Hyundai Accent 2019 Review (Local)

0

Full article

လူအများစုနဲ့သင့်လျော်မယ်၊ ရန်ကုန်လိုင်စင်ရမယ်၊ ဆီစားနှုန်းသက်သာမယ်၊ တန်ဖိုးလည်း အမြင့်ကြီးမဟုတ်ဘူး၊ မြို့တွင်းပတ်လည်မောင်းလို့လည်းကောင်းရမယ်၊ ဘယ်မောင်းလည်းဖြစ်ရမယ်၊ brand new လည်းဖြစ်ရမယ်ဆိုရင် Hyundaiရဲ့ Accent အသစ်ကို အဝယ်စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ထားသင့်ပါတယ်။

ဈေးနှုန်း : ၂၉၉ သိန်း (ကားသီးသန့်)

အားသာချက်

  • မောင်းနှင်ရာမှာ သက်သောင့်သက်သာရှိပြီး အတွင်းခန်း အသံဆူညံမှုနည်းပါးခြင်း
  • အသုံးပြုထားတဲ့ကိုယ်ထည် 'သံ' သားကောင်းမွန်ပြီး ကျယ်ကျယ်ဝန်းဝန်းရှိခြင်း
  • လောင်စာဆီကုန်ကျမှု အမှန်အကန် သက်သာခြင်း

အားနည်းချက်
– Projector headlights မီး တပ်ဆင်ပေး မထားခြင်း
– မှန်အားလုံး အကြည်ဖြစ်ခြင်း
– ဂြိုဟ်တုလမ်းညွှန်စနစ် တစ်ပါတည်း မပါဝင်ခြင်း

သုံးသပ်ချက်

မြို့တွင်း ကျောင်းသွား၊ ရုံးသွား အသုံးများမယ်။ တစ်ခါတစ်လေခရီးလေးဘာလေးထွက်မယ်။ ဆီဖိုးအများကြီး အကုန်မခံချင်ဘူး။ ပုံမှန်သွားလာရေးအတွက် ငွေတွေအများကြီးလည်းအကုန်မခံချင်ဘူး။ ဒီလိုမျိုး လိုအပ်ချက်တွေပြည့်စုံဖို့အတွက် ဈေးကွက်ထဲမှာ တစ်ပတ်ရစ်ကားတွေအများကြီးရှိနေပြီးသားပါ။ ဒါပေမယ့် ကားအသစ်မှ စီးချင်တယ်ဆိုရင်တော့ ရွေးချယ်စရာ အများကြီးရှိမနေသေးပါဘူး။ ဒီထဲကမှ ကောင်းကောင်းမွန်မွန်လေး စီးချင်တယ်ဆိုရင်တော့ Hyundai ရဲ့ Accent အသစ်ဟာ အမှားအယွင်းမဖြစ်နိုင်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။
တကယ်တော့ Accentအသစ် ဟာ Accentမျိုးဆက်ရဲ့ ပဥ္စမမြောက် မျိုးဆက်ဖြစ်ပြီး နိုင်ငံတကာမှာလည်း လူသုံးများပြီးသား ကားအမျိုးအစားဖြစ်ပါတယ်။
Multi Infotainment စနစ်အဖြစ် Android Os သုံး display ကိုတပ်ဆင်ပေးထားခြင်း၊ ထိုင်ခုံအားလုံး သားရေထိုင်ခုံတပ်ဆင်ပေးထားခြင်းနဲ့ သော့ကို အိပ်ထဲထည့်ထားရင် အလိုအလျောက်ဖွင့်ပေးတဲ့ smart boot ပါလာခြင်း စတဲ့အချက်တွေကတော့ သဘောကျစရာပါပဲ။

Hyundai Accent အသစ်မှာ electric စနစ်သုံး ထိုင်ခုံချိန်ညှိမှုတွေ၊ အဆင့်မြင့် adaptive air suspension တွေ၊ Apple CarPlay တို့ smartphone mirroring စတာတွေ၊ cruise control တွေ၊ အလိုအလျောက်မှိန်ပေးနိုင်တဲ့ နောက်ကြည့်မှန်တွေ၊ မှန်အပူပေးစနစ်တွေ၊ ထိုင်ခုံ အပူ/အအေးပေးစနစ်တွေ၊ တစ်ပါတည်း တပ်ဆင်ပေးထားတဲ့ ဂြိုဟ်တုလမ်းညွှန်စနစ်တွေတော့ မပါဝင်ပါဘူး။ ဒါပေမယ့် စိုးရိမ်စိတ်ကင်းကင်းနဲ့ ကိုယ့်ရဲ့နေ့စဉ်ဘဝကို သက်သက်သာသာ မောင်းနှင်ဖြတ်ကျော်ဖို့အတွက်ဆိုရင်တော့ Hyundai ရဲ့ Accent အသစ်ဟာ အသင့်လျော်ဆုံး ကားတွေထဲက တစ်စီးပါပဲ။ အပိုဆောင်းအဖြစ်နဲ့ တကယ့်ကို ဆီစားနှုန်းနည်းပါးမှုကလည်း ရေရှည်မှာ အထောက်အပံ့ပေးနိုင်ပါသေးတယ်။

အတွင်းခန်း

လူအများစုအတွက် လက်လှမ်းမီစရာ sedan တစ်စီးဖြစ်တဲ့ Hyundai Accent အသစ်ထဲကို ဝင်ထိုင်ရတာဟာ ဇိမ်ခံကား အကောင်းစားကြီးတွေလိုမျိုးမဟုတ်ပေမယ့် ပြည်တွင်း ဈေးကွက်သဘောတရားအရ လက်ရှိအချိန်မှာပေးရတဲ့တန်ဖိုးထက် ပိုမိုထိုက်တန်မှုတွေကိုတော့ ရရှိမှာပါလို့သုံးသပ်ချင်ပါတယ်။ သားရေထိုင်ခုံတွေပါဝင်တာကတော့ ကျေနပ်စရာပါ။ Model အဟောင်းတွေထက်လည်း အတွင်းခန်းက ပိုကျယ်တာတွေ့ရပါတယ်။
သက်သောင့်သက်သာဖြစ်/မဖြစ် ဆိုတဲ့ အမြင်အရကြည့်မယ်ဆိုရင်တော့ Accent အသစ်ရဲ့ အတွင်းခန်းဟာ အပြစ်အနာအဆာတချို့ကို ရှာရှာဖွေဖွေပြောရရင် ရှိနိုင်ပေမယ့် တန်ဖိုးနဲ့ချိန်ညှိကြည့်မယ်ဆိုရင်တော့ ထိုက်တန်တဲ့ သက်သောင့်သက်သာဖြစ်မှုကို ရရှိနိုင်တယ်လို့ပဲပြောရမှာပါ။
Steering ကိုကိုင်ရတာဟာ မာကျောမှုရှိပေမယ့် ယာဉ်ကို လွယ်လွယ်ကူကူထိန်းကြောင်းနိုင်တာ တွေ့ရတယ်။ Infotainment dispaly ကို Android စနစ်အသုံးပြုပေးထားတာကလည်း နှစ်သက်စရာကောင်းပါတယ်။ ဖုန်းနဲ့ချိတ်ဆက်ကြည့်ရာမှာလည်း လွယ်ကူအဆင်ပြေတယ်။ ဒါပေမယ့် ဂြိုဟ်တုလမ်းညွှန်ကို onboard တပ်ဆင်ပေးထားခြင်းမရှိတာကတော့ အားနည်းချက်တစ်ခုလို့မြင်မိတယ်။ Smartphones တွေနဲ့ ချိတ်ဆက်ပြီးသုံးနိုင်တာကတော့ မဆိုးပါဘူးလို့ပြောရမှာပါပဲ။
ထူးခြားချက်က ကားနောက်ဆုတ်တဲ့အခါ ပြသတဲ့ display ပါ။ ပုံမှန်အားဖြင့် infotainment display မှာပြသလေ့ရှိပေမယ့် Hyundai Accent အသစ်မှာကတော့ နောက်ကြည့်မှန်မှာ အကွက်တစ်ကွက်အနေနဲ့ အနောက်ကင်မရာမြင်ကွင်းကို ပြသပေးတာတွေ့ရပါတယ်။

လက်တွေ့ဆိုရင်

Glove box အကျယ်အဝန်းမဆိုးပါဘူး။ တံခါးတွေမှာ တပ်ဆင်ပေးထားတဲ့ ရေဘူးထားစရာနေရာကတော့ ကြည့်လိုက်ရင် နည်းနည်းသေးတယ်လို့ထင်ရပေမယ့် အမှန်တကယ်တော့ မသေးပါဘူး။ ကွက်တိ ထည့်ထားလို့ရတဲ့အတွက် ပိုလို့တောင်မှကောင်းပါသေးတယ်။
Cargo space အနေနဲ့ကတော့ sedans အသေးစားလေးတွေမှာ သိပ်အများကြီးမျှော်လင့်လို့မရပါဘူး။ ဒါပေမယ့် 389-litre ဝင်ဆံ့မှုပမာဏကတော့ အထင်ကြီးစရာပါ။ ကားပုံစံနဲ့ကြည့်မယ်ဆိုရင် များပြားတဲ့ ပမာဏတစ်ခုလို့လည်းပြောနိုင်ပါတယ် (1 litre = 1,000 Cubic Centimeter)။
လက်တွေ့အသုံးပြုကြည့်ရာမှာ နှစ်သက်တာတစ်ခုက ကားစက်ရပ်မှ unlock အလိုအလျောက်ဖြစ်အောင် လုပ်တဲ့စနစ်လိုမျိုး Door Head-Up၊ Display၊ Lights၊ Sounds စတာတွေကို ကိုယ်နဲ့လိုက်ဖက်တဲ့ပုံစံမျိုး ရွေးချယ်သတ်မှတ်နိုင်တာပါပဲ။ My car, my rules ပုံစံမျိုး အသုံးပြုနိုင်တာဖြစ်လို့ လူတစ်ဦးချင်းစီရဲ့ စိတ်ကို ကျေနပ်မှုဖြစ်စေပြီး သီးသန့်ဆန်မှု အငွေ့အသက်ကိုလည်း ရရှိစေမှာပါ။
ပြောရမယ်ဆိုရင် Hyundai Accent အသစ်ဟာ ကုန်ကျစာရိတ်နည်းနည်း၊ ရိုးရှင်းတဲ့နေထိုင်မှုပုံစံနဲ့ လိုက်ဖက်ညီမှုရှိပြီး လက်တွေ့ကျတဲ့ကားတစ်စီးလို့ ဆိုနိုင်ပါတယ်။

မောင်းနှင်မှု

Hyundai Accent 2019 မှာအသုံးပြုထားတဲ့ အင်ဂျင်က 1.4-litre MPi ဓါတ်ဆီအင်ဂျင်ပါ။ အမြင့်ဆုံးအမြန်နှုန်းအနေနဲ့ 183kph ဒါမှမဟုတ် 114mph အထိမောင်းလို့ရတယ်။ 0-100kph အထိအရှိန်ရဖို့ဆိုရင် ၁၃.၄ စက္ကန့်ကြာအောင်မောင်းရတာဖြစ်တဲ့အတွက် မဆိုးပါဘူး။ မောင်းလို့ကောင်းတယ်။ ထူးခြားချက်ကတော့ ဆီစားနှုန်းပါ။ တော်တော်သက်သာတာကိုတွေ့ရတယ်။ မြို့တွင်းမောင်းနှင်ရာမှာ 12.6kpl အထိရတယ်။ မိုင်နဲ့ဆိုရင်တော့ 30mpg လောက်ရှိပါလိမ့်မယ်။ ဒါဟာ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာပါသလို လက်တွေ့လည်းကျတာကိုတွေ့ရတဲ့အတွက် အထင်ကြီးစရာပါ။ အမြန်လမ်းတွေပေါ်မှာဆိုရင်တော့ ဆီစားနှုန်းက 16.4kpl လို့ဆိုပါတယ်။ 39mpg ဝန်းကျင်ပေါ့။
Suspension အပိုင်းမှာ သတိထားမိသလောက်တော့ Hyundaiရဲ့ Accent အသစ်ဟာ ချိုင့်ငယ်၊ ကမူငယ်တွေထက်စာရင် ချိုင့်ကြီး၊ ကမူကြီးတွေကို ဖြတ်ကျော်ရာမှာ စောင့်တဲ့ဒဏ်ကို ပိုပြီး စုပ်ယူမှုအားကောင်းတာကို တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ လမ်းတွေကိုများ ရည်ရွယ်ပြီး တပ်ဆင်ထားသလားလို့တောင် ထင်မိစရာပါ။
အင်ဂျင်အသံရဲ့ ဆူညံမှုနည်းပါးတာတစ်ခုကိုလည်း ဒီနေရာမှာထည့်ပြောပါရစေ။ Idle အနေအထားမှာဆိုရင် အင်ဂျင်သံက တော်တော်လေးကို smooth ဖြစ်ပြီး ဆူညံမှုနည်းပါးပါတယ်။ မြန်နှုန်းမြင့်မောင်းနှင်ရာမှာတော့ မှန်တံခါးတွေဖွင့်ပြီးမောင်းနှင်မယ်ဆိုရင် အင်ဂျင်ညှစ်သံကြားရတာတစ်ခုတော့ရှိတယ်။ ဒါပေမယ့် မှန်တံခါးအပြည့်တင်ပြီး မောင်းမယ်ဆိုရင်တော့ သာသာယာယာ တိတ်တိတ်ဆိတ်ဆိတ် မောင်းနှင်နိုင်မှာပါ။ Automatic gear box နဲ့ 6-speed transmission ကတော့ တပ်ဆင်ထားတဲ့ အင်ဂျင်နဲ့ အလောတော်ပါပဲ။ ဘာမှာပြောစရာမရှိပါဘူး။
ခွေအနေနဲ့ကတော့ ၁၆ လက်မ အလွိုင်းခွေတွေတပ်ဆင်ပေးထားတာတွေ့ရပြီး မောင်းနှင်ရာမှာ ပိုမိုကောင်းမွန်သလို ရုပ်ထွက်လည်း ပိုမိုတောက်ပြောင်စေပါတယ်။
တန်ဖိုးကြီးကားတွေလိုမျိုး အင်ဂျင်ပါဝါအားကောင်းကောင်း၊ မောင်းနှင်ရတာ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ဇိမ်ကျကျဖြစ်မှာမဟုတ်ပေမယ့် ကြိုက်နှစ်သက်မိတာတစ်ခုက လက်ရှိဈေးကွက်ထဲမှာ ပေးရတဲ့တန်ဖိုးနဲ့ ထိုက်တန်မှုရှိခြင်းပါ။

ပါဝင်တဲ့အချက်တွေ

Engine

Displacement : 1368cc
Transmission : 6-speed Automatic Transmission
Max Power (Ps/rpm) : 100/6,000
Max Torque (kg-m/rpm) : 13.5/4,000
Number of Cylinders : 4
Cam Type : DOHC
Body Type : 4DR
Fuel Tank Capacity : 45 liters

Exterior

Overall Length : 4385 mm
Overall Width : 1729 mm
Overall Height : 1450 mm
Wheel Base : 2580 mm
Tire : 185/65R15,195/55R16
Lights : LED rear combination lamps
Colors : Snow White, Star Dust, Phantom Black

Interior

Steering : Power assisted/electric
Airbag : 2
Key : Push-button start/smart key
Window : Safety windows/Power windows/Chrome inside door handle
Side Mirrors : Built-in LED indicator lamps/Auto folding mirrors
Seat : Driver seat height adjuster/Adjustable rear seat headrests
: Leather seats
Connectivity : USB/AUX/12V Power Outlet
Infotainment System : TV/Game/Movie/SNS/Bluetooth

Performance

Maximum Speed (km/h) : 183kph
Acceleration (0-100kph/sec) : 13.4 sec

Fuel Consumption

City : 12.6 liters
Highway : 16.4 liters
Combined : 14.1 liters

ဈေးနှုန်းကတော့ ကားတန်ဖိုးသီးသန့် ကျပ် ၂၉၉ သိန်းပါ။

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန် အကူအညီပေးပါသော Cherry Myko Showroom အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

စာရေးသူ : ဂျူနို
ဓါတ်ပုံ : ကောင်းတင့်

Author