Lexus RX 2019 Review (International)

0

Full article

တည်ဆောက်ပုံကောင်းမွန်ပြီး မောင်းနှင်ရတာ ဇိမ်ကျတဲ့ Lexus RX 2019 ကတော့ hybrid အင်ဂျင်နဲ့ပဲ အကောင်းဆုံးဝယ်ယူရရှိနိုင်ပါတယ်။ လူ ၄ ယောက်ပဲ စီးနင်းမယ်ဆိုရင်တော့ အရမ်းကို သက်သောင့်သက်သာရှိလှတဲ့ SUV အကြီးစားဖြစ်ပြီး အနောက်ပစ္စည်းထားခန်းကတော့ ဒီလိုအမျိုးအစား ကားတွေအတွက် သေးတယ်လို့ပြောနိုင်ပါတယ်။ Hybrid အင်ဂျင်တစ်မျိုးထဲဖြစ်သွားတာကလည်း ရွေးချယ်စရာ အရမ်းနည်းသွားစေပါတယ်။

အားသာချက်

  • လွန်စွာသက်သောင့်သက်သာရှိခြင်း
  • တည်ဆောက်ပုံအရည်အသွေး ထူးခြားကောင်းမွန်ခြင်း
  • အံ့အားသင့်ဖွယ်ရာ မောင်းနှင်မှုကုန်ကျစာရိတ် မများခြင်း

အားနည်းချက်
– ဒီဇယ်အင်ဂျင် ရွေးချယ်စရာမရှိခြင်း
– အနောက်ပစ္စည်းထားခန်းမှာ SUV အကြီးစားအနေဖြင့် သေးငယ်ခြင်း
– ခပ်ဖိုင့်ဖိုင့်သဏ္ဌာန်ရှိခြင်း

သုံးသပ်ချက်

Lexus RX 2019 ကတော့ စတိုင်ကျတယ်၊ sporty ဖြစ်တယ်၊ မောင်းနှင်ရတာလည်း ညက်ညောမှုအပြည့်ရှိပြီး ဇိမ်အကျဆုံးကားတွေထဲကတစ်စီးပါ။
အပြင်ပိုင်းကကြည့်မယ်ဆိုရင် စိုလွင်တဲ့အရောင်၊ ထင်းလှတဲ့ ခရိုမီယမ်လိုင်းတွေဟာ Lexus RX ကို တကယ့်ကို သားနားစေတာတွေ့ရတယ်။ Audi Q7 နဲ့ BMW X5 တို့လောက် မကြွားဘူးလို့ဆိုနိုင်ပေမယ့် တန်ဖိုးကြီးကားတစ်စီးဖြစ်ကြောင်းကိုတော့ သက်သေပြနေစရာမလိုတဲ့ကားတစ်စီးပါ။
Lexus RX ရဲ့ အပြင်ပုံစံကို အလန်းကြီးဟလို့ ဆိုမယ့်သူတွေအတွက် အတွင်းခန်းက ပိုပြီး အရသာထူးကြောင်း ပြောပြချင်ပါတယ်။ တောက်ပြောင်အောင်တိုက်ထားတဲ့ အလူမီနီယမ်ဘောင်တွေနဲ့ သစ်သား trim ဟာ BMW တို့ Audi တို့ရဲ့ တကယ့်တန်ဖိုးကြီးကားတွေမှာမှ ပါလာတတ်တာမျိုး။
အရှေ့အနောက် အချက်ပြမီး၊ ဘရိတ်မီး၊ ရှေ့မီးကြီး၊ နှင်းခွဲမီး၊ ထောင့်ချိုးမီး၊ နေ့ထွန်းမီးတွေအားလုံးဟာ LED တွေချည်းပါပဲ။ မှန်တွေကလည်း နေရောင်ဒဏ်ကို အကာအကွယ်ပေးနိုင်တဲ့ UV reducing glass တွေကိုအသုံးပြုပေးထားတာကတော့ ကိုယ်တွေနိုင်ငံမှာလိုမျိုး နေရောင်ဒဏ်ခံရတာများတဲ့ နိုင်ငံတွေအတွက် တော်တော်လေးအဆင်ပြေနိုင်ပါတယ်။ မီးတွေ၊ wipers တွေက sensors တွေနဲ့ဖြစ်တဲ့အတွက် အလိုအလျောက် အလုပ်လုပ်နိုင်တယ်။ နောက်ကြည့်အတွင်းမှန်နဲ့ ဘေးမှန်တွေအားလုံး Automatic dimming ဖြစ်တာကတော့ ညပိုင်းကားမောင်းသူတွေရဲ့ အကြိုက်ပါ။ မျက်စိစူးခြင်းကနေ အကာအကွယ်ပေးမှာဖြစ်ပါတယ်။
သေချာတာကတော့ Audi ၊ BMW စတာတွေကထုတ်တဲ့ ဂျာမဏီဇိမ်ခံကားမျိုး ဂျပန်ထုတ်ကိုလိုချင်ရင်တော့ Lexus ကိုသာ အဝယ်စာရင်းရဲ့ ထိပ်ဆုံးနေရာမှာထားသင့်ပါတယ်။ ကြယ်ငါးပွင့်အဆင့် ဇိမ်ခံဟော်တယ်ထဲမှာပဲ နေချင်တယ်ဆိုတဲ့သူတောင်မှ ဟော်တယ်ခန်းကို မေ့သွားလောက်တယ်အထိ Lexus RS ဟာ ဇိမ်ကျတာပါ။

အတွင်းခန်း

Dashboard ဒီဇိုင်းက အဆန်းပါ။ Asymmetric လို့ခေါ်တဲ့ အချိုးမညီမှုကို အနုပညာမြောက် ပုံဖေါ်ထားတဲ့ ဒီဇိုင်းပါ။ ပါဝင်တဲ့ အသုံးအဆောင်တွေနဲ့ ကြားကွက်လပ်တွေရဲ့ ဆက်စပ်နေရာတွေမှာက လေဆာနဲ့တိုင်းထားပုံတောင်ရတယ်။ သေသပ်ပြီး တိတိကျကျရှိတာကို တွေ့ရလို့ပါ။ သစ်သား trim အကွေးအခုံးတွေကလည်း တော်တော်လက်ရာမြောက်တာတွေ့ရတယ်။ Premier models တွေဆိုရင် Yamaha piano ကိုထုတ်လုပ်တဲ့ လက်မှုပညာသည် ဆရာသမားတွေရဲ့လက်ရာနဲ့ ထုတ်ထားတယ်လို့တောင် ဆိုထားတာပါ။
Infotainment ဒီဇိုင်းပိုင်းကိုလည်း ဒီ Yamaha ကသူတွေပဲ ဒီဇိုင်းဆွဲပေးထားပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာပါတဲ့ joystick ထိန်းချုပ်မှုစနစ်က စန္ဒရားတီးရာမှာ ခက်ခဲတဲ့လက်ကွက်တွေကိုတီးရသလိုမျိုး၊ ကိုင်ရ၊ တွယ်ရ၊ အသုံးပြုရ ခက်ခဲလို့ပါ။ နောက်တစ်ခုက infotainment မျက်နှာပြင်ရဲ့ resolution။ ဒီလိုမျိုး တန်ဖိုးကြီးကားအတွက်ဆိုရင် အရည်အသွေးနိမ့်တယ်လို့ပြောလို့ရတယ်။
Lexus RX မှာပါတဲ့ အရှေ့ခုံတွေကတော့ တကယ့်ကို special ပါပဲ။ Electric စနစ်နဲ့ ချိန်ညှိနိုင်တယ်၊ အပူရော အအေးပါပေးနိုင်တယ်။ ဒါက ဘယ်လို model အတွက်ကိုမဆိုပါတာနော်။ အနောက်ထိုင်ခုံတွေကို ပြောရရင်တော့ အရပ်ခြောက်ပေသမားတွေအတွက်တောင်မှ ကောင်းကောင်းကျယ်တယ်။ နောက်ကိုလည်း လှန်ချနိုင်တဲ့အတွက် ခရီးရှည်သွားတဲ့အခါမျိုးမှာ ကားပေါ်လိုက်ပါစီးနင်းတဲ့သူတွေအားလုံး ဇိမ်ကျကျစီးနိုင်တာပေါ့။
တကယ်လို့သာ Audi တို့ BMW တို့ Mercedes တို့ စီးနေတဲ့သူတစ်ယောက်ဟာ Lexus RX ရဲ့ dashboard နဲ့အတွင်းခန်းအပြင်အဆင်ကို အပြောင်းအလဲအနေနဲ့ခံစားကြည့်မယ်ဆိုရင် သစ်လွင်တဲ့ အပြောင်းအလဲကို ရရှိနိုင်တဲ့အထိ Lexus RX ရဲ့ အတွင်းခန်းက ချစ်ဖို့ကောင်းတာပါ။ ဆယ်စုနှစ်တစ်စုစာလောက်အထိလည်း ကောင်းကောင်းကြီး ရေရှည်ခံမယ့်ပုံပါပဲ။
အားနည်းချက်အနေနဲ့ကတော့ အပေါ်မှာ ပြောခဲ့သလိုမျိုး infotainment display ရဲ့ resolution ပါ။ လုပ်ဆောင်ချက်တွေ၊ တုန့်ပြန်ချက်တွေအားလုံးကောင်းပေမယ့် ဒီလိုမျိုးကားမှာ ဒီလိုမျိုး resolution ဆိုတာမျိုးက အားနည်းချက်တစ်ခုဖြစ်နေတာ သေချာပါတယ်။ အသံပိုင်းဆိုင်ရာကတော့ ကောင်းမွန်ပြီး ကြည်လင်ပြတ်သားမှုရှိလှပါတယ်။ ဒါကလည်း Yamaha သမားတွေရဲ့ ထောက်ပံ့မှုကြောင့်များ ပိုကောင်းသလားထင်ရလောက်အောင် speaker ၁၅ လုံးရဲ့ အရည်အသွေးဟာ တကယ့်ကို ထိပ်တန်းအဆင့်မှာ ရှိနေတာပါ။

လက်တွေ့ဆိုရင်

ထိုင်ခုံတွေနဲ့ဆိုရင် boot ဝင်ဆံ့မှု 453 litres ဟာ BMW X5 ရဲ့ ဝင်ဆံ့မှု 650 litres ထက်နည်းသလို Mercedes GLE ရဲ့ ဝင်ဆံ့မှုပမာဏ 690 litres ထက်လည်းနည်းနေပါတယ်။ Boot မှာက ချိတ်စရာချိတ်တွေ၊ ညှပ်စရာ ဆန်ကာတွေနဲ့ ဖုန်စုပ်စက်အသုံးပြုဖို့လွယ်ကူတဲ့ 12v power socket ပါဝင်တာကတော့ မဆိုးဘူးလို့ပြောရမှာပါပဲ။
X5 တို့ GLE တို့နဲ့နှိုင်းယှဉ်ရာမှာ သေးငယ်တယ်ဆိုပေမယ့်လို့ Lexus RX ရဲ့ boot ဟာ ခရီးဆောင်အိတ် အကြီး နှစ်လုံးလောက်တော့ အသာလေးထည့်လို့ရပါတယ်။ တကယ်လို့ ကိုယ်တင်ချင်တဲ့ ပစ္စည်းဟာ များမယ်၊ ဒါမှမဟုတ် ရှည်မယ်ဆိုရင်တော့ နောက်ခုံတွေခေါက်ပြီး တင်လို့ရပါတယ်။ နောက်ခုံတွေခေါက်လိုက်မယ်ဆိုရင်တော့ ဝင်ဆံ့မှုက 924 litres ဖြစ်သွားမှာပါ။ (1 litres = 1,000 ကုဗစင်တီမီတာ)
RX အသစ်ဟာ ၅ ယောက်စီးဖြစ်ပေမယ့် ၄ ယောက်အတွက်ဆိုရင်တော့ တကယ့်ကို တိမ်တိုက်တွေအပေါ် စီးနင်းရသလို လွတ်လပ်ပေါ့ပါးပြီး ဇိမ်အကျဆုံးဖြစ်မှာပါပဲ။ ၅ ယောက်ဆိုရင်တော့ အနောက်ခုံမှာ လိုက်ပါမယ့်သူတွေရဲ့ ဇိမ်ကျမှု ရေချိန်က ကျသွားပါလိမ့်မယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ၇ ယောက်စီး မရနိုင်တာပါ။
Safety ပိုင်းအရဆိုရင်လည်း ကားနောက်ဆုတ်တဲ့အချိန် အနောက်ဘက်မှာ အသွားအလာရှိရင် အလိုအလျောက်ဘရိတ်ဖမ်းပေးနိုင်တဲ့ RCTB (Rear Cross Traffic Auto Brake)၊ ယာဉ်လမ်းကြောင်းပေါ်မောင်းနှင်တဲ့နေရာမှာ ယိမ်းထိုးမှုကို အချက်ပြပေးနိုင်တဲ့ (Sway Warning System)၊ အနောက်ထိုင်ခုံတွေအတွက်အပါအဝင် ဒူးအတွက်ပါ သီးခြားစီပါဝင်တဲ့ လေအိတ်ပတ်လည်၊ ယာဉ်တိုက်မှုများမှာ ယာဉ်မောင်းသူအများအပြားဖြစ်လေ့ရှိသော 'ဇတ်' ထိခိုက်မှုကို အကာအကွယ်ပေးနိုင်တဲ့ WIL whiplash protection စနစ်နဲ့ အရှေ့ထိုင်ခုံတွေ၊ Electronic ဖြင့်ထိန်းချုပ်တဲ့ ဘရိတ်စနစ်၊ ကုန်းလျောများမှာ အနောက်ကို လျောကျမသွားအောင် အထောက်ပံ့ပေးနိုင်တဲ့ Hill Start Assist ၊ ရုတ်တရက် ဘရိတ်နင်းရာတွင် ကားရဲ့အမြန်နှုန်းကို တိကနဲ မရပ်ပစ်ဘဲ အမြန်နှုန်း၊ ယာဉ်မောင်းသူရဲ့ လက်ကိုင်ထိန်းချုပ်မှုနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် အထောက်အပံ့ပေးနိုင်သောကြောင့် ချော်ထွက်မှု ရာနှုန်းကိုလွန်စွာနည်းပါးစေတဲ့ ABS (Anti-lock Brake System) ၊ ကားရဲ့ဖိအားနဲ့ အမြန်နှုန်းအပေါ်မူတည်ကာ ကားဘီးများပေါ်တွင် ဘရိတ်အကျိုးသက်ရောက်မှုအနည်းအများ ချိန်ညှိပေးနိုင်သောကြောင့် အကွေ့ကဲ့သို့နေရာမျိုးတွေမှာ အကောင်းဆုံးထိန်းညှိထောက်ပံ့ပေးနိုင်တဲ့ EBD (Electronic Brakeforce Distribution) ၊ ယာဉ်မောင်းသူရဲ့ ဘရိတ်နင်းအားအပေါ်မူတည်ကာ ဘရိတ်ပါဝါကို ထုတ်လုပ်ပေးနိုင်သောကြောင့် ရုတ်တရက် ပြင်းပြင်းထန်ထန်ဘရိတ်နင်းမှုများကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ BA (Brake Assist)၊ ချော်တဲ့လမ်းတွေ slip ဖြစ်နိုင်တဲ့လမ်းတွေအပေါ်မှာ ဘီးတို့ရဲ့ကုပ်အားကို ပိုမိုကောင်းမွန်စေတဲ့ traction control တို့ပါဝင်တဲ့အတွက် ၂ဝ၁၉ ထုတ် လုံခြုံစိတ်ရမှုနည်းပညာများ အပြည့်အစုံပါဝင်တဲ့ကားတစ်စီးပါ။

မောင်းနှင်မှု

Lexus RX 2019 မှာက ဓါတ်ဆီ-လျှပ်စစ် hybrid အင်ဂျင်နဲ့ပဲရရှိနိုင်ပါတယ်။ ထူးခြားတာက RX 2019 ရဲ့ အင်ဂျင်ရဲ့ အသံတိတ်ဆိတ်မှုပါ။ လျှပ်စစ်မော်တာနဲ့ မောင်းနှင်နေစဉ်မှာ ကိုယ့်အိမ်ထဲမှာ ထိုင်နေသလို ညင်သာတိတ်ဆိတ်တဲ့ အရသာမျိုး ရရှိနိုင်တာကတော့ အံ့သြစရာပါပဲ။ 3.5-litre V6 ဓါတ်ဆီအင်ဂျင်နဲ့ လျှပ်စစ်မော်တာတို့ရဲ့ ပူးပေါင်းစွမ်းဆောင်ရည်အဖြစ် ဆီစားနှုန်းပျမ်းမျှအနေနဲ့ 44mpg လောက် လက်တွေ့ရရှိပါတယ်။ ကုမ္ပဏီကတော့ 51.4mpg အထိရှိမယ်လို့ ဆိုထားတာပါ။
တခြားရွေးချယ်မှုအနေနဲ့ 238hp အထိထွက်ရှိမယ့် 2.0-litre turbocharge ဓါတ်ဆီအင်ဂျင် ရှိပါသေးတယ်။ 200T ပါ။ ဒါကိုတော့ သိပ်အားမပေးချင်ပါဘူး။ ဆီစားနှုန်းမြင့်မားလို့ပါ။ ကုမ္ပဏီက 36.2mpg လို့ဆိုထားပေမယ့် လက်တွေ့မောင်းနှင်ရာမှာတော့ 10mpg လောက် လျော့ပြီးတွက်ချက်သင့်ပါတယ်။
မောင်းနှင်ကြည့်ပြီးပြောချင်တာက SUV ဆိုတဲ့ Sport Utility Vehicle ဆိုတဲ့နေရာမှာ တကယ့်ကို sporty ဖြစ်တာလိုချင်တယ်ဆိုရင်တော့ Lexus RX အသစ်ဟာ ခင်ဗျားအတွက်မဟုတ်ပါဘူး။ BMW X5 တို့Porsche Macan တို့ကို ပိုမိုဦးစားပေးရွေးချယ်သင့်ပါတယ်။
ဒါပေမယ့် လက်တွေ့မောင်းနှင်ရာမှာ Lewis Hamilton မောင်းနှင်တဲ့ပုံစံမျိုးထက်စာရင် အဆင်ပြေချောမွေ့မှု၊ သက်သောင့်သက်သာဖြစ်မှု၊ ဇိမ်ကျမှု စတဲ့အချက်တွေအပေါ် ပိုမိုအလေးထားသူဆိုရင်တော့ Lexus RX အသစ် ဟာ အမှန်ကန်ဆုံး ရွေးချယ်မှုပါပဲ။
မြို့အတွင်းမောင်းနှင်တဲ့အချိန်မျိုးမှာ Lexus RX ဟာ ကိုယ်ထည်ရဲ့အမြင့်၊ လေကာမှန်ရဲ့ပုံစံကြောင့် အကောင်းဆုံးမြင်ကွင်းရရှိနိုင်တဲ့ ကားတစ်စီးဖြစ်ပြီး လျှပ်စစ်မော်တာရဲ့ အသံတိတ်ဆိတ်မှုဟာ ခင်ဗျားအတွက်ရော ခင်ဗျားပတ်ဝန်းကျင်အတွက်ပါ စိတ်ချမ်းသာစရာတွေကိုပဲ ပေးစွမ်းမှာဖြစ်ပါတယ်။
အမြန်လမ်းမှာ မြန်နှုန်းမြင့်မောင်းတဲ့အခါမှာလည်း ဇိမ်ကျမှုနဲ့ မြန်ဆန်မှုကို တစ်ပါတည်းရရှိနိုင်တဲ့ကားမျိုးဖြစ်သလို ခပ်ကြမ်းကြမ်းလမ်းတွေပေါ်မှာလည်း အဆင့်မြင့် suspension ရဲ့ စွမ်းဆောင်ရည်က တုန်ခုန်မှုကင်းတဲ့ ငြိမ့်ညောင်းမှုအရသာကို ရရှိစေနိုင်ပါသေးတယ်။ ပြောရမယ်ဆိုရင် Lexus RX အသစ်ဟာ မိုင်တစ်ရာလောက်ကို ဖိအားကင်းကင်းနဲ့သာသာယာယာ မောင်းနှင်နိုင်မယ့် ကားအမျိုးအစားပါ။
ဥရောပ NCAP ရဲ့ ကြယ်ငါးပွင့်အဆင့်ရ safety ကောင်းမွန်လှတဲ့ကားတစ်စီးဖြစ်တာကြောင့်လည်း အမြန်လမ်းတွေပေါ်မှာ စိတ်ချလက်ချ မောင်းနှင်နိုင်မယ့် ကားတစ်စီးဖြစ်နေတော့တာပါပဲ။

အချက်အလက်တွေ

Lexus RX အသစ်အတွက်ကတော့ trim ၃ မျိုးရှိပါတယ်။ Standard ၊ F-Sport နဲ့ Takumi ပါ။

Standard

Standard trim မှာ တပ်ဆင်ပေးထားတဲ့အင်ဂျင်ကတော့ 450H 3.5 CVT အင်ဂျင်ဖြစ်ပြီး 3.5L ဓါတ်ဆီ-လျှပ်စစ် hybrid ဖြစ်ပြီး အမြင့်ဆုံးပါဝါအနေနဲ့ 313hp အထိရရှိနိုင်ပါတယ်။ 0-60mph ကို ၇.၇ စက္ကန့်ထဲနဲ့ မြှင့်တင်မောင်းနှင်နိုင်တဲ့အတွက် ဒီလိုမျိုးကားမျိုးအတွက်ဆို မနည်းလှပါဘူး။
Standard trim နဲ့ Lexus RX တွေမှာက ပုံစံ ၈ မျိုး ချိန်ညှိထားနိုင်တဲ့ electric အရှေ့ထိုင်ခုံတွေ၊ သားရေထိုင်ခုံတွေ၊ အပူနဲ့ လေပေါက်ပါဝင်တဲ့ အရှေ့ထိုင်ခုံတွေ၊ ဂြိုဟ်တုလမ်းညွှန်အပါအဝင် ၈ လက်မ Lexus Media Display နဲ့ DAB ရေဒီယို၊ အနောက်ကြည့်ကင်မရာတို့ တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။ ကားဘီးကတော့ ၁၈ လက်မ အလွိုင်းခွေနဲ့ဖြစ်ပြီး Auto LED မီးကြီးတွေ၊ အပူပေးနိုင်တဲ့ တောင်ပံဘေးမှန်တွေ၊ အလိုအလျောက် wipers တွေအပြင် privacy glass တွေနဲ့လာတာပါ။

F-Sport

အင်ဂျင်ပိုင်းမှာတော့ F-Sport trim ဟာ Standard နဲ့တူတူပါပဲ။
ခွေကတော့ လက်မ ၂ဝ အလွိုင်းခွေနဲ့ရရှိမှာဖြစ်ပြီး ပိုမိုအရိုင်းဆန်တဲ့ ပျားအိမ်ပုံ ဒီဇိုင်းနဲ့ဖြစ်သွားမှာပါ။
အတွင်းခန်းကလည်း sporty ပိုဖြစ်ပြီး ဖေါင်းကြွ sport ထိုင်ခုံတွေ၊ တအားကောင်းတဲ့ သားရေသားအုပ် ဂီယာတံတွေ၊ သတ္ထုခြေနင်းတွေနဲ့ရရှိမှာပါ။ အလူမီနီယမ်တွေမြှုပ်သွင်းထားတဲ့ အတွင်းခန်း ဒီဇိုင်းမှာ သားရေအစစ်လက်ကိုင်ခွေနဲ့ပေါင်းလိုက်တော့ တကယ့် sporty အရသာကိုရရှိနိုင်မှာဖြစ်ပါတယ်။
F-Sport ရဲ့ ထူးခြားချက်ကတော့ မောင်းတဲ့နေရာမှာ ပိုပြီး သွက်လက်ခြင်း၊ အောက်ပိုင်းပိုမိုမာကျောခြင်းနဲ့ အသံဆူညံမှုကိုထိန်းပေးနိုင်တဲ့ ကရိယာ ပါဝင်ခြင်းပါပဲ။ သူထက်ပိုပြီး sporty ဖြစ်တဲ့ SUV ကိုလိုချင်ရင်တော့ BMW ရဲ့ X5 သာဈေးကွက်အတွင်းရှိနေပါလိမ့်မယ်။

Takumi

Takumi ရဲ့ အဓိပ္ပါယ်ကတော့ master ပါ။ အမြင့်စား Lexus ရဲ့ အမြင့်ဆုံး trim ပါပဲ။
အရောင် ၅ ရောင်ရွေးချယ်နိုင်တဲ့ သားရေအစစ်ထိုင်ခုံတွေ၊ အပူအအေး အထောက်အပံ့ပေးနိုင်တဲ့ အရှေ့ထိုင်ခုံတွေ၊ ၁၂.၃ လက်မ မျက်နှာပြင်နဲ့ infotainment display ၊ ဂြိုဟ်တုလမ်းညွှန်၊ speaker ၁၅ လုံးကိုမှ Mark Levinson stereo နဲ့။ လက်မ ၂ဝ အလွိုင်းခွေ၊ ဇုံ ၃ ခုနဲ့ climate control အပြင် safety kit တွေအဖြစ် adaptive cruise control ၊ lane keeping assist ၊ traffic sign recognition နဲ့ အလိုအလျောက် အတိုးအလျော့ပြုလုပ်နိုင်တဲ့ အရှေ့မီးကြီးတွေနဲ့ရရှိမှာပါ။
အင်ဂျင်ကတော့ 450H 3.5 CVT အင်ဂျင်ပါပဲ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: New Lexus RX review by Mat Watson

Author

Comments