Lexus RX 350 2013 Review (Local)

0

Full article

Lexus ဆိုတာကတော့ သိကြတဲ့အတိုင်း Toyota ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဇိမ်ခံကား အကောင်းစားတွေပဲ ထုတ်လုပ်လေ့ရှိတဲ့ အမှတ်တံဆိပ်ပါ။ ဒီတစ်ပတ် မော်တော်ယာဉ်သုံးသပ်ချက်အနေနဲ့ 2013 ထုတ် Lexus RX 350 ကိုရွေးချယ်ထားပါတယ်။ 2013 model ဖြစ်လို့ ဟောင်းနေပေမယ့် ထူးခြားတာက အနောက်ပစ္စည်းထားခန်းရဲ့ ဝင်ဆံ့မှုပါ။ 2019 Lexus RX 350 မှာတောင် အနောက်ပစ္စည်းထားခန်းဝင်ဆံ့မှုက 453 litres သာရှိပြီး ဒီ 2013 model မှာတော့ 745-770 litres လောက်အထိရှိတဲ့ ပိုမိုတဲ့ဝင်ဆံ့မှုကိုရရှိစေမှာတော့ အသေအချာပါပဲ။

အားသာချက်

  • တည်ဆောက်ပုံအရည်အသွေးကောင်းတယ်
  • အဆင့်မြင့် tools တွေစုံလင်တယ်
  • ဇိမ်ကျတယ်

အားနည်းချက်

  • Joystick ကသုံးရတာ နည်းနည်းအခက်အခဲရှိတယ်
  • တန်ဖိုးတအားကြီးတယ်
  • လူငါးယောက်စီးဖြစ်ပေမယ့် လေးယောက်စီးနင်းမှသာ ဇိမ်ကျမှုအမြင့်ဆုံးရရှိနိုင်

သုံးသပ်ချက်

Lexus RX 350 ၂၀၁၃ ကတော့ သက်သောင့်သက်သာအရှိဆုံး လူ ၅ ယောက်စီး SUV ဖြစ်ပါတယ်။
အရှေ့ bumper ဒီဇိုင်းနဲ့ကိုယ်ထည်အချိုးက sporty ဆန်တယ်။ Lexus တွေမှာသာပါတဲ့ X ပုံစံ grille ဒီဇိုင်းက ဒီ ၂၀၁၃ မှာ ပိုလန်းလာတယ်။ အရှေ့မီး၊ signal မီး၊ ဘရိတ်မီး၊ Day light အားလုံးက LED။ အောက်မှာကလည်း Fog lamps နဲ့။ လုံးဝကို sporty luxury ဒီဇိုင်းပါပဲ။ ဒီထက်ပိုပြီး sporty ဖြစ်တာလိုချင်ရင်တော့  Lexus ရဲ့ F-Sport trim ကို ရွေးချယ်လို့ရပါသေးတယ်။
အရှေ့ဘက်ကကြည့်မယ်ဆိုရင် Lexus RX 350 ရဲ့ ဒီဇိုင်းကခံ့တယ်။ ဘေးဘက်ကကြည့်ရင်လည်း လေခွင်းအားကောင်းမယ်ဆိုတာ အမြင်ကြည့်ရုံမျှနဲ့သိသာလှပါတယ်။ ဘီးတွေက 18-inch အလွိုင်းခွေတွေ။ ဘီးအပိုကလည်း 18-inch အလွိုင်းခွေနဲ့ပဲဖြစ်တာမို့လို့အားလုံးဆိုဒ်ပြည့်ပဲ။

"Ground clearance ကတော့ဒီနိုင်ငံနဲ့ ကွက်တိ။ 7.3-inch အထိမြင့်လို့ slow down မြင့်မြင့်ကြီးတွေကိုငြိမ့်ငြိမ့်လေးကျော်သွားလို့ရတယ်။"

အနောက်ကကြည့်မယ်ဆိုရင်လည်း Lexus RX 350 ရဲ့ ဒီဇိုင်းက ဆွဲဆောင်အားရှိတယ်။ အနောက်မီးတွေကလည်း LED တွေဆိုတော့ ဒီနေ့အထိတောင်မှ ခေတ်မီနေသေးတာပေါ့။ Boot အဖွင့်အပိတ်က electric နဲ့ဆိုတော့ ဘာမှ ဆွဲလှန်နေစရာမလိုဘူး။ ကျယ်လည်းကျယ်တဲ့အတွက် ဇိမ်ကျတဲ့ကားတစ်စီးကို နေ့စဉ်လူနေမှုဘဝမှာပါ လက်တွေ့ကျကျအသုံးချ စီးနင်းနိုင်မယ့်ကားတစ်စီးလို့ဆိုနိုင်ပါတယ်။

အတွင်းခန်း

ဒီ 2013 ထုတ် Lexus RX 350 အပေါ်ထိုင်ပြီးပြီးချင်း သတိထားမိတာက ဇိမ်ကျတာပါပဲ။ သိကြတဲ့အတိုင်း Lexus RX တွေက luxury ဖြစ်အောင် အခြေခံပြီးတည်ဆောက်ထားတဲ့ SUV အမျိုးအစားမှာတော့ pioneeer ပါ။ ကားတစ်စီးမှာ ဇိမ်ကျဖို့အတွက် အထောက်အကူအပေးနိုင်ဆုံးက ထိုင်ခုံတွေဖြစ်ပါတယ်။ နောက်တစ်ခုက အသုံးပြုပေးထားတဲ့ အသား တွေပါ။ ရှမွိုင်းတွေ ဘယ်လိုပဲ အဆင့်မြှင့်မြှင့် သားရေစစ်စစ်တွေရဲ့အထိအတွေ့ပိုင်းကို မမီပါဘူး။ ဒီ Lexus မှာကတော့ ထိုင်ခုံ၊ steering ၊ gear knob အားလုံးကို သားရေအကောင်းစား အုပ်ထားတာတွေ့ရတယ်။ နောက်ပြီး ထိုင်ခုံကို adjust လုပ်ဖို့က electric စနစ်နဲ့ပါ။ ရိုးရိုးတန်းတန်း အရှေ့အနောက်၊ အပေါ်အောက် ရွှေ့ပြောင်းချိန်ညှိလို့ရတဲ့အပြင် lumbar support တွေ thigh support တွေပါ ပါဝင်တဲ့အတွက် အချိန်အကြာကြီးကားမောင်းဖို့ရာမှာ ကောင်းကောင်းကြီး အထောက်အကူပေးနိုင်မယ့် ထိုင်ခုံတွေဖြစ်ပါတယ်။ ထိုင်ခုံတွေမှာ အပူ/အအေးစနစ်လည်း တပ်ဆင်ပေးထားတော့ အတိုင်းထက်အလွန်ပေါ့။

Dashboard မှာအသုံးပြုထားတဲ့ ပလတ်စတစ်သားတွေက နူးညံ့တယ်။ အကောင်းစား ပလတ်စတစ်တွေသုံးထားတယ်။ Infotainment display ကတော့ 7-inch ဖြစ်ပြီး OLED ပါ။ LCD မဟုတ်ပါဘူး။ Touchscreen display မဟုတ်သေးတဲ့အတွက် joysitck အသုံးပြုပြီး ထိန်းကျောင်းရမှာပါ။ Audio ပိုင်းအနေနဲ့ speaker ၉ လုံးအထိပါဝင်ပြီး အသံထွက်ကလည်း တော်တော်လေးကောင်းမွန်ပါတယ်။

Gear knob ကို သားရေအကောင်းစားအုပ်ပေးထားပြီး transmission ကတော့ 6 speed automatic transmission ပါ။ ဒါက standard trim မို့လို့ 6 speed ဖြစ်ပေမယ့် တကယ်လို့ F-Sport trim မှာဆိုရင်တော့ 8 speed နဲ့ရရှိမှာဖြစ်ပါတယ်။ Semi-auto gear ဖြစ်တဲ့အတွက် ရုတ်တရက်အရှိန်တင်ချင်တာမျိုးတွေ ဘာတွေအတွက်အရမ်းအသုံးဝင်ပါတယ်။

Traction control ပါဝင်တဲ့အတွက် လမ်းချော်နိုင်တဲ့အနေအထားတွေမှာ အကောင်းဆုံးကုပ်အားကို ရရှိစေနိုင်ပြီး AWD ဖွင့်ပြီးမောင်းနှင်နိုင်တဲ့အတွက်လည်း လမ်းမရွေးဘူးလို့ပြောလို့ရတဲ့ Lexus RX 350 ပါပဲ။ AWD နဲ့ဆိုရင်တော့ ဆီစားနှုန်းများမှာဖြစ်ပြီး ဆီစားသက်သာအောင်လို့ ပိတ်ထားရင်တော့ အရှေ့ဘီးနှစ်လုံးပဲ အလုပ်လုပ်မှာပါ။

“2013 ထုတ် Lexus RX 350 မှာ သဘောကျစရာနောက်တစ်ချက်ကတော့ water repellent မှန်တွေပါ။ မိုးရွာနေလည်း နောက်ကြည့်ဘေးမှန်တွေကို ကြည်ကြည်လင်လင်ကြည့်နိုင်တဲ့အတွက် ယာဉ်မောင်းသူအတွက် ကောင်းကောင်းကြီး အထောက်အကူပေးနိုင်ပါတယ်”
“Lexus တွေကထုတ်တဲ့ကားတွေအားလုံးမှာ ထူးခြားချက်က လက်ရာအထူးသေသပ်တာပါ။ ဒါကတော့ အကောင်းစားကြိုက်သူတွေအတွက်ပေးထားတဲ့ အသေးစိတ်ဝန်ဆောင်မှုလို့ဆိုနိုင်ပါတယ်။”

လက်တွေ့ဆိုရင်

ဒီ Lexus RX 350 အတွင်းခန်းအကျယ်ကတော့ အရှေ့ရော အနောက်ပါ ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ သက်သောင့်သက်သာဖြစ်တယ်။ တစ်ခုရှိတာက အနောက်ခန်းမှာက ကိုယ်အလေးချိန်များတဲ့ လူသုံးယောက်ဆိုရင်တော့ နည်းနည်းလေး ကျပ်သွားနိုင်ပါတယ်။ ငါးယောက်စီးလို့ရတာမှန်ပေမယ့် လေးယောက်စီးနင်းမှသာလျှင် ဇိမ်အကျဆုံးခရီးတွေကို သွားလာနိုင်မှာပါ။
အနောက်ခုံမှာ လိုက်ပါစီးနင်းမယ့်သူတွေအတွက် display ကိုယ်စီပါရှိသလို dual zone air conditioning နဲ့ဆိုတော့ တကယ့်ကို သာသာယာယာပါပဲ။ ပြောရမယ်ဆိုရင်အရှေ့ရောအနောက်ပါ ရေမီးအစုံနဲ့ပေ့ါ။

“အနောက်မှန်တွေက privacy glass တွေဖြစ်တဲ့အတွက် အပြင်ဘက်က ကြည့်လို့ အလွယ်တကူမမြင်ရဘူး။ Privacy ပိုင်းဦးစားပေးထားတာလည်းတွေ့ရတယ်။ Boot မှာ cover လေးတပ်ပေးထားတာမျိုးပေါ့။ ကားရပ်ထားချိန် မီးထိုးပြီးလာကြည့်မယ်ဆိုရင်တောင် boot ထဲ ဘာထည့်ထားတယ်ဆိုတာ မြင်ရမှာ မဟုတ်ဘူး။”

အနောက်ပစ္စည်းထားခန်း ဝင်ဆံ့မှုကတော့ ပုံမှန် (ခုံတွေမခေါက်ထားရင်) အနေအထားမှာ 745-770 litres အထိရှိတယ်။ ခုံတွေခေါက်လိုက်မယ်ဆိုရင်တော့ 1680-1710 litres လောက်အထိ ဝင်ဆံ့မှုပမာဏရရှိမှာဖြစ်တဲ့အတွက် တော်တော်ကြီးကို ပစ္စည်းဝင်ဆံ့တဲ့ကားလို့ပြောလို့ရပါတယ်။

Spare wheel ကိုလည်း တခြားဘီးတွေလိုပဲ 18-inch အလွိုင်းခွေ ထည့်ပေးထားတာကတော့ နှစ်သက်စရာပါ။ တစ်ခုရှိတာက အဲဒီဘီးကြောင့် boot floor နည်းနည်းမြင့်သွားတာကတော့ နေ့စဉ်ဘဝ အဆင်ပြေချောမွေ့မှုအပိုင်းမှာ နည်းနည်းကသီနိုင်ပါတယ်။ အလေးအပင်တွေ တင်မယ့်အချိန်မျိုးမှာ ထောက်တာပြုတာမျိုးရှိနိုင်တယ်။

မောင်းနှင်မှု

2013 ထုတ် Lexus RX 350 မှာ အသုံးပြုပေးထားတဲ့ အင်ဂျင်ကတော့ 3.5 litre V6 အင်ဂျင်ပါ။ ရုန်းအားကောင်းတယ်၊ ငြိမ်တယ်။

“အမြင့်ဆုံးပါဝါထုတ်လွှတ်မှုအနေနဲ့ 270hp အထိရှိပြီး အခု 2019 ခုနှစ်မှာ ဒီ 2013 ကားကို 0-100kph မောင်းနှင်ကြည့်ရာမှာတော့ တစ်ဆယ်စက္ကန့်သာကြာတဲ့အတွက် မြန်နှုန်းပိုင်းကောင်းမွန်မှုရှိသလို ရေရှည်ခံတဲ့အင်ဂျင်ပါလို့လည်း ဆိုနိုင်ပါတယ်။”

မောင်းကြည့်ရသလောက် steering က ထိန်းလို့သိမ်းလို့ကောင်းတယ်။ အသံဆူညံမှု မရှိဘူး။ မြင်ကွင်းပိုင်းအရကြည့်မယ်ဆိုရင် ကျယ်တယ်၊ ရှင်းတယ်။ ဘောင်တွေနည်းနည်းကြီးတော့ စစမောင်းတဲ့အချိန်မျိုးမှာ blind spot ဖြစ်တတ်တာကိုတော့ နည်းနည်းသတိထားရမယ်။ နောက်ကြည့်မှန်က auto dimming mirror ဖြစ်တဲ့အတွက် ညဘက် နောက်က မီးထိုးမှာကို မကြောက်ရတော့ဘူး။ ဘေးနောက်ကြည့်မှန်တွေကလည်းကြည့်ရတာရှင်းပါတယ်။

ဆီစားနှုန်းအနေနဲ့ပတ်သက်ပြီး Lexus ကတော့မြို့ထဲဆိုရင် 18mpg အမြန်လမ်းမှာဆိုရင် 26mpg လောက်အထိရမယ်ဆိုထားပါတယ်။ အခုလက်တွေ့မောင်းကြည့်ရသလောက်တော့ 13mpg အထိရတာတွေ့ရတယ်။ 2013 ထုတ်ကားတစ်စီးကို 2019 မှာ အခုလောက်အထိရနိုင်သေးတယ်ဆိုတာကတော့ ကောင်းမွန်တဲ့အချက်ပါပဲ။ ဆီတော့စားတာပေါ့ဗျာ။ ဒါပေမဲ့ ဇိမ်ကျမှာလေ။

ပါဝင်တဲ့အချက်တွေ

Safety ပိုင်းအရဆိုရင်  ABS brake စနစ်၊ brake assist ၊ လေအိတ်ပတ်လည်နဲ့ဆိုတော့ ဒီနေ့အထိလည်း ခေတ်မီနေသေးတယ်လို့ဆိုနိုင်တယ်။
Suspension ပိုင်းကလည်း ထူးထူးခြားခြားကောင်းမွန်တယ်။ Lexus RX တွေရဲ့ ဇိမ်ကျမှုအပိုင်းမှာ suspension ရဲ့ထူးကဲမှု အများကြီးပါတယ်။
နောက်ထပ် ခေတ်မီနေသေးတဲ့ ပါဝင်မှုတစ်ခုကတော့ daylight ပါပဲ။ အခုလိုမျိုးမိုးတွင်းဘက် မိုးရွာနေတဲ့အချိန်မျိုးတွေမှာ daylight ဖွင့်ပြီးမောင်းတာဟာ တဖက်ကားတွေအတွက်အရမ်းကိုအဆင်ပြေပါတယ်။

Verdict

“အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်တော့ အဖိုးတန် SUV ကားတစ်စီးကို ဇိမ်အကျဆုံး မောင်းမယ်ဆိုရင်တော့ Lexus RX 350 ကို ထိပ်ဆုံးထား ရွေးချယ်သင့်ပါတယ်”။

စာရေးသူ : ဂျူနို
ဓါတ်ပုံ : ထက်အောင်

Author

Comments