Porsche Macan Review (International)

0

Full article

ကျယ်ကျယ်ဝန်းဝန်းရှိပြီး နေ့စဉ်ဘဝလက်တွေ့အသုံးကျလှတဲ့ အရည်အသွေးမြင့် ဂျာမန် SUV တွေထဲမှာ Porsche ရဲ့ Macan ကလည်းထိပ်တန်းအဆင့်ရှိတဲ့ကားတစ်စီးပါ။ Macan ဟာမြန်တယ်၊ မောင်းရတာ ပျော်ဖို့ကောင်းတယ်။ Infotainment screen ကလည်းတော်တော်လေးကောင်းပါတယ်။ ဒါပေမဲ့ အခြေခံ models ဆိုရင်တော့ တန်ဖိုးနဲ့အချိုးချရင် အတွင်းဘက်မှာ ပလတ်စတစ်တွေများလွန်းတယ်လို့ဆိုရမယ်။

အားသာချက်

  • ကားရဲ့အချိုးတွေ အထူးလှပခြင်း
  • Porsche တစ်စီးအနေဖြင့် အမှန်တကယ်လက်တွေ့အသုံးကျခြင်း
  • Macan S ၏ စွမ်းဆောင်ရည်

အားနည်းချက်

  • 2.0-litre အင်ဂျင်ဖြင့်ဆိုလျှင် sporty အရသာမျိုးမရရှိခြင်း
  • လောင်စာဆီကုန်ကျစရိတ်များခြင်း
  • Optionals များထပ်မံထည့်သွင်းမည်ဆိုပါက ဈေးနှုန်းကြီးမြင့်ခြင်း

သုံးသပ်ချက်


Porsche Macan ရဲ့ တိကျတဲ့ steering ၊ ခိုင်ခန့်တဲ့ရှေ့ပိုင်းအသွင်သဏ္ဍာန်၊ နှစ်လိုဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေဟာ အမှန်တကယ်ကိုမှ နာမည်ကျော် Porsche ပြိုင်ကားတွေမောင်းနှင်ရသလို အရသာပေးစွမ်းနိုင်စွမ်းရှိပါတယ်။ Macan ကတော့ SUV ကိုယ်ထည်နဲ့ဖြစ်တဲ့အတွက် နေရာပိုကျယ်ပြီး လက်တွေ့ပိုင်းအရ ပိုအသုံးကျပါသေးတယ်။

Porsche ဟာ 2018 ထုတ်ကနေစတင်ပြီး Macan တွေရဲ့ပုံစံကို ပိုမိုပျိုမြစ်လာအောင် ပြုလုပ်လာတာတွေ့ရတယ်။ အပြင်ပိုင်းပုံစံသာမကပဲ အတွင်းပိုင်းအပြင်အဆင်တွေလည်း ခေတ်နဲ့လျော်ညီအောင်ပြောင်းလဲထားတယ်။ ကျေနပ်စရာအကောင်းဆုံးကတော့ infotainment မျက်နှာပြင်ပါပဲ။ နောက်ထပ် ထပ်ဖြည့်ထားတဲ့နည်းပညာကတော့ အလိုအလျောက်မောင်းနှင်နိုင်စွမ်းပါ။

“Macan ဟာ ကြီးမားတဲ့ Cayenne နဲ့နှိုင်းယှဉ်မယ်ဆိုရင် ပိုသေးတယ်၊ ပို smart ဖြစ်ပြီး မောင်းလို့လည်း ပိုကောင်းတယ်။ ဒါပေမဲ့… options တွေကိုတော့ သွားမထိနဲ့လို့ အကြံပေးချင်ပါတယ်။ ဈေးအရမ်းကြီးလို့ပါ။”

အတွင်းခန်း

Macan ရဲ့အတွင်းခန်းမှာ အကြိုက်ဆုံးကတော့ 10.9-inch ရှိတဲ့ infotainment ပါ။ သူ့ရဲ့ဖန်သားပြင်ရဲ့ဒီဇိုင်းဟာ ပိတ်ထားတဲ့အချိန်မှာတောင် ကြည့်ကောင်းနေပြီး ဖွင့်ထားချိန်မှာလည်း ပုံရိပ်၊ ဂရက်ဖစ်တွေ တော်တော်လေးကောင်းမွန်တာတွေ့ရတယ်။ ချောမွေ့တဲ့ တုံ့ပြန်မှုလည်းရှိတယ်။

ဒီ လုံးဝကို အသစ်ဖြစ်နေတဲ့ Infotainment ကလွဲပြီးကျန် cabin တစ်ခုလုံးကတော့ အရမ်းကြီး မော်ဒန်ဖြစ်မနေဘူး။ Centre console ကိုပဲကြည့်၊​ ခလုတ်တွေနဲ့ပြည့်နေတယ်။ အခြေခံ model ကတော့ အသုံးပြုထားတဲ့အရောင်ကြောင့် နည်းနည်းပိုမှောင်တယ်လို့ ခံစားရပြီး ပလတ်စတစ်သားတွေလည်း အများအပြားတွေ့ရတယ်။ ဒါပေမယ့် ဒီပလတ်စတစ်များတဲ့ ပြဿနာကို metal ဒါမှမဟုတ် carbon fibre trims တွေကို ဈေးကြီးပေးဝယ်ပြီး ဖြေရှင်းလို့တော့ရတယ်။ ငွေကုန်ကြေးကျတော့ များများစားစားပိုသွားနိုင်တာပေါ့။ ယှဉ်ကြည့်မယ်ဆိုရင်တော့ Audi Q5 မှာက ပိုပြီးခေတ်မီတဲ့ဒီဇိုင်း၊ ပိုပြီး ကောင်းမွန်တဲ့ အထိအတွေ့တွေကို ရရှိနိုင်တယ်။

နောက်ခန်းကတော့ Mercedes GLC ဒါမှမဟုတ် Volvo XC60 တို့နဲ့ယှဉ်မယ်ဆိုရင် နည်းနည်းပိုကျဉ်းတယ်။ ဒါပေမဲ့ အရွယ်ရောက်ပြီးသား အရပ်မြင့်မြင့်လူနှစ်ယောက်တော့ ပျော်ပျော်ကြီး လိုက်ပါစီးနင်းလို့ရပါတယ်။

လက်တွေ့ဆိုရင်

နောက်ပစ္စည်းထားခန်းကတော့ တော်တော်လေးကျယ်တယ်။ လက်တွေ့ကျတယ်ပေါ့ဗျာ။ လက်ဆွဲသေတ္တာ နှစ်လုံးအပြင် တခြားအိတ်ပျော့လေးတွေကို ညှပ်ပြီးထည့်လို့ရနိုင်တာမျိုးပေါ့။ ပြောရမယ်ဆိုရင် SUV တချို့ထက်် ပိုကျယ်ပါတယ်။ နောက်ခုံတွေကိုခေါက်လိုက်မယ်ဆိုရင်တော့ Macan ဟာ မောင်းတိန်းဘီးတစ်စီးလောက်ကို ဘီးတွေမဖြုတ်ဘဲနဲ့ အသာလေးထည့်သယ်လို့ရပါတယ်။ အတိအကျပြောရမယ်ဆိုရင် Macan ရဲ့ boot space ဟာ ပုံမှန်အတိုင်းဆို 500 litres ဝင်ဆံ့ပြီး နောက်ခုံတွေခေါက်လိုက်မယ်ဆိုရင်တော့ 1,500 litres အထိဝင်ဆံ့မှုရှိတယ်ဆိုတော့ ဝင်ဆံ့မှုအပိုင်းများတယ်လို့ပြောနိုင်ပါတယ်။ နောက်ထိုင်ခုံတွေကို 40:20:40 ခေါက်လို့ရတာလည်း 40:60 ပဲခေါက်လို့ရတာထက်တော့ အများကြီးပိုကောင်းပါတယ်။ ရွေးချယ်စရာများလေ ဘယ်အရာမဆို ပိုကောင်းလေမဟုတ်လား။ ဒါပေမဲ့ boot ဝင်ဆံ့မှုပမာဏဟာ Audi Q5 ထက်နည်းနည်း နည်းပြီး BMW X3 တို့ Mercedes GLC တို့နဲ့ယှဉ်မယ်ဆိုရင်တော့ 100 litres လောက်ပိုနည်းတာတွေ့ရပါတယ်။

“အခြားကားတွေလိုပဲ Porsche Macan ရဲ့ရှေ့တွေနောက်တွေမှာလည်း 12V socket ကလေးတွေထည့်ပေးထားတာဟာ ခရီးဝေးသွားတဲ့အချိန်မျိုးမှာ တော်တော်လေး အသုံးဝင်မှာပါ။ ဒါ့အပြင် လုံလောက်တဲ့ ဝင်ဆံ့မှုပမာဏရှိပြီး အံ့အားသင့်စရာအမြန်နှုန်းနဲ့မောင်းနှင်နိုင်တဲ့ကားတစ်စီးဖြစ်တာဟာ Macan ရဲ့ဆွဲဆောင်မှုပါပဲ။”


မောင်းနှင်မှု

Porsche နဲ့အတူလမ်းပေါ်တက်လိုက်ပြီဆိုရင်တော့ သူ့ရဲ့အားအကောင်းဆုံးအချက်က ဘာလဲဆိုတာကို တွေ့ကြရမှာပါ။ Porsche ပြိုင်ကားတွေမောင်းရတဲ့ ရသမျိုး အပြည့်အဝပေးနိုင်တဲ့ SUV ဖြစ်နေတာကို ခံစားမိကြပါလိမ့်မယ်။ Steering ရဲ့ပေါ့ပါးမှုဟာ မသိရင် ပုံမှန် SUV တွေရဲ့လက်ကိုင်ထိန်းချုပ်မှုကို caffeine ထိုးထားသလားထင်ရလောက်တယ်။ နောက်ပြီး လျင်မြန်မှုအပိုင်းမှာလည်း ပြည့်စုံတယ်ဆိုတော့ စွန့်စွန့်စားစားမောင်းနှင်ချင်သူတွေအတွက် သူ့လောက်ကောင်းတာမျိုးဆိုတာက လိုက်ရှာဖို့ခက်ခဲပါလိမ့်မယ်။

တကယ်လို့သင်ဟာ ထက်ထက်သန်သန်မောင်းနှင်တက်သူတစ်ယောက်ဆိုရင် Macan S ကိုရွေးချယ်သင့်ပါတယ်။ Six-cylinder ၊ အမြင့်ဆုံးပါဝါ 348hp အထိထုတ်လွှတ်နိုင်မယ့် 3.0-litre အင်ဂျင်နဲ့မို့လို့ပါ။ အင်ဂျင်ရဲ့အသံဟာ အထူးစိတ်လှုပ်ရှားဖွယ်ရာ တက်ကြွနေမှာဖြစ်ပြီး စွမ်းဆောင်ရည်ကတော့ Porsche ဆိုတော့ ပြောနေစရာတောင်မလိုတော့ဘူး။ တကယ်လို့ သက်သာတာလိုချင်ရင်တော့ 248hp ထုတ်လွှတ်နိုင်မယ့် 2.0-litre ဓါတ်ဆီအင်ဂျင်ကို လောင်စာဆီကုန်ကျမှုနည်းပါးခြင်းနဲ့အတူရွေးချယ်နိုင်ပါသေးတယ်။ VW ရဲ့ Golf GTI မှာ အသုံးပြုတဲ့ အင်ဂျင်လိုမျိုးပေါ့။

2.0-litre four-cylinder ဓါတ်ဆီအင်ဂျင်ဟာ မြို့တွင်းအနေများတဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်ပြီး 3.0-litre six-cylinder ဓါတ်ဆီအင်ဂျင်ကတော့ အဝေးပြေးသမားတွေအတွက် ပိုမိုသင့်လျော်ပါတယ်။ 2.0-litre အင်ဂျင်က 0-100 kph အတွက် 6.5-second အချိန်လိုအပ်မှာဖြစ်ပြီး 3.0-litre နဲ့ဆိုရင်တော့ 5.1-second သာလိုအပ်မှာပါ။ 3.0-litre အင်ဂျင်က ပိုပြီး smooth ဖြစ်တယ်လို့ဆိုနိုင်ပေမဲ့ ဆီစားနှုန်းအရတော့ 2.0-litre ဟာ 14.8 kpl အထိရနိုင်တာမို့လို့ 3.0-litre ရဲ့ဆီစားနှုန်း 13.5 kpl ထက်တော့ သာလွန်နေတာအမှန်ပါပဲ။

မောင်းနှင်တဲ့နေရာမှာ ချိုင့်တွေကမူတွေပေါတဲ့လမ်းတွေမှာဆိုရင် Mercedes GLC လိုမျိုးပဲ တအားကြီးချောမွေ့နေတာမျိုးဖြစ်မနေပါဘူး။ ဥရောပကားအများစုဟာ အောက်ပိုင်းကိုမတရားသဖြင့် အိစက်နေအောင်လုပ်ထားလေ့မရှိတာကြောင့်လည်းဖြစ်ပါလိမ့်မယ်။ Porsche ရဲ့အဆိုအရ 2018 ကစပြီး Macan အတွက် သက်သောင့်သက်သာဖြစ်မှုကိုမြှင့်တင်ထားပြီး Macan ဟာ အဝေးပြေးလမ်းမပေါ်တွေသာမက ရှုပ်ထွေးတဲ့မြို့တွင်းလမ်းတွေပေါ်မှာတောင် အလိုအလျောက်မောင်းနှင်နိုင်စွမ်းရှိပါတယ်။ တစ်ခုရှိတာက လက်ကိုင်ခွေပေါ်ကလက်ကိုတော့ လွှတ်မထားသင့်ပါဘူး။

အတိုချုပ်ပြောရရင်တော့ အခြား SUVs တွေက သက်သောင့်သက်သာရှိမှုနဲ့ လက်တွေ့အသုံးကျမှုကို ပြိုင်ဆိုင်နေတဲ့အချိန််မှာ Porsche Macan ကတော့ မောင်းနှင်မှုစွမ်းဆောင်ရည်ကိုအားပြုပြီး အရှိန်အပြည့်နဲ့ ဝင်ဆောင့်လိုက်သလိုပါပဲ။ ဘယ်လိုကားမျိုးဖြစ်ပါစေ၊ လမ်းမတွေပေါ်မှာ မောင်းလို့ကောင်းဖို့က ကျန်တာတွေထက်ပိုပြီးအရေးကြီးတာမလား?

"စိတ်ဝင်စားသူတွေအတွက် Porsche ရဲ့ official website မှာရောင်းချလျက်ရှိတဲ့ Macan ရဲ့အခြေခံဈေးနှုန်းကတော့ $50,900 ဖြစ်ပါတယ်လို့ဖေါ်ပြရင်း ဒီတစ်ပတ် ကားသုံးသပ်ချက်ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။"

Ref: Porsche Macan Review by Mat Watson

Author