ဟိုက်ဘရစ်ကား ထိန်းသိမ်းခြင်းနဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာများ

0

Full article

ဆီစားသက်သာပြီး လူကြိုက်များတဲ့ ဟိုက်ဘရစ်ကားတွေကို ပြည်တွင်းမှာ လူကြိုက်များပြီး သုံးစွဲမှုလည်း အခုနောက်ပိုင်း မြင့်တက်လာပါတယ်.။ ဒါပေမယ့် ဟိုက်ဘရစ်ကားတွေရဲ့ လုံခြုံရေးနဲ့ တည်ဆောက်ပုံစနစ်တွေကိုတော့ လူသိနည်းပါးနေသေးတာ တွေ့ရပါတယ်.။ ဒါ့အပြင် ဟိုက်ဘရစ်ကားတွေကို ကိုယ်တိုင် ပြုပြင်ထိန်းသိမ်းရမယ့် အပိုင်းတွေမှာလည်း အားနည်းချက်တွေ ရှိနေသေးတာတွေ့ရပါတယ်.။ အဲဒါကြောင့် ဟိုက်ဘရစ်ကားတွေရဲ့ လုံခြုံရေးနဲ့ ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းနိုင်တာတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်.။

ဟိုက်ဘရစ်ကားအကြောင်း ပြောမယ်ဆိုရင် ဟိုက်ဘရစ်ကားတွေရဲ့ တည်ဆောက်မှုအပိုင်းတွေကိုလည်း မဖြစ်မနေထည့်ပြောရမှာ ဖြစ်ပါတယ်.။ ဟိုက်ဘရစ်ကားဆိုတာ အင်ဂျင်ပါဝါ အသင့်အတင့်ရှိတဲ့ ကားတွေကို အင်ဂျင်တစ်ခုထဲက ရုန်းကန်နေတာမျိုးမဟုတ်ဘဲ ဗို့အားမြင့် ဘက်ထရီတွေ၊ ရုန်းအားကောင်းတဲ့ လျှပ်စစ်မော်တာတွေကိုပါ ထည့်သွင်းတပ်ဆင်ပြီး အင်ဂျင်ရဲ့ လုပ်ဆောင်ချက်နဲ့ ဆီစားနှုန်းတွေကို လျှော့ချပေးမယ့် နည်းပညာတစ်ခုဖြစ်ပါတယ်.။

386-500x304

ဘယ်လိုတည်ဆောက်လဲ?

ဟိုက်ဘရစ်ကားကို အင်ဂျင်တစ်ခုထဲမဟုတ်ဘဲ လျှပ်စစ်မော်တာနဲ့ ဗို့အားမြင့်ဘက်ထရီတွေနဲ့ တည်ဆောက်ထုတ်လုပ်တယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်.။ တိတိကျကျပြောရမယ်ဆိုရင်တော့ သာမန်ကားတွေမှာ တပ်ဆင်ထုတ်လုပ်တဲ့ 12 Volt အစား 1000 V မှ 700 V ကြားရှိတဲ့ ဘက်ထရီတွေကို တပ်ဆင်ထုတ်လုပ်လာပါတယ်.။ ဒါ့အပြင် အင်ဂျင်ပါဝါ ၂ဝဝဝ လောက်ရှိတဲ့ အင်ဂျင်တစ်လုံးလို ရုန်းကန်အားရှိတဲ့ မော်တာကိုလည်း တပ်ဆင်ထားပါတယ်.။

အဲဒါကြောင့် ဟိုက်ဘရစ်ကားတွေရဲ့ မောင်းနှင်မှုကို အင်ဂျင်တစ်ခုထဲလုပ်ဆောင်နေတာမဟုတ်ဘဲ မော်တာနဲ့ ဘက်ထရီတွေကလည်း တွဲဖက်လုပ်ဆောင်နေတာတွေ့ရပါတယ်.။

အဓိကအားသာချက်

ဟိုက်ဘရစ်ကားရဲ့ အားသာချက်လို့ ပြောရင် ဆီစားနှုန်းသက်သာတယ်ဆိုတာက အဓိက အားသာချက်ဖြစ်ပါတယ်.။ သာမန်ဓာတ်ဆီအင်ဂျင်ကားတစ်စီးရဲ့ ဆီစားနှုန်းအောက် ငါးဆယ်ရာခိုင်နှုန်းနီးပါး လျှော့ချပေနိုင်မှာဖြစ်ပါတယ်.။ ဆီစားနှုန်းလျော့လို့ မြန်နှုန်းနဲ့ ရုန်းအားကိုတော့ လျော့မသွားအောင် ဟိုက်ဘရစ်ကားတွေကို တပ်ဆင်ထုတ်လုပ်ပေးထားပါတယ်.။ နောက်ထပ်အားသာချက်တွေကတော့ ဆီစားနှုန်းသက်သာတာကြောင့် ကားအဲကွန်းအသုံးပြုရမယ့် အချိန်တွေကို ပိုပြီးသုံးနိုင်လာပါတယ်.။ ဒါပေမယ့် ကားအဲကွန်းကိုလည်း အမြဲတမ်းဖွင့်ထားတာကလည်း ကားအဲကွန်းနဲ့ အင်ဂျင်ရဲ့ သက်တမ်းကိုပါ ထိခိုက်နိုင်တာကြောင့် လိုအပ်မှ အသုံးပြုဖို့ သင့်ပါတယ်.။

ကိုယ်တိုင်ပြုပြင်ခြင်း

ဟိုက်ဘရစ်ကားတစ်စီးကို ကိုယ်တိုင်ပြုပြင်မယ်ဆိုရင်တော့ ဖြစ်နိုင်ဖို့မလွယ်တဲ့ကိစ္စဖြစ်ပါတယ်.။ ဟိုက်ဘရစ်ကားတွေရဲ့ နည်းပညာတွေက တစ်နေ့ထက်တစ်နေ့ပိုမိုမြင့်မားလာတဲ့အပြင် ကိုယ်တိုင်ပြုပြင်ဖို့လည်း ခက်ခဲလာတဲ့ အခြေအနေဖြစ်ပါတယ်.။ ကိုယ်တိုင်ထိန်းသိမ်းမောင်းနှင်ခြင်းကသာ ကိုယ်တိုင်ပြုပြင်ခြင်းထက် ကောင်းမွန်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်.။ ဟိုက်ဘရစ်ကားရဲ့ အဲကွန်း၊ အသုံးပြုတဲ့ လောင်စာဆီ၊ ကားဘက်ထရီနဲ့ အားသွင်းစနစ်၊ ကားအောက်ပိုင်းနဲ့ ဆိုင်းထိန်းစနစ် စတာတွေကိုလည်း အမြဲမပြတ် စစ်ဆေးပေးနေဖို့ကလည်း အရေးတကြီး လိုအပ်မှာဖြစ်ပါတယ်.။ မောင်းနှင်သူအပိုင်းက ထိန်းသိမ်းမောင်းနှင်နိုင်မှုအပေါ် မူတည်ပြီး ကားရဲ့အင်ဂျင်သက်တမ်း၊ ဘက်ထရီနဲ့၊ မော်တာတွေရဲ့သက်တမ်းကြာရှည်ခံမှုတွေက မူတည်နေတာကိုလည်း သတိပြုသင့်ပါတယ်.။

အားပြန်သွင်းမယ်

ဟိုက်ဘရစ်ကားတွေရဲ့ သတ်မှတ်မိုက်နှုန်းတစ်ခု၊ အရှိန်တစ်ခုရောက်လာရင် လျှပ်စစ်မော်တာတွေက အလိုအလျောက်လည်ပတ်ပြီး ကားအင်ဂျင်ကလည်း ရပ်နားထားမှာဖြစ်ပါတယ်.။ အဲဒီလိုအချိန်မှာ ကားဘက်ထရီကို ဘယ်လိုအားပြန်သွင်းနေလဲဆိုတဲ့ အချက်က မေးစရာဖြစ်လာပါတယ်.။ ဒါကိုလည်း ဟိုက်ဘရစ်ကားထုတ်လုပ်သူတွေက လွယ်ကူရိုးရှင်းဆုံးနည်းလမ်းနဲ့ တည်ဆောက်ထုတ်လုပ်ခဲ့ကြပါတယ်.။ ဒါကတော့ ကားမောင်းနှင်နေစဉ်မှာ လည်ပတ်နေတဲ့ ကားဘီးတွေကတဆင့် အားပြန်ဖြည့်တင်းပေးတဲ့ စနစ်ဖြစ်ပါတယ်.။ ဒီစနစ်ကိုတော့ Regeneration System လို့ခေါ်ပါတယ်.။ ဗို့အားမြင့်ဘက်ထရီတွေဖြစ်လို့ အားသွင်းမယ့်ဒိုင်နမိုစနစ်ကလည်း ဗို့အားမြင့် အားသွင်းစနစ်ကို တပ်ဆင်ထားရမှာ ဖြစ်ပါတယ်.။

ရိုးရိုးကားနဲ့ ကွာခြားချက်

ဟိုက်ဘရစ်ကားရဲ့ မောင်းနှင်နေတဲ့နှုန်းက သတ်မှတ်ချက်တစ်ခုကို ရောက်လာရင်တော့ အင်ဂျင်နဲ့မောင်းနေရာကနေ မော်တာနဲ့မောင်းနှင်တဲ့အခြေအနေကို ပြောင်းလဲပေးလိုက်ပါတယ်.။ အဲဒါကို လုပ်ဆောင်ပေးနိုင်ဖို့အတွက် Relay ဆိုတဲ့ပစ္စည်းတစ်ခုကို ထည့်သွင်းတပ်ဆင်ထားပြီး ကားအင်ဂျင်နဲ့ ဘက်ထရီမော်တာကြား အပြောင်းအလဲတွေကို လုပ်ဆောင်ပေးပါတယ်.။

ဒီ Relay က ဗို့အားမြင့် ဘက်ထရီနဲ့ ဘေးထွက်အန္တရာယ်တွေကိုလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်.။ ဥပမာ ကားထိခိုက်မှု တစ်ခုခုဖြစ်တဲ့ အချိန်မှာ ကားဘက်ထရီကထွက်လာတဲ့ ဗို့အားမြင့်ဝါယာတွေက လူကိုထိပြီးထိခိုက်စေတာမျိုးတွေ မဖြစ်အောင် ကားထိခိုက်တာနဲ့ Relay က ဘက်ထရီကို ဗို့အားဖြတ်တောက်ခြင်းကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်.။

အဲဒီလိုပဲ အခြားထိခိုက်မှုအန္တရာယ်တွေဖြစ်လာရင်လည်း ဘက်ထရီကထွက်လာတဲ့ ဗို့အားမြင့်ဝါယာတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးမယ့်စနစ်တစ်ခုလုံးကို Relay ကလုပ်ဆောင်ပေးမှာဖြစ်ပါတယ်.။ ကားအပူလွန်ကဲရာက မီးလောင်တာ၊ ကားဘက်ထရီအပူလွန်ကဲတာ၊ ကားရုတ်တရက်မီးလောင်ကျွမ်းတာ၊ စတဲ့ အန္တရာယ်တွေဖြစ်လာရင်လည်း ဘက်ထရီဗို့အားကို အမြန်ဆုံးဖြတ်တောက်ပေးနိုင်မှာ ဖြစ်ပါတယ်.။

ဘက်ထရီရဲ့ ဗို့အားက မြင့်လွန်းတဲ့အတွက် ဟိုက်ဘရစ်ကားရဲ့ ဘက်ထရီကို လဲလှယ်တဲ့နေရာမှာပဲဖြစ်စေ၊ ပြုပြင်တဲ့နေရာမှာပဲဖြစ်စေ သတိထားရမှာဖြစ်ပါတယ်.။ ဟိုက်ဘရစ်ကားဘက်ထရီတွေကို ပြုပြင်တာ၊ လဲလှယ်တာတွေလုပ်မယ်ဆိုရင်လည်း ကျွမ်းကျင်တဲ့သူတွေနဲ့ ဟိုက်ဘရစ်ကား ဘက်ထရီသီးသန့်ပြုပြင်တဲ့ နေရာတွေမှာ ပြုပြင်ပေးသွားဖို့ လိုအပ်ပါတယ်.။

ကိုအော်တို

7.9.2015 ထုတ် iCar Journal မှ ကူးယူဖော်ပြသည်.။

www.carsdb.com

No. 1 Car Site in Myanmar

Author