Audi A1 Sportback Review (International)

0

Full article

Audi ရဲ့ A1 Sportback ဟာ တောက်ပပြီး သက်သောင့်သက်သာရှိသလို နေ့စဉ်ဘဝအတွက်လည်း အသုံးကျတဲ့ကားပါ။ မောင်းရလွယ်ကူတယ်။ ဆီစားနှုန်းက သာမန်ထက်နည်းတယ်။ ဒါပေမဲ့ ဆီစားနှုန်းကိုအထူးသက်သာစေမယ့် ဒီဇယ်အင်ဂျင်ရွေးချယ်စရာတော့ ရှိမနေဘူး။

အားသာချက်

  • Infotainment ရဲ့နည်းပညာပိုင်း အဆင့်မြင့်ခြင်း
  • စိတ်ချလုံခြုံစွာဖြင့် သက်သောင့်သက်သာမောင်းနှင်နိုင်ခြင်း
  • အကောင်းဆုံး ဓါတ်ဆီအင်ဂျင်ရွေးချယ်စရာများရှိခြင်း

အားနည်းချက်

  • ဒီဇယ်အင်ဂျင်ပိုင်း ရွေးချယ်စရာမရှိခြင်း
  • အခြားတန်းတူရွေးချယ်စရာများသည် ပိုမိုဈေးသက်သာနိုင်ခြင်း
  • ထူးထူးခြားခြားခံစားရစေမည့် အစိတ်အပိုင်းများပါဝင်မှုနည်းပါးခြင်း

သုံးသပ်ချက်

တကယ်လို့ ခင်ဗျားဟာ ရေရှည်ကုန်ကျစရိတ်သက်သက်သာသာနဲ့ အရည်အသွေးပိုင်းအထူးအလေးမထားဘဲ ကားသေးတစ်စီးလောက် ဝယ်မယ်လို့စိတ်ကူးရင်တော့ Audi A1 Sportback က တော်တော်လေး သင့်တော်တဲ့ကားဖြစ်ပါတယ်။ အရည်အသွေးပိုင်းအရကြည့်မယ်ဆိုရင် Audi ရဲ့ အရည်အသွေးဟာ နိမ့်ကျမှုတော့ လုံးဝမရှိပါဘူး။ ထူးခြားကောင်းမွန်တာမျိုး နည်းပါးတယ်လို့သာ ဆိုလိုတာပါ။

A1 Sportback ဟာ သေးငယ်ပေမယ့် ကားအသေးစားတွေထဲမှာမှ အထင်ကြီးလောက်စရာ နေရာကျယ်ကျယ်ရရှိနိုင်တယ်။ ဒါပေမဲ့ မြို့စီးကားအသေးဖြစ်နဲ့ မြို့လုံးပြည့်နှစ်သက်စရာကားတစ်စီးမဟုတ်နိုင်သလို အဝေးပြေးလမ်းတွေပေါ်မှာလည်း mini-SUV အလားအသုံးတော်ခံနိုင်မယ့်ပုံစံမျိုးလည်းရှိမနေပါဘူး။

ပုံစံပိုင်းအနေနဲ့ပြောရရင် အရှေ့ဘက်မှာနေရာအများကြီးယူထားတာက အနက်ရောင် ပလတ်စတစ် grilles တွေ။ ဒါဟာ ထူးခြားဖြစ်စဉ်မျိုးမဟုတ်ပေမဲ့ A1 Sportback ရဲ့ ပုံစံကို MINI hatchback ဒါမှမဟုတ် VW Polo တို့ထက်ပိုပြီး sporty ဆန်စေတယ်။ အမြင့်ဆုံး trim ၊ ကြီးမားတဲ့ အလွိုင်းခွေနဲ့ဆိုရင်တော့ မြင်သူတကာ နှစ်သက်ဖွယ်ရာသဏ္ဌာန်မှာ ရှိနေမှာသေချာတယ်။

Audi A1 Sportback ဟာ မိသားစုဝင်နည်းတဲ့ မိသားစုငယ်အတွက်တော့ ပြည့်စုံကောင်းမွန်တဲ့ကားတစ်စီးဖြစ်ပါတယ်။ Audi ရဲ့နာမည်ဂုဏ်သတင်းနဲ့အညီ အင်ဂျင်ပိုင်းကောင်းမွန်ပြီး ခေတ်မီနည်းပညာတွေလည်း လန်ပြန်နေအောင် မဟုတ်တောင်မှ အလုံအလောက်ပါဝင်တဲ့အတွက် ရေရှည်စီးပျော်တဲ့ကားတစ်စီးပါ။”

အတွင်းခန်း

အပေါ်မှာပြောခဲ့သလိုပါပဲ။ A1 Sportback ဟာ သေးပေမဲ့ လုံလုံလောက်လောက်ကျယ်ဝန်းတယ်။ Headroom တွေဘာတွေကလည်း တော်ရုံအရပ်မြင့်ရင်တောင်မှလွတ်တယ်။ ထိုင်ခုံချိန်ညှိဖို့အတွက် ချိန်ညှိစရာအများအပြားထည့်သွင်းပေးထားတာကလည်း နှစ်သက်စရာကောင်းပါတယ်။

နှစ်သက်ဖို့အကောင်းဆုံးကတော့ A1 ဘယ်လို trim မှာမဆို တအားကောင်းတဲ့ infotainment စနစ်ကို စံအနေနဲ့တပ်ဆင်ပေးထားတာပါပဲ။ အခြေခံအဖြစ်တောင်မှ 9-inch centre touchscreen နဲ့ပါ။ ဒါမျိုးက တန်းမြင့်ကားတွေမှာမှ ရနိုင်တာမျိုး။ ဒါပေမဲ့ ဂြိုဟ်တုလမ်းညွှန်တော့ built-in မပါဝင်ပါဘူး။ အသုံးပြုချင်တယ်ဆိုရင်တော့ Apple ဒါမှမဟုတ် Android ဖုန်းတွေနဲ့ချိတ်ဆက်ပြီးအသုံးပြုရမှာဖြစ်ပါတယ်။ ကောင်းတဲ့အချက်ကတော့ touch screen ဟာ smartphone တွေရဲ့ မျက်နှာပြင်လိုပဲ အချုံ့၊ အချဲ့တွေလုပ်လို့ရတယ်။ နောက် တုန့်ပြန်မှုလည်းကောင်းတယ်။ ပုံထွက်လည်းကောင်းတယ်။ ဒါ့ထက်ပိုကောင်းတာလိုချင်ရင်တော့ Techonlolgy Pack ကို optional အနေနဲ့ ငွေကုန်ကြေးကျထပ်ခံရမှာပါ။ ဒီလိုဆိုရင်တော့ 10-inch မျက်နှာပြင်နဲ့။ Built-in ဂြိုဟ်တုလမ်းညွှန်နဲ့ဖြစ်သွားပါပြီ။ Technology Pack မှာဆိုရင် Audi ဟာ တချို့ feature တွေကို unlock လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဥပမာ…ဂြိုဟ်တုလမ်းညွှန်ကို steering အနောက်က digital screen မှာ လာပြပေးတာမျိုးပေါ့။ ဒါဟာ ကြည့်လို့ရှုလို့ပိုမိုလွယ်ကူအဆင်ပြေစေမှာတော့ သေချာပါတယ်။

အသံပိုင်းအနေနဲ့ကတော့ ဒီလိုမျိုးကားအသေးမှာတောင်မှာ speaker 11 လုံးထည့်ပေးထားတယ်။ အသံအရည်အသွေးပိုမိုကောင်းမွန်တာလိုချင်ရင်တော့ Comfort Pack အတွက် ငွေကုန်ကြေးကျထပ်ခံရမှာပါ။ ဒါဆိုရင်တော့ 560W ရှိတဲ့ Bang & Olufsen နဲ့ရမှာပါ။

အနောက်လူစီးခန်းကတော့ သုံးယောက်ထိုင်ဖြစ်ပေမဲ့ လူကြီးဆိုရင် နှစ်ယောက်လောက်ပဲစီးနင်းမှသာ သက်သောင့်သက်သာပိုရှိမှာပါ။ အနောက် cabin ရဲ့အနောက်အပေါ်ထောင့်တွေမှာ speakers တွေတပ်ဆင်ပေးထားတာကတော့ တေးဂီတနှစ်သက်သူတွေအတွက်အကြောင်းမဟုတ်ပေမဲ့ မကြိုက်သူတွေအတွက်တော့ နားနားကပ်ပြီးဆူနေသလို ဖြစ်စေနိုင်ပါတယ်။

မကြိုက်တာတစ်ခုကတော့ အနောက်ထိုင်ခုံကသူတွေအတွက် charging socket မပါဝင်ပါဘူး။ အနောက်ထိုင်ခုံလက်တင်လည်း မပါဝင်ပါဘူး။ နောက်တစ်ခုက အနောက်ထိုင်ခုံက ထွက်မယ်ဆိုရင် အရပ်ရှည်သူတွေအနေနဲ့ ခေါင်းကိုသတိပြုရမှာပါ။

“$200 လောက်ပိုပေးမယ်ဆိုရင်တော့ အတွင်းခန်း ambient lighting ရမှာပါ။ အရောင် များစွာအပြောင်းအလဲလုပ်လို့ရပါတယ်။ တန်းမြင့်ကားတွေမှာမှ ရရှိနိုင်မယ့် feeling မျိုးနဲ့ဖြစ်သွားမှာပါ။”

လက်တွေ့ဆိုရင်

Audi A1 Sportback ဟာ နေ့စဉ်ဘဝအသုံးကျဖို့တည်ဆောက်ထားတာဖြစ်ပြီး မြို့နေမိသားစုငယ်တွေအတွက်တော့ တကယ့်ကို လက်တွေ့ကျတဲ့ကားတစ်စီးဖြစ်တယ်။ ပစ္စည်းပစ္စယလည်း များများစားစား ဝင်ဆံ့တဲ့ကားတစ်စီးဖြစ်ပါတယ်။”

အနောက် boot ရဲ့ဝင်ဆံ့မှုက ပုံမှန်ဆိုရင် 335-litre ရှိပြီး ထိုင်ခုံတွေအားလုံးခေါက်လိုက်မယ်ဆိုရင်တော့ 1,090-litre အထိဝင်ဆံ့မှာပါ။ နှစ်သက်တာတစ်ခုက အနောက်ပစ္စည်းထားခန်း အခင်းရဲ့အပေါ်မှာ ပိုက်ဇကာတပ်ဆင်ပေးထားတာပါ။ ဒါဟာ ဘာမှမဟုတ်ဘူးလို့ဆိုနိုင်ပေမယ့် ပစ္စည်းသေးသေးလေးတွေ အများအပြားထည့်တဲ့အခါမျိုးမှာ တော်တော်လေးအသုံးဝင်ပါတယ်။ ဟိုလိမ့်ဒီလိမ့်မဖြစ်စေတဲ့အပြင် အသံပေါင်းစုံထွက်လာနိုင်ခြင်း အန္တရာယ်မှလည်း အကာအကွယ်ပေးနိုင်မှာပါ။

အနောက်ခုံတွေကို အနောက်ကနေနဲ့ လှန်ချနိုင်တာကလည်း လက်တွေ့အသုံးဝင်တဲ့ feature တစ်ခုပါပဲ။ အနောက်ခုံတွေအားလုံးကိုလှန်ချထားမယ်ဆိုရင် စက်ဘီးတစ်စီးတောင် တင်လို့ရတာတွေ့ရတယ်။

ISOfix ပါဝင်ပေမဲ့ အဖုံးကဖွင့်ရနည်းနည်းခက်တာတွေ့ရတယ်။ အရှေ့လူစီးထိုင်ခုံမှာပါ ISOfix တပ်ဆင်ပေးထားတာကတော့ သိပ်ကိုနှစ်သက်ဖို့ကောင်းပါတယ်။ မောင်းနေရင်း ကလေးငယ်ကို မြင်နေရတာဟာ တော်တော်လေး အဆင်ပြေမှာပါ။

“အနောက်ပစ္စည်းထားခန်းရဲ့ အပေါ်ကကာဗာကို အသုံးမပြုချင်ဘူးဆိုရင် အပိုဘီးရဲ့အဖုံးအောက်မှာ အံဝင်ခွင်ကျထည့်သွင်းနိုင်အောင်လုပ်ပေးထားတာကတော့ နှစ်သက်စရာပါပဲ။ ဒီလိုမျိုး အတွေးကောင်းလေးတွေ အသုံးပြုထားတာကို A1 Sportback မှာ နေရာအနှံအပြားတွေ့ရနိုင်ပါတယ်။”

မောင်းနှင်မှု

လက်တွေ့စမ်းသပ်မောင်းနှင်ရာမှာတော့ Audi A1 Sportback ဟာ ထိန်းချုပ်ရတာ ပေါ့ပေါ့ပါးပါးရှိတယ်။ သေးငယ်တဲ့ကားတစ်စီးအနေနဲ့ ထောင့်ချိုးကွေ့တွေ၊ ဆတ်ကနဲအဝင်အထွက်မောင်းနှင်မှုမျိုးတွေအတွက် ကောင်းမွန်တယ်။ အခြေအနေမတူတဲ့လမ်းတွေမှာ မောင်းနှင်ကြည့်တာတော့ အထင်ကြီးလောက်စရာ ကောင်းကောင်းမောင်းလို့ရတာတွေ့ရတယ်။

Lane-departure warning စနစ်နဲ့ speed limiter ကတော့ အဝေးပြေးလမ်းတွေပေါ်မှာ အကူအညီအပြည့်အဝပေးမှာဖြစ်ပြီး ဘယ်လို trim မှာမဆို စံသတ်မှတ်ချက်အနေနဲ့တပ်ဆင်ပေးထားတာ တွေ့ရတယ်။ Active Cruise Control ကတော့ optional ဖြစ်ပြီး အဝေးပြေးလမ်းပေါ်မှာ အမြဲလိုလိုမောင်းနှင်မယ့်သူဆိုရင်တော့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

အရှေ့မြင်ကွင်း ရှင်းလင်းပြတ်သားပေမဲ့ အနောက်လေကာမှန်ရဲ့ အရွယ်အစားကတော့ blind spot အချို့ဖြစ်နိုင်လောက်အောင် ငယ်တယ်လို့ပြောရမယ်။

ခပ်နှေးနှေးမောင်းနှင်မှုတွေမှာတော့ ဆတ်တောက်ဆတ်တောက်ဖြစ်ချင်တယ်။ ဒါပေမဲ့ Sport Mode ကိုပြောင်းလိုက်ရင်တော့ special ပါပဲ။ Sport Mode ကိုမှ အရှိန်မြင့်မောင်းတဲ့အခါ Audi ရဲ့အင်ဂျင်ဖြစ်တဲ့အတိုင်း ငြိမ်တယ်။ ဆွဲအားကောင်းတယ်။ ပြောရမယ်ဆိုရင်တော့ လုံးဝ “အလွင့်”။ ဒီလို ကားအသေးစားနဲ့ ဒီလို feeling ရဖို့က တကယ်တော့ အံ့ချီးဖွယ်ရာပါ။

S Line trim နဲ့မှ ပိုငြိမ့်တဲ့ suspension ရနိုင်တာကတော့ နည်းနည်းဆိုးတယ်ပဲပြောရမယ်။ ဆီစားနှုန်းပျမ်းမျှကတော့ 45mpg လေက်အထိရရှိတဲ့အတွက် ရေရှည်ကုန်ကျစရိတ် အမှန်သက်သာမယ့် ကားမျိုးပါ။

Audi A1 Sportback ဟာ သူ့အတန်းမှာတော့ တန်ဖိုးကြီးကောင်း ကြီးနေပေမဲ့ ခင်ဗျားရဲ့ ကားအသေး ရွေးချယ်စရာစာရင်းမှာ ထည့်သွင်းစဉ်းစားသင့်လှတဲ့ ကားကောင်းတစ်စီးပါ။”

ပါဝင်တဲ့အချက်တွေ

Audi A1 Sportback ကိုတော့ UK မှာ trim ငါးမျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Sport (start with £18,262 in UK)

Sport A1 ကတော့ အခြေခံ trim ပါ။ 8.8-inch touchscreen infotainment စနစ်နဲ့၊ DAB ရေဒီယိုနဲ့၊ Bluetooth ၊ CarPlay/Android Auto နဲ့ပါ။ ပိတ်သားခင်းထိုင်ခုံနဲ့ဖြစ်ပေမဲ့ LED အရှေ့မီးကြီးတွေနဲ့ပါ။ 16-inch အလွိုင်းခွေနဲ့ဖြစ်ပြီး ထိုင်ခုံတွေရော grille တွေကပါ sporty ဆန်ပါတယ်။။

အင်ဂျင်ရွေးချယ်စရာကတော့ Sport မှာ လေးမျိုးရှိပါတယ်။

  • 95hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်မယ့် 1.0-litre ဓါတ်ဆီအင်ဂျင် - 0-60mph ကို 10.8-second နဲ့မောင်းနှင်နိုင်ပြီး ဆီစားနှုန်းကတော့ 61mpg အထိတောင်မှရနိုင်မယ်လို့ Audi ကဆိုပါတယ်။ Manual gearbox နဲ့အရှေ့ယက်ပါ။
  • 116hp အထိအမြင့်ဆုံးပါဝါရနိုင်မယ့် 1.0-litre ဓါတ်ဆီအင်ဂျင် - 0-60mph ကို 9.5-second နဲ့အရှိန်တင်နိုင်ပြီး ဆီစားနှုန်းကတော့ 58mpg ပါ။ Manual gearbox နဲ့ အရှေ့ယက်ပါပဲ။
  • 116hp ထွက်တဲ့ 1.0-litre ဓါတ်ဆီအင်ဂျင်ပါပဲ။ သူကတော့ automatic gearbox နဲ့ပါ။ အရှေ့ယက်ပဲဖြစ်ပြီး 0-60mph အတွက် 9.4-second လိုပါတယ်။ Audi ရဲ့အဆို 59mpg ဆီစားနှုန်းနဲ့ပါ။
  • 150hp အထိရရှိနိုင်မယ့် 1.5-litre ဓါတ်ဆီအင်ဂျင်နဲ့ပါ။ Automatic gearbox နဲ့ဖြစ်ပြီး 4WD ဖြစ်ပါတယ်။ 0-60mph အတွက် 7.7-second သာကြာမြင့်မှာဖြစ်ပြီး ဆီစားနှုန်းကတော့ 57mpg အထိရှိမယ်လို့ Audi ကဆိုထားပါတယ်။

S Line (start with £19,797 in UK)

Sport trim ထက် S Line က ပိုပြီး sporty ဖြစ်ပါတယ်။ 17-inch အလွိုင်းခွေနဲ့ဖြစ်ပြီး ပိုမိုကြမ်းရှတဲ့ပုံစံ body kit နဲ့ပါ။ ထိုင်ခုံအခင်းအသားကတောင် ပိုပြီး sporty ဆန်တဲ့အသားမျိုးကို အသုံးပြုထားတာတွေ့ရပါတယ်။ အင်ဂျင်ပိုင်းကတော့ Sport နဲ့အတူတူပါပဲ။

S Line Competition (£24,544 in UK)

S Line Competition မှာတော့ A1 Sportback ဟာ စွမ်းဆောင်ရည်အခြေပြု trim ဖြစ်သွားပြီး ပိုမိုအားကောင်းတဲ့ အင်ဂျင်နဲ့ပါ။ စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်တာသေချာပြီး ဘရိတ်မှာ အနီရောင် calipers တွေအသုံးပြုပေးထားတဲ့အပြင် exhaust အသံကလည်းပိုပြီး စိတ်လှုပ်ရှားဖွယ်ရာဖြစ်လာပါပြီ။
အင်ဂျင်ရွေးချယ်စရာမရှိပါဘူး။ 200hp အထိအမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်မယ့် 2.0-litre ဓါတ်ဆီအင်ဂျင်နဲ့ပါ။ Automatic gearbox နဲ့ 4WD ဖြစ်ပြီး 0-60mph ကို 6.5-second ထဲနဲ့ အရှိန်တင်မောင်းနှင်နိုင်ပါတယ်။ ဆီစားနှုန်းကိုတော့ 47mpg လောက်ရမယ်လို့ Audi ကဆိုထားပါတယ်။

S Line Contrast Edition (start with £25,745 in UK)

S Line Contrast Edition မှာက 18-inch အလွိုင်းခွေနဲ့ဖြစ်ပြီး အရှေ့ထိုင်ခုံတွေက သားရေသားအုပ် sporty ထိုင်ခုံတွေဖြစ်သွားပါပြီ။ အပြင်အရောင်ကို အဝါနဲ့အနက် ဒါမှမဟုတ် အဝါနဲ့ခဲ နှစ်ရောင်စပ် သီးသန့်မှာလို့ရတဲ့ trim လည်းဖြစ်ပါတယ်။
ရွေးချယ်စရာ အင်ဂျင်နှစ်မျိုးနဲ့ပါ။
150hp အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်မယ့် 1.5-litre ဓါတ်ဆီအင်ဂျင်၊ automatic gearbox ၊ အရှေ့ယက်တွေချည်းပါပဲ။ 0-60mph ကို 7.7-second ထဲနဲ့အရှိန်တင်မောင်းနှင်နိုင်ပြီး ဆီစားနှုန်းကတော့ 55mpg ပါ။ တစ်မျိုးက 35 TFSI S TRONIC ဖြစ်ပြီး နောက်တစ်မျိုးကတော့ 35 TFSI S LINE CONTRAST ED S TRONIC ဖြစ်ပါတယ်။ S Line Contrast Edition အင်ဂျင်နဲ့ဆိုရင်တော့ £27,280 ကျသင့်မှာပဲဖြစ်ပါတယ်။

S Line Style Edition (start with £25,745 in UK)

S Line Style Edition ကတော့ UK မှာ Audi A1 Sportback ရဲ့ အမြင့်ဆုံး trim ပါ။ 18-inch အလွိုင်းခွေတွေနဲ့၊ ထိုင်ခုံ leather အပြည့်အစုံနဲ့။ LED ambient lighting နဲ့။ အနက်ရောင် pedals တွေနဲ့ပါ။ အင်ဂျင်ပိုင်းရွေးချယ်စရာကတော့ S Line Contrast နဲ့တော်တော်လေးတူပါတယ်။

Ref: Audi A1 Sportback Review by Mat Watson

Author

Comments