2020 Subaru Forester Review (International)

0

Full article

စွယ်စုံသုံး Subaru Forester ဟာ နောက်ဆုံးကျန်တဲ့ အကြမ်းပတမ်းသုံး SUVs တွေထဲက တစ်စီး ဖြစ်ကောင်းဖြစ်နိုင်တယ်။ သိပ်ကောင်းတဲ့ လမ်းကြမ်းမောင်းနိုင်စွမ်းနဲ့ တောင့်တင်းတဲ့အတွင်းခန်းဟာ လိုအပ်တဲ့သူတွေအဖို့ ကွတ်တိဖြစ်နိုင်ပေမဲ့ ဒီဘက်ခေတ် မိသားစုသုံး SUV ဝယ်ယူသူအများစုကတော့ ပိုပြီးဇိမ်ကျတဲ့ cabin ကိုအလိုရှိကြပါလိမ့်မယ်။ Forester ထက်ပိုပြီး သက်သောင့်သက်သာမောင်းနှင်နိုင်မယ့် ပြိုင်ဘက် SUVs တွေကလည်း အများသားမဟုတ်လား။

ဈေးနှုန်း (နိုင်ငံတကာဈေးနှုန်းဖြစ်သည်)

  • Base : $26,000 ခန့်
  • Premium : $28,000 ခန့်
  • Sport : $30,000 ခန့်
  • Limited : $32,000 ခန့်
  • Touring : $36,000 ခန့်

အားသာချက်

  • တည်ဆောက်ပုံပိုင်းကောင်းမွန်တယ်လို့ခံစားရ
  • နေရာလွတ်များစွာရှိ
  • ကိရိယာတန်ဆာပလာ ပြည့်စုံမှုရှိ

အားနည်းချက်

  • ဒီဇိုင်းပိုင်းမှာ သိသာထင်ရှားမှုမရှိ
  • လမ်းမ များထက်စာလျှင် လမ်းကြမ်းများတွင်သာပိုမိုကောင်းမွန်
  • စွဲမက်ဖွယ်ရာ အတွင်းခန်းမဟုတ်

သုံးသပ်ချက်

Subaru ဟာ ဂျပန်မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းစုကြီးဖြစ်တဲ့ Subaru Corporation ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ 2012 ခုနှစ်တုန်းကဆိုရင် ကမ္ဘာ့ နှစ်ဆယ့်နှစ်ခုမြောက်အကြီးဆုံး မော်တော်ယာဉ်ထုတ်လုပ်ရေးဖြစ်ခဲ့တယ်။ 1953 ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ကုမ္ပဏီဖြစ်တာမို့ သက်တမ်းအားဖြင့် 63 နှစ်ရှိနေပါပြီ။

လမ်းကြမ်းတွေမှာ အကောင်းဆုံးမောင်းနှင်နိုင်ခြင်းဟာ Subaru Forester ရဲ့ အဓိကစွမ်းရည်ပါပဲ။ လမ်းကြမ်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ကားပီပီ လမ်းချော်ထွက်မှုက အကာအကွယ်ပေးနိုင်ခြင်းကို အထောက်အပံ့ပြုတဲ့ လေးဘီးယက်စနစ်က trim အားလုံးမှာပါတယ်။ ဒါပေမဲ့ လမ်းကြမ်းကိုဦးတည်ထားတာကတစ်ကြောင်း၊ ခေတ်ရှေ့ပြေးမှုအပိုင်း အားနည်းတာကတစ်ကြောင်း အကြောင်းကြောင်းကြောင့် Forester ရဲ့အောက်ပိုင်းဟာ လမ်းမတွေအပေါ်မှာ သိပ်ပြီးငြိမ့်ညောင်းမှုမရှိလှဘူး။

2019 Subaru ဟာ လုံးဝကိုပုံစံသစ်ဖြစ်ခဲ့တဲ့အတွက် အခု 2020 မှာတော့ အပြောင်းအလဲအများကြီး မျှော်လင့်လို့မရဘူး။ ပြောင်းလဲသွားတာတွေကတော့ adaptive cruise control မှာ lane-centering ပါလာတယ်။ တာယာလေပေါင်ပြသတဲ့စနစ်ကလည်း ဘီးတစ်လုံးချင်းစီအတွက်ပါပြလာတယ်။ လိုင်စင်နံပတ်ပြားကို ထွန်းပေးတဲ့ LED lamp တွေပါလာတယ်။

“ခြုံငုံပြီးသုံးသပ်ရရင်တော့ Subaru Forester 2020 ဟာ Subaru ဖြစ်တဲ့အတိုင်း အင်ဂျင်ပိုင်းစိတ်ချရတယ်။ လမ်းမတွေထက် လမ်းကြမ်းတွေမှာ အသုံးပြုဖို့ဆိုရင် သင့်လျော်မှုအရှိဆုံးဖြစ်ပြီး ပကာသနတွေထက်စာရင် ရိုးရှင်းတဲ့ဘဝမှာ နေထိုင်လုပ်ကိုင်လိုသူတွေအတွက် ရွေးချယ်စရာအကောင်းဆုံးတွေထဲက တစ်ခုပါ။”

အတွင်းခန်း

Forester ရဲ့ cabin ဟာ ကျယ်တယ်။ ယာဉ်မောင်းသူအနေအထား ကောင်းမွန်တယ်။ နောက်ပြီး မြင်ကွင်းပိုင်းလည်း ရှင်းလင်းမှုရှိတယ်။ ထိုင်ခုံတွေအားလုံးဟာ သေသပ်တဲ့ သားရေသားစစ်စစ်တွေချည်းဖြစ်သလို တံခါးနဲ့ dashboard တွေမှာလည်း နူးညံ့မှုရှိတဲ့ အကောင်းစား ပလတ်စတစ်သားကို အသုံးပြုထားတယ်။​ ဆန်းသစ်မှုနည်းပါးပေမဲ့ အရည်အသွေးမြင့် အတွင်းခန်းလို့ပြောနိုင်ပါတယ်။

Forester အားလုံးမှာ မူရင်းအဖြစ်အသုံးပြုထားတဲ့ infotainment ကတော့ Subaru ရဲ့နောက်ဆုံးထုတ် Starlink interface နဲ့ပါ။ Base ရော၊ Premium ရော၊ Sport model အတွက်ပါ 6.5-inch display တွေတပ်ဆင်ထားတယ်။ ဒါပေမဲ့ 8-inch မျက်နှာပြင်နဲ့လိုချင်ရင်တော့ Sport trim မှာ optional အနေနဲ့ ရရှိနိုင်ပြီး Touring မှာဆိုရင်တော့ standard အနေနဲ့ တစ်ပါတည်းပါလာမှာပါ။ ရှေ့ထိုင်ခုံကသူတွေအတွက် USB နှစ်ပေါက်ပါဝင်သလို နောက်ထိုင်ခုံကသူတွေအတွက်လည်း နှစ်ပေါက်ပါ ပါတယ်။ အဲဒီအတွက် လူလေးယောက်သာစီးနင်းမယ်ဆိုရင် အပေါက်လုစရာ မလိုတော့ဘူးပေါ့။ ဂြိုဟ်တုလမ်းညွှန်ကို built-in အဖြစ်လိုချင်ရင်တော့ Limited တို့ Touring တို့မှာမှ ရနိင်ပါတယ်။ ဒါပေမဲ့ trim အားလုံးဟာ Apple CarPlay ရော Android Auto ရောအသုံးပြုလို့ရတဲ့အတွက် ကိစ္စတော့သိပ်ရှိလှမှာမဟုတ်ပါဘူး။

“အတွင်းခန်းနည်းပညာနဲ့ပတ်သက်ပြီးနှစ်သက်မိတာတစ်ခုကတော့ 4G LTE data ကနေတစ်ဆင့် Wi-Fi ရရှိနိုင်တာပါ။ ဒါပေသိ Base trim တစ်ခုတည်းမှာတော့ အဲဒီ feature မပါဝင်တာ ဝမ်းနည်းစရာပါပဲ။”

မောင်းနှင်မှု

Forester model အားလုံးမှာ တပ်ဆင်ထားတာက 2.5-litre flat-four-cylinder အင်ဂျင်တွေချည်းပါပဲ။ အမြင့်ဆုံးပါဝါ 182hp အထိထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး ပေါင် 1,500 အထိ ဆွဲအားရှိတယ်။ CVT transmission ကိုအသုံးပြုထားတဲ့အတွက် ဆီစားနှုန်းသက်သာတယ်။ ဂီယာအကူးအပြောင်း ညက်ညောမှုရှိတယ်။ ဒါပေမဲ့ ရုတ်တရက်အရှိန်မြှင့်တင်ရာမှာတော့ နင်းပြီး တစ်စက္ကန့်လောက်မှ ဆောင့်ထွက်သွားတာမျိုးလေးတွေရှိတာကိုတွေ့ရတယ်။ ဆီစားနှုန်းကတော့ 32mpg ဝန်းကျင်မှာရှိတဲ့အတွက် မဆိုးလှဘူးလို့တော့ဆိုနိုင်ပါတယ်။

“ကြိုက်နှစ်သက်တာကတော့ Subaru ရဲ့ကျော်ကြားမှုအမှတ်တံဆိပ်ဖြစ်တဲ့ အင်ဂျင်နဲ့ AWD စနစ်ပါ။ 2019 Forester Touring ကတော့ 0-60mph ကို 8.5-sec ကြာပြီး အခု 2020 အတွက် ဒီမောင်းနှင်မှု မစမ်းသပ်ရသေးပေမဲ့ 2019 ထက် ပိုပြီးကောင်းလာဖို့သာမြင်ပါတယ်။”

Subaru Forester 2020 ကို တခြား brand တွေနဲ့နှိုင်းယှဉ်ရမယ်ဆိုရင်တော့ Honda ရဲ့ CR-V ၊ Mazda CX-5 ရဲ့ turbocharged version ၊ Kia ရဲ့ Sportage တို့နဲ့ပဲ နှိုင်းယှဉ်ရမှာပါပဲ။ သက်သောင့်သက်သာမောင်းနှင်ချင်တယ်ဆိုရင်တော့ Honda တို့ Mazda တို့ Kia တို့ဘက်မှာရှိပြီး ပြင်းပြင်းပြပြ အကြမ်းပတမ်းမောင်းမယ်ဆိုရင်တော့ Subaru ဘက်မှာ နေပါရစေ။ မောင်းနှင်မှုအတွက် ကျန်တာကတော့ steering က တိကျတယ်၊ brakes တွေက ရုတ်တရက်နင်းဖို့လိုရင်တောင်မှ လုံလုံလောက်လောက် ကောင်းမွန်မှုရှိတယ်။

“ကိုယ်က လမ်းမတွေပေါ်မှာထက် လမ်းကြမ်းတွေမှာ ပိုပြီးအသုံးပြုဖို့ရှိတယ်။ ဒါမှမဟုတ်လည်း စွန့်စွန့်စားစား ခရီးသွားလာဖို့ကို သိပ်နှစ်ခြိုက်တဲ့သူတစ်ယောက်အနေနဲ့ SUV တစ်စီးကိုရှာဖွေနေတယ်ဆိုရင်တော့ တန်ဖိုးလည်းသိပ်မကြီးလှဘဲ လက်တွေ့လည်းကျလှတဲ့ Subaru Forester 2020 ဟာ သင့်တင့်လျောက်ပတ်မှုရှိတဲ့ ရွေးချယ်မှုတစ်ခုဆိုတာ သေချာပါတယ်။”

Ref: Subaru Forester Review by Mat Watson

2020 Subaru Forester by Car and Driver

Author