Honda HR-V Review (International)

0

Full article

လူတိုင်းတော့ကြိုက်ချင်မှကြိုက်မယ်။ ဒါပေမယ့် Honda HR-V ရဲ့အတွင်းခန်းက အရည်အသွေးမြင့်မားပြီး အနောက်ပစ္စည်းထားခန်းကလည်း လက်တွေ့ကျကျ ဝင်ဆံ့ပါတယ်။ ခြားနားမှုတစ်စုံတစ်ရာကို ရှာဖွေနေကြတဲ့ မိသားစုငယ်အတွက်တော့ Honda HR-V အသစ်ဟာ သူတို့ရှာဖွေနေတဲ့အရာပါပဲ။

အားသာချက်

  • ကျယ်ဝန်းတဲ့ အနောက်ပစ္စည်းထားခန်းပါရှိခြင်း
  • အတွင်းခန်း smart ဖြစ်ခြင်း
  • နောက်ခုံများခေါက်ရာမှာ အဆင်ပြေချောမွေ့အောင် ပြုလုပ်ပေးထားခြင်း

အားနည်းချက်
x Automatic gearbox ရဲ့ လိုအပ်တာထက် အသံပိုမိုထွက်ရှိမှု
x Models မြင့်တွေရဲ့ ဈေးနှုန်းကြီးမြင့်မှု
x Infotainment စနစ်အသုံးပြုရာမှာ အားမလိုအားမရဖြစ်ရမှု

သုံးသပ်ချက်

Honda ရဲ့ HR-V ကတော့ စတိုင်ကျလှတဲ့ အတွင်းခန်း၊ ကျယ်ပြန့်တဲ့ အနောက်ပစ္စည်းထားခန်းပါဝင်တဲ့ မိသားစုစီး SUV အသေးစားပါ။ တပ်ဆင်ပေးထားတဲ့ ပစ္စည်းအများစုကို အသုံးပြုရ လွယ်ကူအစဉ်ပြေအောင် စီစဉ်ပေးထားတဲ့အတွက် HR-V စီးနင်းသူတွေအနေနဲ့ ချောမွေ့တဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
Honda HR-V ရဲ့ dashboard အချို့အစိတ်အပိုင်းတွေမှာ ဈေးပေါတဲ့ ပလတ်စတစ်သားတွေသုံးထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ပုံမှန် ထိတွေ့နေကျနေရာတွေမှာတော့ နူးညံ့တဲ့ အကောင်းစား ပလတ်စတစ်ကိုအသုံးပြုထားကာ ထိတွေ့မှုကို အာရုံခံပြီး အပူချိန်ထိန်းချုပ်ပေးနိုင်တဲ့ ရိုးရှင်းတဲ့နည်းပညာကတော့ တကယ့်ကို ကောင်းမွန်လှပါတယ်။
Honda HR-V အသစ်မှာက အပူ/အအေးကိုထိန်းချုပ်ဖို့အတွက် ရိုးရိုးခလုတ်တွေမပါဝင်တာတော့ မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကားမောင်းနေတဲ့အချိန် အချိန်ပေးပြီး ၇ လက်မ touchscreen ကိုထိထောက်ဖို့က ခက်ခဲမှာပါ။ ဒါပေမယ့် infotainment စနစ်ခြင်းယှဉ်မယ်ဆိုရင်တော့ Honda HR-V ရဲ့ စနစ် ဟာ Suzuki Vitara ထက် ပိုမိုပြီး လွယ်လွယ်ကူကူအသုံးပြုနိုင်တာ တွေ့ရတယ်။
ကောင်းတာကတော့ HR-V ထိုင်ခုံတွေရဲ့ ကျယ်ကျယ်ဝန်းဝန်းရှိမှုနဲ့ Honda ရဲ့ trademark လို့ပြောနိုင်တဲ့ အရှေ့လေကာမှန်မြင်ကွင်းရှင်းလင်းမှုပါပဲ။ ဒါ့ထက်ကောင်းတာကတော့ လက်ဆွဲသေတ္တာများများပြားပြား ဝင်ဆံ့တာပါ။ ကျယ်ပြန့်တဲ့ ပစ္စည်းထားစရာနေရာ ပါဝင်ကြတဲ့ Peugeot 2008 တို့ Suzuki Vitara တို့ထက်တောင် သာပါသေးတယ်။ အနောက်ထိုင်ခုံတွေခေါက်လိုက်ရင် ထွက်ရှိလာမယ့် ကျယ်ဝန်း ပြန့်ပြူးတဲ့ အနောက်ခန်းဟာ အလေးအပင်များများစားစားကို လွယ်လွယ်ကူကူထည့်လို့ရမှာပါ။
Honda HR-V အသစ်ကို UK မှာတော့ ဓါတ်ဆီရော ဒီဇယ်အင်ဂျင်နဲ့ရော ရရှိနိုင်ပါတယ်။ မြို့တွင်းပတ်လည်ဆိုရင် 1.5-litre ဓါတ်ဆီအင်ဂျင်နဲ့အဆင်ပြေပြီး အမြန်လမ်းပေါ်မှာ အသုံးများတဲ့သူဆိုရင်တော့ 1.6-litre ဒီဇယ်အင်ဂျင်က အလုပ်ပိုဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဆိုးတာတစ်ခုကတော့ ဘယ်လို model ကိုဝယ်ဝယ် automatic gearbox ကတော့ အသံဆူပြီး manual gearbox ထက်လည်း ဈေးပိုများဦးမှာပါ။ Manual gearbox ကတော့ ကားမောင်းတဲ့အချိန် အလုပ်ပိုရှုပ်မှာဖြစ်ပေမယ့် ပိုပြီး ချောမွေ့ပါတယ်။
အောက်ပိုင်းကတော့ ခပ်နှေးနှေးမောင်းတဲ့အချိန် ချိုင့်ကမူတွေနဲ့တွေ့တဲ့အခါ အနည်းငယ်ခုန်ပေမယ့် မြန်နှုန်းမြင့်မောင်းတဲ့အချိန်မှာတော့ အဆင်ပြေတာကိုတွေ့ရပါတယ်။
HR-V အားလုံးမှာပါဝင်လာပြီဖြစ်တဲ့ cruise control က ခရီးဝေးမောင်းနှင်မှုတွေမှာ အကူအညီဖြစ်စေပြီး model အားလုံးမှာတပ်ဆင်ပေးထားတဲ့ automatic emergency braking စနစ်ကလည်း နှစ်သက်စရာပါပဲ။ ဒီ ဘရိတ်စနစ်ကတော့ အတားအဆီးတွေကို အာရုံခံမိတဲ့အခါမျိုးမှာ ကားကို ရပ်တန့်ဖို့အလုပ်လုပ်မှာပဲဖြစ်ပါတယ်။ ဒီဟာက HR-V ကို ၂ဝ၁၅ Euro NCAP မှာ ကြယ်ငါးပွင့်ရရှိစေခဲ့တဲ့ features တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
တကယ်လို့သာ safety ပိုင်းဟာ ခင်ဗျားရဲ့ဦးစားပေးမှုဖြစ်မယ်ဆိုရင် ပုံစံကြည့်လို့ကောင်းပြီး boot နေရာလွတ်ကျယ်ကျယ်နဲ့ HR-V ဟာ ထည့်သွင်းစဉ်းစားဖို့ ထိုက်တန်တဲ့ ကားတစ်စီးပါပဲ။

အတွင်းခန်း

Honda HR-V ရဲ့အတွင်းခန်းကတော့ တကယ့်ကို မျက်စိပသာဒဖြစ်စရာပါပဲ။ တောင့်တင်းမာကျောတဲ့ အစိတ်အပိုင်းတွေအတော်များများပါဝင်ပေမယ့် တကယ့်ထိတွေ့ရမယ့် နေရာတွေကတော့ နူးညံ့ပါတယ်။ နှိုင်းယှဉ်ပြောရမယ်ဆိုရင် Suzuki Vitara ထက်ပိုပြီး ခေတ်ရှေ့ပြေးကာ Peugeot 2008 ထက်ပိုပြီး မာကျောပါတယ်။
တံခါးဘောင်တွေ၊ centre console ပတ်လည်တွေမှာတော့ အသုံးပြုထားတဲ့ ပလတ်စတစ်ဟာ နူးညံ့ပြီး ထိလို့ ကိုင်လို့ကောင်းပါတယ်။ Infotainment တွေ centre console တွေက ခေတ်ရှေ့ပြေးပြီး physical button အနေနဲ့ တစ်ခုမှ မပါဝင်တဲ့အတွက် ကားမောင်းနေစဉ်မှာတော့ အသုံးပြုရခက်ခဲမှာပါ။ Infotainment မျက်နှာပြင်အနေနဲ့ မနှစ်သက်တာကတော့ တိုက်ရိုက်နေရောင်ကျရင် ကြည့်ရပြုရ ခက်ခဲတာဖြစ်ပါတယ်။ ဒါပေမယ့် တုန့်ပြန်မှုကောင်းမွန်တာကတော့ ခေတ်ပြိုင်ကားတွေထက် ပိုသာတာကိုတွေ့ရပါတယ်။
လုံးဝကျေနပ်စရာမရှိတာကတော့ Honda HR-V မှာ Apple CarPlay ၊ Android Auto နဲ့ smartphone mirroring တစ်ခုမှ မရနိုင်တာပါပဲ။ ဒါကြောင့် တစ်ပါတည်းပါလာတဲ့ ဂြိုဟ်တုလမ်းညွှန်မပါရင် ဘာမှချိတ်ဆက် အသုံးပြုလို့ရမှာမဟုတ်သလို သီချင်းတွေဖွင့်ဖို့အတွက်ကလည်း built-in infotainment စနစ်ကိုပဲ အားကိုးရမှာပါ။ Peugeot 2008 မှာဆိုရင် CarPlay အသုံးပြုနိုင်ပြီး Suzuki Vitara မှာဆိုရင် Android Auto အသုံးပြုနိုင်ပါတယ်။
စိတ်ပျက်ဖို့ကောင်းတာနောက်တစ်ခုကတော့ Honda HR-V အသစ်မှာ တစ်ခါတည်းတပ်ဆင်ပေးထားတဲ့ spearkers တွေရဲ့ အရည်အသွေးပါ။ S trim မှာဆိုရင် အရည်အသွေးနိမ့်ပြီး ပိုမိုကောင်းမွန်တဲ့ အသံအရည်အသွေးရရှိဖို့ကတော့ SE နဲ့ EX တွေကိုအနည်းဆုံး ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ခြုံငုံပြောရရင် နေရာကျယ်တယ်။ သက်သောင့်သက်သာဖြစ်တယ်။ ဒါပေမယ့် ပစ္စည်းပစ္စယရဲ့ အသုံးဝင်မှုကတော့ မောင်းနှင်မယ့်သူက အားစိုက်ထုတ်ရမယ့် ပုံစံမှာရှိပါတယ်။

လက်တွေ့ဆိုရင်

တံခါးပေါက်တွေ ကျယ်တာဟာ ဝင်လို့ထွက်လို့ ပိုမိုလွတ်လပ်စေတယ်။ ဘယ်လောက်ကျယ်လဲဆိုရင် Honda HR-V အသစ်ရဲ့ အနောက်တံခါးနှစ်ချပ်ကိုဖွင့်၊ အတွင်းခုံတွေကို မတင်ထားမယ်ဆိုရင် တံခါး ဘယ်ပေါက်ကနေ ညာပေါက်ကို တစ်စက္ကန့်အတွင်း ဖြတ်ကူးလို့ ရတဲ့အထိကိုကျယ်တာပါ။
Boot ရဲ့ ဝင်ဆံ့မှုကိုလည်းကြည့်ပါဦး။ ခုံနဲ့ဆိုရင် 448-470 litres ရှိပြီး ခုံတွေခေါက်လိုက်မယ်ဆိုရင် 1,026-1,473 litres အထိရှိပါတယ်။ Small SUV တွေအတွက် တော်တော်ကို ကျယ်တယ်လို့ပြောနိုင်တာပေါ့။ နှိုင်းယှဉ်မယ်ဆိုရင် Vitara ရဲ့ပုံမှန်ဝင်ဆံ့မှုဟာ 375 litre ဖြစ်ပြီး 2008 ရဲ့ ပုံမှန်ဝင်ဆံ့မှုကတော့ 410-litre ပါ။ ခရီးဆောင်အိတ် အကြီးနှစ်လုံး အသေးနှစ်လုံး ကောင်းကောင်းကြီးဆံ့တဲ့ Honda HR-V အသစ်ရယ်ပါ။ (1 litre = 1,000 Cuba Centimeter)

မောင်းနှင်မှု

စမ်းသပ်မောင်းနှင်ကြည့်ရာမှာတော့ Honda HR-V ကိုမောင်းရတာဟာ ရိုးရိုး မိသားစုစီး ကားအငယ်စားလေးတွေကို မြှင့်ပြီး မောင်းရတာမျိုးနဲ့သွားတူပါတယ်။ မြို့တွင်းပတ်လည်မောင်းနှင်ရာမှာ ထိန်းကျောင်းရ လွယ်ကူအဆင်ပြေချောမွေ့ပေမယ့် အမြန်လမ်းတွေပေါ်မှာတော့ အသံနည်းနည်းဆူပါတယ်။
မောင်းနှင်ပြီးနောက် အကြံပြုချင်တာကတော့ CVT automatic gearbox ကို ရှောင်ရှားဝယ်ယူဖို့ပါ။ Automatic က manual ထက်ဈေးပိုပေးရပြီး ဒီ HR-V မှာက အကျိုးထူးလည်း မရရှိနိုင်ဘူးလေ။ နောက် CVT gearbox နဲ့ Honda HR-V ကို အမြန်နှုန်းမှာ accelerator (လီဗာ) ဖိနင်းလိုက်မယ်ဆိုရင် အင်ဂျင်ညည်းသံလိုမျိုးထွက်လာတာကိုလည်း မနှစ်သက်ပါဘူး။
ဓါတ်ဆီနဲ့ ဒီဇယ်အင်ဂျင်ထဲကမှ ရွေးချယ်မယ်ဆိုရင်တော့ ထုံးစံအတိုင်း မြို့တွင်းအမောင်းများမယ့်သူက ဓါတ်ဆီ၊ အမြန်လမ်းမင်းသားတွေကတော့ ဒီဇယ်ပေါ့။
မြင်ကွင်းပိုင်းကတော့ Honda ထုတ် ကား ဖြစ်တဲ့အတိုင်း ရှင်းလင်းတယ်။ ပိုကျယ်တယ်။ အနောက်လေကာမှန်ကတော့ နည်းနည်းသေးတယ်ဆိုရမယ်။ ဒါပေမယ့် အရှေ့အနောက် parking sensors တွေပါဝင်တဲ့အတွက် အားနည်းချက်လို့တော့ မပြောနိုင်ပါဘူး။
Steering ရဲ့ သွက်လက်တဲ့ စွမ်းဆောင်မှုကတော့ 'သင့်' ပါတယ်။ အကွေ့တွေဘာတွေမှာ ချောမွေ့အဆင်ပြေပေမယ့် အဖုအထစ်များလှတဲ့ လမ်းတွေပေါ်မှာ အရှိန်နှေးနှေးနဲ့မောင်းတဲ့အခါမျိုးမှာ နည်းနည်းအားစိုက်ပြီး ထိန်းရပါတယ်။ အရှိန်တင်မောင်းနှင်နိုင်မယ့်လမ်းမျိုးတွေပေါ်မှာတော့ လုံးဝ ok ပါပဲ။
၂ဝ၁၅ ခုနှစ်တုန်းက Honda HR-V တွေကို Euro NCAP မှာ ကြယ်ငါးပွင့်ရရှိစေတဲ့အချက်တစ်ခုဖြစ်တဲ့ automatic emergency braking စနစ်ကို models တိုင်းမှာ တပ်ဆင်ပေးထားတာက ကျေနပ်စရာဖြစ်သလို safety ပိုင်းအတွက်လည်း စိတ်ချရတာပေါ့။

ပါဝင်တဲ့အချက်တွေ

UK Trim အနေနဲ့ကတော့ Honda HR-V မှာက S ၊ SE ၊ EX ၊ Sport ဆိုပြီး ၄ မျိုးရွေးချယ်စရာရှိပါတယ်။

S

S ကတော့ HR-V ရဲ့ entry-level trim ပါ။ အခြေခံပါဝင်မှုအနေနဲ့ climate control ၊ ၁၆ လက်မ အလွိုင်းခွေ၊ speaker ၄ လေးလုံး၊ DAB ဒီဂျစ်တယ် ရေဒီယို၊ Bluetooth ဆက်သွယ်ရေး၊ cruise control ၊ automatic headlights တွေ၊ automatic rain-sensing wipers တွေပါဝင်တာကတော့ ပေးရတဲ့ဈေးနဲ့ မျှတမှုရှိပါတယ်။ တကယ်လို့၇ လက်မ infotainment touchscreen ကိုလိုချင်ရင်တော့ SE ကမှ စပြီး ပါဝင်မှာပါ။
S trim မှာက ရွေးချယ်စရာ အင်ဂျင်နှစ်မျိုးရှိပါတယ်။ 1.5 I-VTEC အင်ဂျင်ကတော့ 1.5 litre ဓါတ်ဆီအင်ဂျင်ဖြစ်ပြီး 130hp အမြင့်ဆုံးပါဝါ ရရှိနိုင်ပါတယ်။ 0-60mph ကို ၁ဝ.၂ စက္ကန့်ထဲနဲ့ အရှိန်မြှင့်တင်နိုင်ပြီး ဆီစားနှုန်းကတော့ 50mpg အထိရရှိနိုင်တယ်လို့ Honda ကဆိုပါတယ်။ ထုံးစံအတိုင်း 10mpg လောက်တော့ လျော့ကောင်းလျော့ပါလိမ့်မယ်။ ဒီဇယ်အနေနဲ့ကတော့ 1.6 I-DTEC အင်ဂျင်ရွေးချယ်စရာရှိပါတယ်။ 120hp အထိ အမြင့်ဆုံးပါဝါရရှိနိုင်ပြီး အရှိန်မြှင့်တင်နိုင်စွမ်းကတော့ 0-60mph ကို ၁ဝ စက္ကန့်ပါ။ Fuel economy မှာတော့ သူလည်းပဲ 50mpg လို့ Honda ကဆိုထားပါတယ်။ Manual gearbox တွေချည်းပါ။

SE

SE trim မှာ ပိုကောင်းလာတာက အပေါ်မှာပြောခဲ့သလိုပဲ ၇ လက်မ infotainment စနစ်ပါ။ နောက်ထပ်ထူးခြားလာတာတွေကတော့ သားရေအုပ် လက်ကိုင်ခွေ၊ အနောက်ထိုင်ခုံမှာပါဝင်လာတဲ့ armrest ၊ ၁၇ လက်မ အလွိုင်းခွေနဲ့ dual-zone climate control ပါပဲ။ Speaker က ၆ လုံးအထိရရှိမှာဖြစ်ပြီး ဂြိုဟ်တုလမ်းညွှန် တစ်ပါတည်းလိုချင်ရင်တော့ ငွေကြေးထပ်မံကုန်ကျမှာပဲ ဖြစ်ပါတယ်။
အင်ဂျင်အနေနဲ့ကတော့ Automatic gearbox ပါတဲ့ 1.5 I-VTEC CVT ဆိုပြီး တစ်မျိုးပိုလာပါတယ်။ 1.5 Litre ဓါတ်ဆီ 130hp ပါ။ 0-60mph ကို ၁ဝ.၉ စက္ကန့်ထဲနဲ့ အရှိန်တင်နိုင်မယ့် အင်ဂျင်ဖြစ်ပြီး ဆီစားနှုန်းကတော့ 53mpg အထိတောင်မှ ရရှိမှာပါ။

EX

EX trim ကတော့ ဗြိတိန်မှာ လူကြိုက်အများဆုံး trim တစ်ခုဖြစ်ပါတယ်။ SE trim မှပါတာအကုန်ရရှိနိုင်တဲ့အပြင် အပူပေးနိုင်စွမ်းရှိတဲ့ ထိုင်ခုံတွေ၊ နေကာမှန်ပါတဲ့ အနောက်တံခါးမှန်တွေနဲ့ဖြစ်သွားမှာပါ။ ဂြိုဟ်တုလမ်းညွှန်အတွက်လည်း ငွေကြေးထပ်မံကုန်ကျစရာ လိုတော့မှာမဟုတ်ပါဘူး။
အင်ဂျင်ပိုင်းရွေးချယ်စရာကတော့ SE နဲ့တူတူပါပဲ။

Sport

Sport trim ကတော့ H-RV ကို အထူးနှစ်သက်သူတွေ ရွေးချယ်လေ့ရှိတဲ့ trim ပါ။ ဒီ trim မှာ Max power ပိုကောင်းအောင် Honda ကလုပ်ပေးထားပါတယ်။ အမြင့်ဆုံးမြန်နှုန်း 134mph အထိမောင်းနှင်နိုင်ပြီး 0-62mph အရှိန်ကိုရဖို့ ၇.၈ စက္ကန့် အချိန်သာလိုပါတယ်။ S trim ထက် ၂.၅ စက္ကန့်ပိုမြန်တာပေါ့။ EX trim မှာမှ ရရှိနိုင်မှာဖြစ်တဲ့ safety features တွေဖြစ်ကြတဲ့ တစ်ခုခုနဲ့တိုက်မိတော့မယ့် ပုံရှိရင် အချက်ပြပေးနိုင်တဲ့ forward-collision warnings ၊ လမ်းညွှန်အမှတ်အသားတွေကို သတိပေးနိုင်စွမ်းရှိတဲ့ Traffic sign recognition နဲ့ ယာဉ်ကြောအကူးအပြောင်းကို သတိပေးနိုင်တဲ့ lane departure warnings တွေလည်းရရှိမှာဖြစ်သလို internet ပါအသုံးပြုနိုင်စွမ်းရှိတဲ့ ၇ လက် infotainment စနစ်နဲ့ပါ။ Sporty ပုံစံ ပိုမိုတောင့်တင်းတဲ့ အနောက် bumper အသစ်နဲ့ရရှိမှာဖြစ်သလို ၁၈ လက်မ အလွိုင်းခွေနဲ့လာတာပါ။
အင်ဂျင်အနေနဲ့ကတော့ 1.5 I-VTEC TURBO အင်ဂျင် manual gearbox နဲ့တစ်ခု 1.5 I-VTEC TURBO CVT အင်ဂျင် automatic gearbox နဲ့ကတစ်ခု နှစ်မျိုးရှိပါတယ်။ နှစ်မျိုးစလုံးဟာ 1.5 litre ဓါတ်ဆီအင်ဂျင်တွေချည်းဖြစ်ကြသလို max power အနေနဲ့ 182hp ထုတ်လွှတ်နိုင်စွမ်းရှိကြပါတယ်။ ကျန်တာတွေတူပေမယ့် ဆီစားနှုန်းအနေနဲ့ manual gearbox နဲ့ဆိုရင် 69mpg အထိရရှိနိုင်ပြီး automatic gearbox နဲ့ဆိုရင် 47mpg အထိသာရရှိနိုင်မှာပါလို့ Honda က ဆိုထားပါတယ်။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: New Honda HR-V Review by Mat Watson

Author