ကျဉ်းတာတွေကို ကျယ်အောင်ဘယ်လိုလုပ်မလဲ? ကားအသေးစားလေးတွေအတွက် နေရာလွတ်ဆိုတာ ရေမဆေးကျောက်ရှာဖွေရသလိုမျိုး ရှားပါးပြီး အတွေးအမြင်ကောင်းမှုရယ်၊ ကြိုးစားအားထုတ်မှုရယ်နဲ့မှ ထွက်ရှိလာတတ်တာမျိုးပါ။ Fiat ကတော့ ကားအသေးလေးတွေကို ဘယ်လိုထုတ်လုပ်ရမယ်ဆိုတာ ကောင်းကောင်းသိထားပုံပါပဲ။ ဒါကြောင့်လည်း Fiat Panda ဟာ Skoda Citigo ၊ Kia Picanto နဲ့ Hyundai i10 တို့လို ကားတွေကြားထဲမှာ အကောင်းဆုံးတစ်စီးဖြစ်နေတာပေါ့။
အားသာချက်
- ကြွရွနေတဲ့ပုံစံ၏ကောင်းမွန်ခြင်း
- ပေးရသောဈေးနှုန်းဖြင့် လွန်စွာမှထိုက်တန်ခြင်း
- ဆီစားနှုန်းသက်သာသော အင်ဂျင်ဖြစ်ခြင်း
အားနည်းချက်
- အဆင့်မီ ကရိယာတန်ဆာပလာများ တပ်ဆင်ပေးမှု နည်းပါးခြင်း
- ရွေးချယ်စရာ trim များတွင် ထူးကဲမှုနည်းပါးခြင်း
- စံသတ်မှတ်ချက်အဖြစ် ထိုင်ခုံ လေးခုံသာပါဝင်ခြင်း
သုံးသပ်ချက်

ဒီကားကိုကြည့်ရတာ Fiat 500 ကိုပြန်ပြောင်းအောက်မေ့ဖွယ်ရာပါ။ ဒါပေမဲ့ Panda ကတော့ ပိုပြီး စတိုင်ကျပါတယ်။ ခပ်မတ်မတ်ကိုယ်ထည်ရဲ့အဓိပ္ပါယ်ကတော့ လွတ်လွတ်ကင်းကင်း ထိုင်နိုင်စီးနိုင်တာဖြစ်ပြီး တံခါး ငါးပေါက်ရဲ့ အဝင်အထွက် အသွင်းအပြုပိုင်း ချောမွေ့တာလည်းတွေ့ရတယ်။ အတွင်းခန်းအရည်အသွေးကတော့ Volkswagen Up ကိုမမီပေမဲ့ Fiat ကတော့ နှစ်လိုဖွယ်ရာ ပုံစံနဲ့ဈေးနှုန်းရှိခြင်းဆိုတဲ့ ဇက်ကြိုးကိုကိုင်ထားတယ်ဆိုရင် မျှတမှုရှိမှာပါ။
ကားသေးလေးတွေရဲ့ ထုံးစံအတိုင်းပါပဲ။ Panda ဟာ မြို့တွင်းပတ်လည်မောင်းနှင်မှုအတွက် အကောင်းဆုံးပါ။ ကားကြပ်ကြပ်၊ လူကြပ်ကြပ်တွေကြားထဲ လှစ်လှစ်မြည်အောင်မောင်းနှင်လို့ရပြီး ကြပ်ကြပ်တည်းတည်း ပါကင်တွေအတွက်လည်း စိတ်ပူစရာမရှိလှဘူး။ သေးငယ်တဲ့အင်ဂျင်ရဲ့အဓိပ္ပါယ်ကတော့ ရေရှည်ငွေကုန်ကြေးကျသက်သာမယ်ဆိုတာဖြစ်ပြီး အမြန်လမ်းမှာ အရှိန်ပြင်းပြင်းမောင်းနှင်ဖို့ဆိုရင်တော့ Panda ကို မရွေးချယ်သင့်ပါဘူး။
ဈေးသက်သာတဲ့ကားဖြစ်တာနဲ့အညီ အဆင့်မြင့် ကရိယာတန်ဆာပလာတွေတော့ အများကြီးမျှော်လင့်လို့မရပါ။ သာမန်ပါဝင်မှုဖြစ်တဲ့ လေအိတ် ခြောက်လုံး၊ central locking စနစ်၊ CD ဖွင့်စက်နဲ့အတူ လက်ကိုင်ခွေမှာ နှိပ်စရာပြုစရာ ခလုတ်တချို့သာပါဝင်မှာဖြစ်ပါတယ်။
“Fiat Panda ဟာ တမူထူးခြားတဲ့ အသေးစားကားဖြစ်ပြီး လူတိုင်းလိုလိုဝယ်ယူစီးနင်းနိုင်တဲ့ဈေးနှုန်းနဲ့ မောင်းပျော်တဲ့ကားတစ်စီးလို့ ဆိုနိုင်ပါတယ်။”
အတွင်းခန်း

အတွင်းခန်းက တချို့ ပလတ်စတစ်တွေဟာ မာတယ်၊ ကြမ်းတယ်။ အဓိပ္ပါယ်က ဈေးပေါတယ်။ ဒါပေမဲ့ ကြွရွနေတဲ့ပုံစံနဲ့ သက်သာတဲ့ဈေးနှုန်းက အဲဒီချို့ယွင်းချက်တွေကို ထေမိစေတယ်။
Panda ဟာ အပြင်ပုံသဏ္ဌာန်သာ တစ်မူထူးတာမဟုတ်ပါ။ အတွင်းခန်းက ထိုင်ခုံတွေ၊ dashboard တွေ၊ ခလုတ်တွေရဲ့ အသွင်အပြင်တွေကလည်း ကိုယ်ပိုင်ဟန်အပြည့်နဲ့ဖြစ်ပါတယ်။ ကြွကြွ ရွရွလေးပါပဲ။
$12,000-$18,000 လောက်သာတန်ဖိုးရှိတဲ့ကားတစ်စီးမှာ အလန်းစား touchscreen infotainment display အကျယ်ကြီးတွေ၊ digital climate control တွေ ဘာတွေတော့ မမျှော်လင့်ထားဘူးမလား။
“Fiat Panda ရဲ့ အတွင်းခန်းပိုင်းကိုသုံးသပ်ပြရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ လေးငါးနှစ်ဆီက ကားတွေရဲ့ အတွင်းခန်းသာသာကို တစ်မူထူးခြား ကြွကြွရွရွလေး မောင်းနှင်ချင်ရုံဆိုရင်ဖြင့် ဈေးသက်သက်သာသာနဲ့ ဝယ်ယူမောင်းနှင်နိုင်ပါတယ်လို့သာ ဆိုချင်ပါတယ်။”
လက်တွေ့ဆိုရင်

ကားအသေးဆိုတဲ့အတိုင်း နေရာလွတ်အကျယ်ကြီးတော့မရနိုင်ပါဘူး။ ဒါပေမဲ့ Fiat ရဲ့ smart ဖြစ်တဲ့ အတွင်းခန်းဖွဲ့စည်းပုံကြောင့် သူ့အမျိုးအစားကားတွေထက် ပိုမိုများပြားတဲ့နေရာလွတ်ကို ရရှိနေတာပါ။
“သက်သာတဲ့ဈေးနှုန်းနဲ့ နေ့စဉ်ဘဝကိုကောင်းကောင်းအကူအညီပေးနိုင်ပါတယ်ဆိုတာကို Panda က သက်သေပြလျက်ပါ။ အထူးသဖြင့် ကျောင်းကြိုကျောင်းပို့၊ အလုပ်သွားအလုပ်ပြန် မြို့တွင်းမှာပဲ သွားလာနေရသူတွေအတွက်ပေါ့။”
Boot အကျယ်ကတော့ သာမန်ပါပဲ။ Panda အနောက်ပစ္စည်းထားခန်းရဲ့ ဝင်ဆံ့မှုပမာဏဟာ 225 ကနေ 260 litres လောက်ပဲရှိပါတယ်။ နှိုင်းယှဉ်ဖို့အတွက်ဆိုရင်တော့ Skoda Citigo က 251 litres ၊ Hyundai i10 က 252 litres နဲ့ Kia Picanto ကတော့ 200 litres ဝင်ဆံ့မှုပမာဏရှိပါတယ်။
မောင်းနှင်မှု

မြို့ပြသုံးကားတစ်စီးဆိုတဲ့အတိုင်းပါပဲ၊ Panda ဟာ မောင်းနှင်ရ အလွန်လွယ်ကူအောင် တည်ဆောက်ထားပါတယ်။ အရှေ့အနောက်နဲ့ ဘေးပတ်ဝန်းကျင်မြင်ကွင်းပိုင်းကလည်း သင့်တင့်ကောင်းမွန်ပါတယ်။ ထိန်းချုပ်မှုအပိုင်းကတော့ ပေါ့တယ်၊ ကောင်းတယ် ဆိုတာ မောင်းနှင်ကြည့်သူတိုင်း ခံစားမိမှာပါ။
“မြို့ပြကားတစ်စီးအဖြစ်ထုတ်လုပ်ထားတဲ့ Fiat Panda ဟာ မြို့ထဲမှာမောင်းဖို့တော့ အကောင်းဆုံးဖြစ်ပေမဲ့ အမြန်လမ်းတွေမှာလည်း အံသြစရာကောင်းလောက်အောင် ကောင်းကောင်းကြီး မောင်းလို့ရတာတွေ့ရပါတယ်။ အမြင့်ဆုံး မြန်နှုန်းနဲ့တော့ မဟုတ်ဘူးပေါ့။”
တကယ်တော့ 14-inch ဘီးတွေနဲ့ Panda ဟာ မြို့ပြမှာမောင်းနှင်ဖို့အတွက်သာ ရည်ရွယ်ထားပြီး လမ်းကြောအကူးအပြောင်းများများ၊ အရှိန်နှေးနှေးနဲ့ ဆတ်ခနဲကျော်တက်ရမည့်နေရာ အများအပြားအတွက် လှစ်ခနဲ လှစ်ခနဲ မောင်းနှင်လို့ရတဲ့ ကားအမျိုးအစားပါ။
ပါဝင်တဲ့အချက်တွေ

UK မှာရောင်းချနေတဲ့ Fiat Panda ရဲ့ trim ကတော့ လေးမျိုးပါ။ Pop ၊ Easy ၊ Lounge နဲ့ Waze ဖြစ်ပါတယ်။
Pop
Pop ကတော့ Panda ရဲ့ အခြေခံ trim ပါ။ အရှေ့တံခါးမှန်အတွက် electric motor ပါမယ်။ MP3 ဖွင့်လို့ရမယ်။ လေအိတ်ကတော့ Pop မှာက လေးလုံးပဲပါမယ်။ ကိုယ်ထည်နဲ့ bumper အရောင်တူတူပဲရမယ်။
အသုံးပြုပေးထားတဲ့ အင်ဂျင်ကတော့ 1.2-litre ဓါတ်ဆီအင်ဂျင်ပါ။ 69hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်ပါတယ်။ အမြန်လမ်းပေါ်မှာ အရှိန်တင်မယ်ဆိုရင်တော့ အသံကျယ်ပါလိမ့်မယ်။
0-60mph နှုန်းအတွက် 14.8-second လိုဖြစ်ပြီး ဆီစားနှုန်းကတော့ ဦးကပ်စီးတွေအကြိုက် 50mpg အထိရမယ်လို့ Fiat က ဆိုထားပါတယ်။ Manual gearbox နဲ့ပါ။
Easy
Easy trim ကတော့ Pop ထက် တစ်ဆင့်မြင့်တဲ့ trim ပေါ့။ Easy trim ဆိုရင်တော့ Bluetooth ချိတ်ဆက်နိုင်မှု၊ 15-inch အလွိုင်းခွေ၊ အနောက် ပါကင်ဆင်ဆာတွေနဲ့ဖြစ်သွားပါပြီ။ အင်ဂျင်ပိုင်းကတော့ Pop နဲ့တူတူပါပဲ။
Lounge
Lounge မှာဆိုရင်တော့ နောက်ကြည့်ဘေးမှန်တွေက electric motor တွေနဲ့ရရှိမှာဖြစ်ပါတယ်။ 15-inch အလွိုင်းခွေ၊ အရှေ့ fog light တွေနဲ့ရရှိမှာပါ။ အင်ဂျင်ပိုင်းကတော့ Pop နဲ့တူတူပါပဲ။
Waze
Panda ရဲ့ အမြင့်ဆုံး trim ဖြစ်တဲ့အတွက် ထုံးစံအတိုင်း သူ့ထက်နိမ့်တဲ့ trim မှာ ရရှိနိုင်တာအားလုံး ရရှိမှာပါ။ Waze မှာတော့ Fiat ရဲ့ Uconnet စနစ်ကနေတစ်ဆင့် Waze ဂြိုဟ်တုလမ်းညွှန်အသုံးပြုလို့ရပါပြီ။ Infotainment screen မှာလည်း Android ဒါမှမဟုတ် Apple ဖုန်းနဲ့ချိတ်ဆက်လို့ရပါပြီ။
အင်ဂျင်ရွေးချယ်စရာကတော့ နှစ်မျိုးဖြစ်လာပြီး တစ်မျိုးကတော့ Pop နဲ့တူတူပါ။ နောက်တစ်မျိုးကတော့ 4WD ဖြစ်ပြီး 0.9-litre ဓါတ်ဆီအင်ဂျင်ပါ။ 90hp အထိအမြင့်ဆုံးပါဝါ ထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး 0-60mph အထိအရှိန်နှုန်းအတွက် 12.8-second ပဲလိုတော့မှာပါ။ ဆီစားနှုန်းကတော့ ပထမအင်ဂျင်လိုပါပဲ။ 50mpg ပါ။
စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: Fiat Panda Review by Mat Watson