Audi RS7 Sportback Review (International)

0

Full article

ငွေများများပေးရင် ပေးသလောက် မြန်မြန်ပြေးတဲ့ကားတစ်စီးကိုရှာနေတယ်ဆိုရင်တော့ Audi RS7 Sportback 2020 ဟာ မယုံနိုင်လောက်အောင်မြန်ဆန်တဲ့ coupe စတိုင် တံခါးလေးပေါက်ပါ ကားတွေထဲကအကောင်းဆုံးကားတစ်စီးပဲဖြစ်ပါတယ်။ အတွင်းခန်းကလည်းမိုက်တယ်။ ဒါပေမဲ့သာမန်သာမောင်းမယ့်သူတွေအတွက်ဆိုရင်တော့ အပြိုင်အဆိုင်တွေကများပါလိမ့်မယ်။

အားသာချက်

  • ထူးထူးကဲကဲကောင်းမွန်တဲ့အတွင်းခန်းပါရှိ
  • အံ့သြလောက်စရာအလျင်ဖြင့်မောင်းနှင်နိုင်
  • ပြိုင်ဘက်များထက် ပိုမိုကျယ်ဝန်းသောအနောက်ပစ္စည်းထားခန်းကိုပိုင်ဆိုင်ထား

အားနည်းချက်

  • Optional များမှာ ဈေးနှုန်းအားဖြင့်ကြီးမြင့်မည်ဖြစ်
  • သာမန်သာမောင်းနှင်သူများအတွက် ပိုမိုသင့်တော်သော အခြားကားများရှိနေ
  • RS6 Avant မှာ ဈေးနှုန်းအားဖြင့်ပိုမိုသက်သာမှာဖြစ်သလို လက်တွေလည်းပို၍ကျန

သုံးသပ်ချက်

ဘယ်နိုင်ငံက ကားဈေးကွက်မှာမဆိို အမြင့်ဆုံးအင်ဂျင်ပါဝါထုတ်လွှတ်မှု 150hp လောက်ထွက်တဲ့ ကားမျိုးကိုလိုချင်တယ်ဆိုရင်တော့ ရွေးချယ်စရာတွေက များလှပါတယ်။ ဒါပေမဲ့ ဒီထက်ပိုများတဲ့အင်ဂျင်ပါဝါထုတ်လွှတ်မှုမျိုးလိုချင်တယ်ဆိုရင်တော့ သိပ်အများကြီးမရှိတော့ပါဘူး။ Audi RS7 Sportback ကတော့ V8 အင်ဂျင်နဲ့၊ အမြင့်ဆုံးပါဝါထုတ်လွှတ်မှုအနေနဲ့ 600hp အထိတောင်မှရှိတာပါ။

Audi ရဲ့ RS7 Sportback လိုမျိုး သွယ်လျတဲ့ တံခါးလေးပေါက်ပါ sport ကားနဲ့နှိုင်းယှဉ်စရာဆိုလို့ Porsche Panamera နဲ့ Mercedes AMG GT 4-door တို့လောက်ပဲဈေးကွက်ထဲမှာ လောက်လောက်လားလားတွေ့ကြရပါလိမ့်မယ်။

မြင်ဖူးသမျှ RS exhaust တွေထဲမှာတော့ အခု RS7 Sportback အသစ်ရဲ့ exhaust ဟာအကြီးဆုံးဖြစ်သလို အနောက် bumper ရဲ့ဒီဇိုင်းကလည်း လုံးဝကိုအသစ်။ အနောက်မှာတပ်ဆင်ထားတဲ့ grille ကတော့ အလှသက်သက်ဖြစ်ပါတယ်။ ဘေးဘက်ကိုဆက်လျှောက်သွားမယ်ဆိုရင်တော့ 21-inch အလွိုင်းခွေနဲ့ဘီးကို ဗြက်ကျယ်ကျယ်နဲ့တပ်ဆင်ထားတာတွေ့ရပါလိမ့်မယ်။  ပုံစံအဟောင်းလို့ဆိုနိုင်တဲ့ A7 ရဲ့ပုံစံအချို့ကိုတော့ bonnet ၊ အမိုး ၊ အနောက်ဖုံးနဲ့ တံခါးပေါက်တွေမှာသာ တွေ့မြင်ရနိုင်ပါတယ်။ ကျန်တာတွေက ပုံစံအသစ်တွေချည်းပါပဲ။ အထူးသဖြင့် matrix LED အရှေ့မီးနဲ့အနက်ရောင် Audi logo တွေဟာ ထူးခြားတဲ့ရသကို ခံစားရစေပြီး အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ RS7 ကိုကြည့်ရတာဟာ ရုတ်တရက်ဆိုရင် ကြောက်လန့်စရာတောင် ကောင်းလောက်ပါတယ်။

“ပုံစံပိုင်းအရပြောရမယ်ဆိုရင် Audi RS7 Sportback ဟာ ပြင်းရှတဲ့လှပမှုကို ပိုင်ဆိုင်ထားတဲ့ ကားတစ်စီးပါ။”

အတွင်းခန်း


Audi RS7 Sportback ရဲ့အတွင်းခန်းဟာ အဆင့်မြင့်သွားတယ်ဆိုပေမဲ့ သိပ်အများကြီးအပြောင်းအလဲဖြစ်သွားတာမျိုးတော့မဟုတ်ဘူး။ ဘယ်လိုပဲပြောပြော တပ်ဆင်ပေးထားတဲ့ RS-အမှတ်တံဆိပ်ပါထိုင်ခုံတွေကတော့ လျှပ်စစ်စနစ်နဲ့ချိန်ညှိနိုင်သလို ဘယ်လိုအရွယ်အစားနဲ့လူမျိုးထိုင်ထိုင် သက်သောင့်သက်သာဖြစ်အောင်လို့ ဖန်တီးထားတာတွေ့ရတယ်။ အကောင်းစား leather ကိုမှ အနီရောင်ချုပ်ရိုးတွေနဲ့ ပုံဖေါ်ထားတဲ့ ထိုင်ခုံတွေကတော့ လုံးဝကို sporty ပါပဲ။ Steering ကလည်း sporty ဒီဇိုင်း၊ အောက်ပိုင်းပြားဖြစ်ပြီး paddle shifts တွေက အလူမီနီယံသားစစ်စစ်တွေအသုံးပြုထားတဲ့အတွက် ကြည့်လို့လည်းကောင်းသလို ကိုင်လို့လည်းကောင်းပါတယ်။

ခြေနင်းပြားမှာကအစ RS တံဆိပ်ထိုးထားတဲ့ RS7 Sportback ဟာ Audi ရဲ့အထူးစပယ်ရှယ် Virtual Cockpit display ကိုတပ်ဆင်ပေးထားတယ်။ Virtual Cockpit ကတော့ ကြည့်ရတာရှင်း၊ သုံးရတာလွယ်လှတာမို့လို့ ‘ရှင်းလွယ်’ driver display ဆိုပြီးလို့တောင် နာမည်ပေးလိုက်ချင်တာပါ။ လက်ကိုင်ခွေမှာတပ်ဆင်ပေးထားတဲ့ ခလုတ်တွေကနေပြီး အကောင်းဆုံးထိန်းချုပ်လို့ရတဲ့ Virtual Cockpit ရယ်ပါ။ တပ်ဆင်ထားတဲ့ HUD ကလည်းအဆင့်မြင့်ပြီး ကိန်းဂဏန်းတွေကို အရောင်တစ်ရောင်တည်းနဲ့ဖေါ်ပြတဲ့ Head-Up Display မျိုးမဟုတ်ပါဘူး။ ကျန်တဲ့ infotainment screen ကလည်းသုံးရတာလွယ်တယ်။ အရည်အသွေးအဆင့်မြင့်တယ်ဆိုတာကတော့ Audi ဖြစ်လို့ထည့်ပြောမနေတော့ပါဘူး။ Touchscreen ဖြစ်ပြီး တုံ့ပြန်မှုလည်းကောင်းပေမဲ့ ထိန်းချုပ်ဖို့တပ်ဆင်ပေးထားတဲ့ physical ခလုတ်တချို့ကတော့ ကားမောင်းရင်းအသုံးပြုမယ်ဆိုရင် အခက်အခဲရှိနိုင်မဲ့ အနေအထားပါ။

လက်တွေ့ဆိုရင်


RS7 Sportback အသစ်ရဲ့ အနောက်ဘက်မှာ လိုက်ပါကြမယ့်လူတွေက ပစ္စည်းပစ္စယများများကို လူနဲ့တစ်ပါတည်းထည့်သွင်းသယ်ယူဖို့မမျှော်လင့်ဘူးဆိုရင်တော့ အနောက်ခန်းဟာ ခေါင်းရော ခြေပါ ကောင်းကောင်းလွတ်တဲ့အနေအထားမှာရှိပါတယ်။ မြန်နှုန်းဦးစားပေးကားတွေရဲ့ထုံးစံအတိုင်း အနောက်ခန်းဟာ လူနှစ်ယောက်အတွက်ဆိုရင် ကျယ်ကျယ်ဝန်းဝန်းရှိမှာဖြစ်ပေမဲ့ သုံးဦးဆိုရင်တော့ ခပ်ကြပ်ကြပ်စီးနင်းရမယ့်သဘောမှာရှိနေတာပါပဲ။

“Audi RS7 Sportback ရဲ့အကြီးဆုံးပြိုင်ဘက်က ဘယ်သူဖြစ်မလဲ? သူကတော့ Mercedes ကလည်းမဟုတ်သလို Porsche ကလည်းမဟုတ်ပါ။ BMW ကလည်းမဟုတ်ပါဘူး။ Audi ရဲ့ RS6 Avant သာလျင်ဖြစ်နိုင်တာပါ။ စွမ်းဆောင်ရည်သိပ်မကွာလှပေမဲ့ RS6 Avant က ဈေးနှုန်းအားဖြင့် ပိုသက်သာသလို လက်တွေ့လည်းပိုကျပါတယ်။”

Audi RS7 Sportback ရဲ့အနောက်ပစ္စည်းထားခန်းအကျယ်နဲ့ပတ်သက်ပြီးတော့ မကျေမနပ်ဖြစ်မယ့်သူ ဘယ်သူမှရှိမှာမဟုတ်ပါဘူး။ ပြောခဲ့သလိုပါပဲ။ Audi A6 Avant ထက်ကျဉ်းပေမဲ့ Porsche Panamera Turbo ဒါမှမဟုတ် Mercedes-AMG GT 4-door တို့ထက််ကျယ်ပါတယ်။

မောင်းနှင်မှု

Porsche တို့ Mercedes တို့လိုပါပဲ။ Audi ကလည်း turbocharged V8 ဓါတ်ဆီအင်ဂျင်နဲ့ဖြစ်ပါတယ်။ အင်ဂျင်နဲ့မောင်းနှင်မှုအပိုင်းမှာ RS7 Sportback ဟာ RS6 Avant နဲ့ တထေရာတည်းနီးပါးတူပြီး အမြင့်ဆုံးပါဝါ 600hp အထိထုတ်လွှတ်ပေးနိုင်စွမ်းကလည်းအတူတူပါပဲ။ အင်ဂျင်ကနေ ထွက်ရှိလာတဲ့ ပါဝါတွေဟာ 8-speed automatic gearbox ကနေတစ်ဆင့် Audi ရဲ့ quattro 4WD စနစ်အရ ဘီးလေးဘီးစလုံးကို ဖြန့်ဖြူးပေးမှာဖြစ်ပါတယ်။ အစပိုင်းရုန်းအားထိန်းချုပ်မှုစနစ်ကို အကောင်းဆုံးစီမံထားမှုနဲ့ ဗြက်ကျယ်တဲ့တာယာတွေဟာ Audi RS7 Sportback ကို 0-60mph နှုန်းမောင်းနှင်ဖို့အတွက် အချိန် 3.6-second သာလိုအပ်တယ်လို့ Audi ကဆိုထားတာပါ။ ဒါပေမဲ့ လက်တွေမောင်းနှင်ကြည့်ရမှာတော့ 3.4-second နဲ့တောင်မှ 0-60mph အထိအရှိန်တင်နိုင်တာတွေ့ရပါတယ်။ ဒါမျိုးဆိုတာက ပေါပေါများများရှိလှတာမဟုတ်ပါဘူး။

Audi RS7 Sportback ကို အမြင့်ဆုံးမြန်နှုန်းဘယ်လောက်အထိနဲ့မောင်းချင်သလဲဆိုရင်တော့ ဘယ်လောက်အထိ မောင်းချင်သလဲဆိုတဲ့မေးခွန်းကို အရင်ဖြေဆိုရမှာဖြစ်ပါတယ်။ ပုံမှန်ကတော့ RS7 Sportback ဟာ 155mph အထိအမြန်ဆုံးမောင်းနှင်လို့ရအောင်ကန့်သတ်ထားတာပါ။ ဒါပေမဲ့ 174mph နှုန်း ဒါမှမဟုတ် 190mph နှုန်းအထိ အမြင့်ဆုံးမြန်နှုန်းနဲ့မောင်းနှင်ချင်တယ်ဆိုရင်လည်း ဖုန်းရဲ့ app ကိုအဆင့်မြှင့်တင်သလိုပဲ၊ software သက်သက်နဲ့ထိန်းချုပ်ထားတာဖြစ်လို့ ဘာမှထပ်ထည့်စရာမလိုဘဲ မြှင့်တင်လို့ရပါတယ်။ လက်တွေ့မောင်းနှင်ကြည့်ရမှာ သာမန်ဆီစားနှုန်းကတော့ 9.3 L/100km ရှိတဲ့အတွက် 10.7 km/L အထိရရှိမှာဖြစ်ပါတယ်။ မြန်နှုန်းဦးစားပေးကားတစ်စီးအတွက် တော်တော်လေးသက်သာတဲ့ ဆီစားနှုန်းရယ်ပါ။

Adaptive air suspension အတွက်ကို ငွေကုန်ကြေးကျထပ်ခံစရာမလိုဘဲ ရရှိနိုင်တာကတော့ နှစ်သက်စရာကောင်းလှပါတယ်။ Audi RS7 Sportback အသစ်ကိုစီးနင်းရာမှာ သက်သောင့်သက်သာအဖြစ်ဆုံး feeling ကိုရရှိစေနိုင်မယ့်အချက်ပါပဲ။ Steering ထိန်းချုပ်မှုအပိုင်းမှာတော့ RS7 Sportback ဟာ ဆံချည်မျှင်တစ်ထောက်မလွဲအောင်ကို တိကျတယ်လို့ပြောနိုင်ပါတယ်။ အရှိန်မြှင့်မောင်းတဲ့အခြေအနေမျိုးမှာ steering ထိန်းချုပ်မှုအပိုင်း တိကျဖို့လိုတယ်ဆိုတာကတော့ ထည့်ပြောစရာလိုမယ်မထင်ပါဘူး။

“Audi RS7 Sportback ဟာ sporty အရမ်းဖြစ်ပေမဲ့လို့ Mercedes-AMG GT 4-door လောက်တော့ ရွှင်မြူးစရာ ဖြစ်မနေဘူး။ တုံ့ပြန်မှုသိပ်ကောင်းတဲ့ Porsche Panamera ရဲ့ gearbox လောက်လည်း အစွန်းဆုံးညက်ညောမှုကို မရနိုင်ပါဘူး။ ဒါပေမဲ့ RS7 Sportback ကိုမောင်းနှင်တဲ့သူဟာ ဘယ်လိုအသက်အရွယ်ပဲရှိပါစေ နှစ်ဆယ်ဝန်းကျင်ကိုပြန်ရောက်သွားသလိုခံစားရစေနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်နှုန်းမြင့်မောင်းနှင်ချင်တဲ့အချိန်မှာ ကိုယ်မောင်းနှင်ချင်တဲ့မြန်နှုန်းထက် ပိုပြီးမောင်းနှင်နိုင်မှာဖြစ်ပြီး နေ့စဉ်မောင်းနှင်ဖို့အတွက်ကလည်း အရမ်းကြီးကိုလွယ်ကူအဆင်ပြေလို့ပါ။”

Ref: Audi RS7 Sportback Review by Mat Watson

Author