခဲတဲ့စွမ်းဆောင်ရည်လို့ပြောလို့ရပါတယ်။
မြင်ကွင်းပိုင်းအရ အရှေ့ခြမ်းမှာ ရှင်းလင်းပေမယ့် အနောက်လေကာမှန်က ဘောင်တွေကတော့ အနောက်ကြည့်မှန်ကြည့်ရာမှာ အခက်အခဲနည်းနည်းရှိမယ့်ပုံပါ။ ဒါပေမယ့် ၃၆ဝ ကင်မရာတပ်ဆင်ပေးထားတာဖြစ်တဲ့အတွက် ကြီးမားတဲ့ ပြဿနာကြီးတစ်ခုတော့ မဟုတ်ပါဘူး။
ဘယ်လိုအားနည်းချက်တွေကို ဘယ်လိုပုံစံနဲ့ပဲပြောပြောပါ။ ကားဆိုတာ မောင်းဖို့ဖြစ်ပါတယ်။ Maserati ရဲ့ အရသာမျိုးမောင်းချင်ရင်တော့ Maserati ကိုဝယ်ယူမောင်းနှင်မှပဲရမှာပါ။

ပါဝင်တဲ့အချက်တွေ

Maserati Levante မှာ UK trim အနေနဲ့ Standard ၊ GranLusso ၊ GranSport ၊ S ၊ GranLusso S ၊ GranSport S ဆိုပြီး ၆ မျိုးတောင်မှရှိတာပါ။

Standard

Standard trim မှာက ၁၈ လက်မ Borea အလွိုင်းခွေနဲ့လာတာဖြစ်ပြီး adaptive air suspension ၊ သတ္ထု အရှေ့ grille ၊ Bi-Xenon အရှေ့မီးတွေတပ်ဆင်ပေးထားတာတွေ့ရပါတယ်။ ယာဉ်မောင်းသူထိုင်ခုံက electric နဲ့ချိန်ညှိနိုင်ပြီး ကျန်တာတွေကတော့ manual ပါ။ ထိုင်ခုံတွေအားလုံးက သားရေဖုံး အနက်ရောင်တွေပါ။ DAB ရေဒီယိုပါဝင်တဲ့ infotainment စနစ်ကတော့ ၈.၄ လက်မ မျက်နှာပြင်နဲ့ဖြစ်ပြီး ဂြိုဟ်တုလမ်းညွှန်၊ အနောက်ဖုံး ပါဝါနဲ့ ကြမ်းပြင်က ကော်ဇောခင်းထားတာတွေ့ရပါတယ်။
Standard trim မှာ အင်ဂျင်ပိုင်းရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ V6D Auto နဲ့ V6 Auto ပါ။ V6D Auto က 3.0 litre ဒီဇယ်အင်ဂျင်ဖြစ်ပြီး 275hp ထွက်ရှိကာ automatic gearbox နဲ့ 4WD ပါ။ 0-60mph ကို ၆.၉ စက္ကန့်ထဲနဲ့အရှိန်တင်မောင်းနှင်နိုင်ပြီး ဆီစားနှုန်းကတော့ 34mpg ရှိတယ်ဆိုပြီး Maserati ကဆိုထားပါတယ်။ ထုံးစံအတိုင်း လက်တွေ့မှာ 10mpg လောက်လျော့သွားနိုင်ပါတယ်။ V6 Auto ကတော့ 3.0 litre ဓါတ်ဆီအင်ဂျင်ဖြစ်ပြီး 350hp အထိ ပါဝါထွက်ရှိနိုင်ပါတယ်။ Automatic gearbox နဲ့ 4WD ပါပဲ။ 0-60mph ကို ၆ စက္ကန့်ထဲနဲ့တင်နိုင်တဲ့ကားတစ်စီးဖြစ်လို့ တော်တော်မြန်တဲ့ကားတစ်စီးပါ။ ဆီစားနှုန်းကတော့ 23mpg အထိရှိလို့ 10mpg သာလျော့တွက်လိုက်မယ်ဆိုရင် ဆီစားနှုန်းတော်တော်မြင့်တဲ့ကားတစ်စီးပါပဲ။

GranLusso

GranLusso ဆိုရင်တော့ ၁၉ လက်မ အလွိုင်းခွေနဲ့လာမှာပါ။ ကျန်တာတွေကတော့ Standard အတိုင်းပါလာမှာဖြစ်ပြီး အင်ဂျင်ပိုင်းကလည်း Standard နဲ့ကွာခြားမှုမရှိပါဘူး။ Trim တစ်မျိုးချင်းစီမှာ အတွင်းပိုင်း trim စတိုင် ကွာခြားမှုတော့ နည်းနည်းစီရှိပါတယ်။

GranSport

လက်မ ၂ဝ အလွိုင်းခွေနဲ့ GranSport ကလည်း အင်ဂျင်ပိုင်းကအစ Standard ၊ GrandLusso တို့နဲ့ သိပ်ကွာခြားမှုမရှိတာတွေ့ရပါတယ်။

S

S trim မှာက ၁၈ လက်မ အလွိုင်းခွေတပ်ဆင်ပေးထားပြီး ပါဝင်တဲ့ features တွေကတော့ Standard ၊ GranLusso ၊ GranSport တွေနဲ့ ကွာခြားမှုသိပ်မရှိလှပါဘူး။ ဒါပေမယ့် အင်ဂျင်ပိုင်းကတော့ ပြောင်းသွားပါပြီ။ တစ်ခုတည်း ရွေးချယ်စရာမရှိပါ။ 3.0L ဓါတ်ဆီ 430hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်နိုင်မယ့် V6 Auto အင်ဂျင်ပါ။ 0-60mph ကို ၅.၂ စက္ကန့်ထဲနဲ့ အရှိန်မြှင့်တင်နိုင်မှာဖြစ်ပြီး ဆီစားနှုန်းကတော့ 24mpg ရှိတယ်လို့ Maserati ကဆိုထားပါတယ်။

GranLusso S

၁၉ လက်မ အလွိုင်းခွေနဲ့ Gran Lusso S ကလည်း ပြောရမယ်ဆိုရင် GranLusso ကို S အင်ဂျင်တပ်ဆင်ပေးထားတာပါပဲ။ အတွင်းပိုင်း trim စတိုင်မှာတော့ ပြောင်းလဲမှုအနည်းငယ်ရှိပါတယ်။

GrandSport S

ထုံးစံအတိုင်းပါပဲ။ လက်မ ၂ဝ အလွိုင်းခွေနဲ့ GranSport S ဟာ GrandSport ကို S အင်ဂျင်တပ်ဆင်ပေးထားတာပါ။ ထုံးစံအတိုင်းပါပဲ။ Trim စတိုင်အပြောင်းအလဲအနည်းငယ်တော့ရှိပါတယ်။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref : Maserati Levante Review by Mat Watson

Author

Comments