Koenigsegg ရဲ့ ကမ္ဘာ့ပထမဆုံး လူလေးယောက်စီး hyper ကား Gemera

0

Full article

ကောလာဟလတွေ တကယ်ဖြစ်ခဲ့ပါပြီ။ ၂၀၂၀ မတ်လအစမှာပဲ Koenigsegg ဟာသူတို့ရဲ့ Gemera ကိုဖွင့်ထုတ်ပြသလိုက်ပြီး အဲဒီကားဟာ တံခါးနှစ်ပေါက်ပါ ပထမဆုံးသော လူလေးယောက်စီး hyper ကားဖြစ်နေပါတယ်။ ပါဝါပိုင်းအရမ်းကောင်းတဲ့ hybrid ကားတစ်စီးဖြစ်ကာ လျှပ်စစ်စွမ်းအင် အပြည့်အဝ အသုံးပြုပြီးလည်း မောင်းနှင်လို့ရအောင် တည်ဆောက်ထားတာပါ။

တစ်ကမ္ဘာလုံးမှာရှိတဲ့ စွမ်းဆောင်ရည်ဦးစားပေး မော်တော်ကားထုတ်လုပ်ရေးတွေက crossovers တွေ SUV တွေဘက်ကိုလှည့်နေချိန်မှာ Koenigsegg ကတော့ coupe အမျိုးအစား အလန်းစားတစ်စီးကို ထုတ်လုပ်လိုက်တာလည်းဖြစ်ပါတယ်။ တကယ်လည်း ကပ်ကြေးကိုက်သလိုမျိုးဖွင့်ရတဲ့ တံခါးနှစ်ပေါက်ပါ coupe ပါ။ လူလေးယောက်စီးဖြစ်ပေမဲ့ နောက်ခုံတန်းကိုဝင်ထိုင်ဖို့က ကျော်ခွစရာမလိုသလို ရှေ့ထိုင်ခုံတွေကို ခေါက်တာတွေ၊ ရှေ့တိုးတာတွေ လုပ်စရာမလိုအောင်ဖန်တီးထားတာ တွေ့ရပါတယ်။

Gemera ရဲ့ပုံစံဟာ အပြင်ရော အတွင်းဘက်ပါ ‘ဥ’ တစ်လုံးသဏ္ဌာန်အခြေခံထားပြီး Koenigsegg ကတော့ ပါဝါလည်းကောင်း၊ နေ့စဉ်ဘဝအတွက်လည်း လက်တွေ့ကျတဲ့ စိတ်ကူးယဉ်ကားတစ်စီးကို အကောင်အထည်ဖေါ်လိုက်တာပါပဲ။ CEO ဖြစ်သူ Christian von Koenigsegg ကတော့

“ဒီလိုမျိုးကားကိုထုတ်လုပ်ဖို့ ကျွန်တော်တို့ စီစဉ်နေတာက 2003 ခုနှစ်ကတည်းပါ။ ခုံအားလုံးအတွက်နေရာလွတ်တွေနဲ့သက်သောင့်သက်သာရှိမှုတွေ တူတူညီညီရရှိနိုင်မယ့်ကားမျိုးပေါ့။ တခြား 2+2 (ထိုင်ခုံနှစ်လုံးပါကားအတွက် နောက်ထပ်ထိုင်ခုံနှစ်လုံး အပိုဆောင်းတပ်ဆင်နိုင်သော) ကားတွေနဲ့မတူတာကတော့ Gemera ရဲ့ထိုင်ခုံ လေးလုံးစလုံးမှာထိုင်ရတဲ့အခါ တူညီတဲ့ခံစားမှုကို ရရှိစေတာပါပဲ။” ဟု Gemera နဲ့ပတ်သက်ပြီးပြောကြားလိုက်ပါတယ်။

Koenigsegg Gemera ရဲ့ရှေ့ထိုင်ခုံ frame တွေကို carbon-fiber သားနဲ့ပြုလုပ်ထားပြီး အလေးချိန်က 37.5 ပေါင်သာရှိတယ်။ ပါးပါးလျလျထိုင်ခုံဒီဇိုင်းဖြစ်ပြီး အပေါ်ကိုဒေါင်လိုက်ထောင်ဖွင့်ရတဲ့တံခါးပေါက်နဲ့ဖြစ်တာမို့လို့ နောက်ခုံတန်းကိုသွားဖို့အတွက် ရှေ့ခုံကို ရှေ့သို့ ရွှေ့စရာမလိုပါဘူး။

ကျန်တဲ့ အတွင်းခန်းတန်ဆာပလာတွေကတော့ luxury ဘက်ကိုအာရုံစိုက်ထားပါတယ်။ နောက်ကြည့် ဘေးမှန်တွေကတော့ ဒီဘက်ခေတ်ရဲ့ အဆင့်မြင့်တယ်ဆိုတဲ့ကားတွေမှာ မပါအဖြစ် ကင်မရာတွေဖြစ်သွားပါပြီ။ ထိုင်ခုံတွေက အပူလည်းရသလို အအေးလည်းရတယ်။ ရှေ့ထိုင်ခုံအတွက်ရော နောက်ထိုင်ခုံအတွက်ပါ ကြီးမားတဲ့ touchscreen တွေပါဝင်ပြီး ဖျော်ဖြေရေးအပိုင်းရော၊ လေအေးပေးမှုအနိမ့်အမြင့် စတာတွေကိုပါ ထိန်းချုပ်နိုင်မှာပါ။ ထိုင်ခုံတိုင်းအတွက် cup holder နှစ်ခုစီတပ်ဆင်ထားပြီး တစ်ခုက အအေးခွက်အတွက်၊ နောက်တစ်ခုက အပူခွက်အတွက်ဖြစ်ပါတယ်။ Audio စနစ်အတွက်ကတော့ speaker 11 လုံးတပ်ဆင်ထားတယ်။ အကောင်းဆုံးအချက်က ဝင်ဆံ့မှုပါ။ ဒီလိုမျိုး စူပါကားတစ်စီးအတွက် အများဆုံးဝင်ဆံ့မှုလို့လည်းပြောလို့ရတယ်။ ခရီးသွားအိတ်အကြီး 3 လုံးကို နောက်ပစ္စည်းထားစရာနေရာမှာ ထောင်ထည့်နိုင်ပြီး ရှေ့ bonnet အောက်မှာလည်း ခရီးဆောင်အိတ် 1 လုံးထည့်လို့ရပါသေးတယ်။ အင်ဂျင်ကတော့ နောက်ခုံနဲ့ နောက်ပစ္စည်းထည့်စရာနေရာ ကြားထဲမှာတည်ရှိပါတယ်။

Gemera ဟာ ဇိမ်ကောင်းကောင်းခံနိုင်တဲ့ကားတစ်စီးပါ။ ဒါဆို စွမ်းဆောင်ရည်ကရော။ Koenigsegg ဟာ စွမ်းဆောင်ရည်နည်းတဲ့ကားတွေကို ဘယ်တုန်းက ထုတ်လုပ်ခဲ့ဖူးပါသလဲ။ Gemera ဟာ အဆင့်မြင့်နည်းပညာသုံး hybrid powertrain နဲ့ဖြစ်ပါတယ်။ အများဆုံးပါဝါ  1,700bhp အထိရရှိနိုင်ပြီး torque ကတော့ 2,581lb-ft အထိရရှိနိုင်မယ်လို့ Koenigsegg ကတော့ အခိုင်အမာဆိုထားတာပါ။ 0-62mph နှုန်းအတွက် 1.9-sec ပဲလိုအပ်မှာဖြစ်တယ်လို့လည်း ပြောထားပြန်ပါသေးတယ်။ ဒါဟာ electric motor သုံးလုံးနဲ့ 2.0-litre twin-turbocharged အင်ဂျင်တို့ရဲ့ပေါင်းစပ်မှုစွမ်းအားပါ။ နောက်တစ်ချက်၊ Koenigsegg Gemera ဟာ direct-drive transmission ကိုအသုံးပြုထားပြီး all-wheel-drive ၊ All-wheel torque ၊ All-wheel steering ပါ။ လေးဘီးစလုံး အပြည့်အဝဆုံးထိန်းချုပ်မောင်းနှင်လို့ရတဲ့ကားလို့ ဆိုရမလားပဲ။

Electric motor သုံးလုံးမှာ နှစ်လုံးက နောက်ဘီးနှစ်လုံးမှာရှိပြီး တစ်လုံးချင်းစီအတွက် အများဆုံးပါဝါ 500bhp နဲ့ 738lb-ft torque အထိ ထွက်ရှိပါတယ်။ တတိယ e-motor ကတော့ အင်ဂျင် crankshaft နဲ့ကပ်ထားပြီး အများဆုံးပါဝါ 400bhp နဲ့ 369lb-ft torque ကိုရရှိနိုင်အောင် ဖန်တီးထားတာပါ။ အဲဒီ e-motor သုံးလုံးစလုံး တစ်ချိန်တည်းအလုပ်လုပ်မယ်ဆိုရင် 1,100bhp အထိ အများဆုံးပါဝါရရှိနိုင်ပါလိမ့်မယ်။ နောက်ဘီးတွေကို e-motor နဲ့မောင်းနှင်ချိန်မှာ ရှေ့ဘီးအတွက်ကိုတော့ Tiny Friendly Giant (TFG) လို့ Koenigsegg ကအမည်ပေးထားတဲ့ ဓါတ်ဆီအင်ဂျင်ရှိနေပါတယ်။ သူကတော့ ကုမ္ပဏီရဲ့အလန်းစား Freevalve နည်းပညာကိုအသုံးပြုထားပြီး အများဆုံးပါဝါ 600bhp နဲ့ 443lb-ft torque အထိရရှိနိုင်တဲ့အင်ဂျင်ပါ။

Gemera ဟာ chassis ၊ ကိုယ်ထည်နဲ့ ဘီးအားလုံးကို carbon-fiber နဲ့ပြုလုပ်ထားတယ်ဆိုပေမဲ့ ငွေကုန်ကြေးကျ တတ်နိုင်သမျှနည်းအောင်တော့ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ ကားရဲ့ 800-V ၊ 15-kWh ဘက်ထရီဟာ လျှပ်စစ်စွမ်းအင်ချည်းသက်သက်သုံးမယ်ဆိုရင် 31 မိုင်ခန့်အထိမောင်းနှင်နိုင်မှာဖြစ်ပြီး overall range ကတော့ 621 မိုင်အထိရနိုင်တယ်လို့ Koenigsegg ကထုတ်ပြန်ထားပါတယ်။

နောက်ဆုံးအနေနဲ့ အကြမ်းဖျင်းဈေးနှုန်းကိုမသိရသေးပေမဲ့ Gemera ကို Koenigsegg က စုစုပေါင်းအစီးရေ 330 ပဲကန့်သတ်ထုတ်လုပ်မှာဖြစ်တဲ့အတွက် ထုံးစံအတိုင်း ဈေးကတော့ ကြီးမှာ အမှန်ပါပဲ။

Ref: Koenigsegg Gemera hybrid has 1,700-hp, and you can bring all your friends by TONY MARKOVICH

Author