MG ZS Review (International)

0

Full article

MG ရဲ့ ZS ကတော့ ဈေးမများတဲ့ မိသားစုစီး SUV အသေးပါ။ SUV အသေးဆိုပေမဲ့ အတွင်းခန်းနေရာကျယ်သလို အသုံးကျဝင်ဆံ့တဲ့ ပစ္စည်းထားခန်းလည်းပါဝင်တယ်။ ဒါပေမဲ့ ခေတ်မီ safety ပိုင်းဆိုင်ရာ နည်းပညာတွေ တပ်ဆင်ပေးထားခြင်းမရှိသလို ဒီဇယ်အင်ဂျင်ရွေးချယ်စရာလည်းမရှိဘူး။

အားသာချက်

  • ကျယ်ပြောတဲ့အတွင်းခန်း
  • ကြီးမားတဲ့ အနောက်ပစ္စည်းထားခန်း
  • သင့်တင့်လျောက်ပတ်မှုရှိလှတဲ့ ဈေးနှုန်း

အားနည်းချက်

  • ဒီဇယ်အင်ဂျင် ရွေးချယ်လို့မရခြင်း
  • အနည်းငယ်ခုံတဲ့ suspension ဖြစ်နေခြင်း
  • ခေတ်မီ safety ပိုင်းဆိုင်ရာ နည်းပညာများမပါဝင်ခြင်း

သုံးသပ်ချက်

MG ဆိုတာက ဗြိတိန်မော်တော်ယာဉ်အမှတ်တံဆိပ်တစ်ခုပါ။ Sport car တွေထုတ်လုပ်ပြီး ကျော်ကြားလာတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Birmingham မြို့ Longbridge အခြေစိုက် ကုမ္ပဏီဖြစ်ပြီး Midget တွေကတော့ MG ရဲ့ လူသိများတဲ့ထုတ်ကုန်တစ်ခုပါ။ တစ်ခုရှိတာကတော့ MG Motor ဟာ SAIC Motor UK ရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး SAIC Motor UK ကိုတော့ Shanghai အခြေစိုက် တရုတ်နိုင်ငံပိုင် မော်တော်ယာဉ်ထုတ်လုပ်ရေး SAIC (Shanghai Automotive Industry Corporation) က ပိုင်ဆိုင်ပါတယ်။ သဘောကတော့ MG ဟာလည်း ဂျာမနီအမှတ်တံဆိပ် Borgward လိုမျိုး တရုတ်နိုင်ငံကပဲပိုင်ဆိုင်တာပါ။

ခင်ဗျားအနေနဲ့ မိသားစုစီး SUV အသေးကို ဈေးအများကြီးမသုံးဘဲ စီးချင်တယ်။ ကျယ်ကျယ်ဝန်းဝန်းနဲ့လည်းလိုချင်တယ်ဆိုရင်တော့ MG ရဲ့ ZS ဟာ ရွေးချယ်သင့်တဲ့ ကားတစ်စီးဖြစ်တာသေချာပါတယ်။ ဗြိတိန်တွေလိုပဲ ရှေးဆန်ချင်ပေမဲ့ သေသေချာချာတည်ဆောက်ထားတဲ့ ကားတစ်စီးဖြစ်တာမို့လို့ပါ။

တစ်ခုတော့ရှိတယ်။ Mazda CX-3 လိုမျိုး upmarket ကားတွေမှာ ရနိုင်မယ့် ခံစားချက်မျိုးတော့ မရနိုင်ဘူးပေါ့။ ဒါပေမဲ့ သိသိသာသာဈေးသက်သာပြီး အတွင်းခန်းကလည်း တော်တော်ကြီးကျယ်တယ်။ ပုံမှန်အတိုင်းကတော့ fabri seats တွေနဲ့သာရရှိမှာဖြစ်ပြီး ချိန်ညှိဖို့အတွက်လည်း ခလုတ် လုံလုံလောက်လောက်ပါဝင်ပါတယ်။

“ခြုံပြောရမယ်ဆိုရင်တော့ အရှေ့ fog lamp မီးနဲ့ bumper ဒီဇိုင်းနည်းနည်းကလွဲရင် MG ZS ဟာ အတွင်းအပြင်ပိုင်း ထူးခြားနေတာမျိုးသိပ်မရှိဘူး။ ဒါပေမဲ့ လက်တွေ့ကျတယ်။ ဈေးသက်သာတယ်။ ဒါဟာ MG ZS ရဲ့ အဓိက ထူးခြားချက်ပါပဲ။”

အတွင်းခန်း

MG ZS မှာက 8-inch touchscreen infotainment စနစ်နဲ့။ Main menu တွေဘာတွေက သုံးရလွယ်တယ်။ အရောင်စုံ နှိပ်စရာ ခလုတ်ကွက်အကြီးကြီးတွေနဲ့။ ဒါပေမဲ့ Main menu အတွင်းကိုဝင်လိုက်တဲ့အချိန်မှာတော့ ရှုပ်ထွေးမှုတွေ ကြုံကြရမှာပါ။ အပြာနဲ့အနက် icons တွေဟာ နည်းနည်းသေးတဲ့အပြင် အရောင်ရွေးချယ်မှုဟာ ဖတ်ရလည်းခက်ခဲစေတာ အမှန်ပါပဲ။

နှစ်သက်စရာကတော့ Apple CarPlay ကို entry-level ကစပြီးရရှိနိုင်တာပါ။ ဒါကြောင့် media streaming တွေ ဂြိုဟ်တုလမ်းညွှန်တွေကို ကားရဲ့ built-in မျက်နှာပြင်ကနေပြီး စိတ်ကြိုက်အသုံးပြုနိုင်မှာပါ။ ပေးရတဲ့ဈေးနဲ့ တန်တယ်ဆိုတဲ့ feature တစ်ခုလို့ပြောချင်ပါတယ်။

“တစ်ခုတော့ရှိတယ်။ တန်ဖိုးမြင့်ဇိမ်ခံကားတွေရဲ့ အတွင်းခန်းနဲ့ထိုင်ခုံတွေကနေရနိုင်မယ့် နူးညံ့အိထွေးတဲ့ အရသာမျိုးကိုတော့ မရနိုင်ဘူးပေါ့။ ဒါပေမဲ့ Ranault ရဲ့ Capture ၊ Mazda ရဲ့ CX-3 ဒါမှမဟုတ် Nissan ရဲ့ Juke တို့ထက် ပိုမိုကျယ်ဝန်းတဲ့ headroom နဲ့ leg room တွေ ရရှိနိုင်ပါတယ်။”

လက်တွေ့ဆိုရင်

ပစ္စည်းထားခန်းကတော့ 448-litre ဝင်ဆံ့ပါတယ်။ ဒါဟာ Mazda ၊ Renault နဲ့ Nissan တို့ထက် 90-litre တောင် ပိုမိုဝင်ဆံ့တာပါလို့ ပြောလို့ရတယ်။ တကယ်လို့သာ အနောက်ထိုင်ခုံတွေခေါက်လိုက်မယ်ဆိုရင်တော့ စက်ဘီးတစ်စီးကို ဘီးမဖြုတ်ဘဲနဲ့တောင်မှ အေးအေးဆေးဆေး ထည့်သယ်လို့ရပါတယ်။

“MG ZS ဟာဘာနဲ့တူသလဲဆိုတော့ စူပါမားကပ်ထဲက ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ cereal လိုပါပဲ။ သူ့ထက်ပိုပြီး နာမည်ကြီးတဲ့ အခြားအမှတ်တံဆိပ်တွေလိုမျိုး အရသာ ပိုကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဒါပေမဲ့ ဈေးနှုန်းပိုချိုသာပြီး အဆာလည်းပိုခံတဲ့ အမှတ်တံဆိပ်မျိုးပေါ့။”

မောင်းနှင်မှု

MG ရဲ့ ZS ကို ဓါတ်ဆီအင်ဂျင်နှစ်မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ မြို့ထဲအမောင်းများတဲ့သူအတွက်တော့ 1.0-litre ဓါတ်ဆီ တာဘိုအင်ဂျင်ကိုရွေးချယ်သင့်ပြီး အမြန်လမ်းပေါ်မှာ အမောင်းများမယ့်သူတွေအတွက်ကတော့ 1.5-litre ဓါတ်ဆီအင်ဂျင်နဲ့က ပိုပြီးသင့်လျော်မှာပါ။ အင်ဂျင်နှစ်မျိုးစလုံးက အသံဆူညံမှု နည်းပါးပါတယ်။ သိပ်အမြန်ကြီးမမောင်းဘူးဆိုရင် ဆီစားနှုန်းက 35mpg အထိရှိပါတယ်။ MG ကတော့ 44.9mpg နဲ့ 49.6mpg အထိရမယ်လို့ဆိုထားတာဖြစ်ပါတယ်။

ဘယ်လိုအင်ဂျင်ပဲရွေးရွေး၊ ခပ်ဖြည်းဖြည်းမောင်းချိန်မှာတောင် အပိုထောက်ပံ့မှုစနစ်ပါတဲ့ steering ကိုတော့ သိပ်ကြိုက်ပါတယ်။ အရှေ့မြင်ကွင်း ရှင်းလင်းမြင့်မားပေမဲ့ အနောက်မြင်ကွင်းမှာတော့ နည်းနည်းကျဉ်းတယ်လို့ဆိုလို့ရတယ်။ ဒါပေမဲ့ Excite model ဆိုရင်တောင်မှ အနောက် parking sensor ပါတဲ့အတွက် သိပ်ပြဿနာမရှိလောက်ပါဘူး။

ခေတ်မီ safety ပိုင်းနည်းပညာအားနည်းတယ်ဆိုတဲ့နေရာမှာ MG ရဲ့ ZS မှာက အတားအဆီးတွေရုတ်တရက်တွေ့ကြုံချိန် အလိုအလျောက်ဘရိတ်ဖမ်းပေးနိုင်တဲ့ Automatic Emergency Braking စနစ်တပ်ဆင်ပေးထားမှုမရှိပါဘူး။ NCAP ရဲ့ crash test မှာ အမှတ်အများကြီးမရခဲ့တဲ့အကြောင်းအရင်းမှာ ဒါလည်း တစ်ကြောင်းပါဝင်ပါတယ်။

“ဒါဟာ သုံးသပ်ချက်ဖြစ်တဲ့အတွက် ကြော်ငြာစာသားတွေတော့တွေ့ရမှာမဟုတ်ပါဘူး။ သေချာတာက အပေါ်မှာပြောခဲ့သလိုပါပဲ။ MG ZS ဟာ ကျယ်ကျယ်ဝန်းဝန်း သက်သက်သာသာ စီးနင်းနိုင်တဲ့ ကားတစ်စီးပါ။”

ပါဝင်တဲ့အချက်တွေ

UK ထုတ် MG ZS ကိုလက်ရှိ UK မှာ trim သုံးမျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Excite (£13,705 in UK)

အခြေခံအကျဆုံး trim ကတော့ Explore ပါ။ ဒါပေမဲ့ Excite မှာက တန်ဆာပလာတွေပိုစုံပါတယ်။ 17-inch အလွိုင်းခွေ၊ cruise control ၊ air conditioning ၊ Bluetooth ဆက်သွယ်မှု၊ 8-inch touchscreen infotainment စနစ်နဲ့ပါ။ Apple CarPlay လည်းသုံးလို့ရပါတယ်။ ဒါပေမဲ့ ဂြိုဟ်တုလမ်းညွှန်ကို built-in အဖြစ်သာသုံးချင်တယ်ဆိုရင်တော့ အမြင့်စား Exclusive trim မှာမှ ရနိုင်ပါလိမ့်မယ်။
ရွေးချယ်စရာ အင်ဂျင်ကတော့ နှစ်မျိုးပါ။ 106hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်တဲ့ 1.5-litre ဓါတ်ဆီအင်ဂျင်ရယ်၊ 111hp အထိအမြင့်ဆုံးပါဝါထုတ်လွှတ်နိုင်မယ့် 1.0 ဓါတ်ဆီအင်ဂျင်ရယ်ဖြစ်ပါတယ်။ 1.5L ကတော့ manual gear ဖြစ်ပြီး 0-60mph အတွက် 10.9-second ကြာမှာဖြစ်ပါတယ်။ 1.0L ကတော့ Automatic transmission ဖြစ်ပြီး 0-60mph အတွက် 12.4-second ကြာမြင့်မှာပါ။

Limited Edition (£14,530 in UK)

Limited Edition မှာတော့ MG ZS ဟာ သိပ်ပြီးထူးခြားသွားတာမျိုးသိပ်မရှိပါဘူး။ အပြင်ပိုင်းအသွင်အပြင်မှာဆိုရင် အရှေ့ grille တွေပတ်လည်မှာ အနီရောင် highlights တွေပါသွားတယ်။ အတွင်းခန်းမှာဆိုရင် အနီ၊ အနက် နှစ်ရောင်စပ် ထိုင်ခုံတွေဖြစ်သွားတယ်။ ဒီလောက်ပါပဲ။ အင်ဂျင်ပိုင်းမှာတော့ 1.5L ဓါတ်ဆီအင်ဂျင်နဲ့ပဲ ရရှိနိုင်ပါတယ်။

Exclusive (£15,330 in UK)

Exclusive ကတော့ MG ZS ရဲ့ အမြင့်ဆုံး trim ပါ။ Built-in ဂြိုဟ်တုလမ်းညွှန်နဲ့ပါ။ နေရာတော်တော်များများမှာ သားရေအကောင်းစားဖုံးအုပ်ထားတဲ့ ထိုင်ခုံတွေ၊ အနောက် parking sensors တွေ၊ အနောက်ကြည့်ကင်မရာတွေနဲ့ပါ။ အင်ဂျင်ရွေးချယ်စရာအဖြစ်နဲ့နှစ်မျိုးရှိပြီး Excite နဲ့အတူတူပါပဲ။

Ref: MG ZS Review by Mat Watson

Author

Comments