လူတကာချစ်တဲ့ Honda Fit

0

Full article

ဒီတစ်ပတ်အတွက် ကားအကြောင်းသိကောင်းစရာ ကဏ္ဍမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ကားလောကမှာရော၊ CarsDB ရဲ့ အရောင်းသွက်စာရင်းမှာပါ ထိပ်ဆုံးကရပ်တည်နေတဲ့ Honda Fit ကားတွေအကြောင်း ရေးသားဖော်ပြပေးလိုက်ပါတယ်။

Honda Fit ဟာ 2001 ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သက်တမ်းအားဖြင့် (၁၉) နှစ်တိုင်ခဲ့ပြီဖြစ်သလို Generation (၄) ဆက်အထိ ပြောင်းလဲခဲ့ပြီးပါပြီ။ ကမ္ဘာအနှံ့ကို တင်ပို့ရောင်းချခဲ့တဲ့ Honda Fit ကားတွေဟာ Honda Jazz အနေနဲ့လဲ ဈေးကွက်တင်ခဲ့ပြီး နိုင်ငံ (၈) နိုင်ငံမှာ ရှိတဲ့ စက်ရုံ (၁ဝ) ရုံမှ ထုတ်လုပ်တာဖြစ်ပါတယ်။ တံခါး (၅) ပေါက် Hatchback ကားအမျိုးအစားဖြစ်ပြီး ရှေ့အင်ဂျင်၊ ရှေ့ယက်အမျိုးအစား ကားဖြစ်ပါတယ်။

Honda ဟာ Hybrid Fit အမျိုးအစားကိုလဲ ထုတ်လုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ 2010 နဲ့ ဥရောပမှာ 2011 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်။ Honda Fit EV လို့ခေါ်တဲ့ လျှပ်စစ်ကားတစ်မျိုးကိုလဲ အရေအတွက်အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့ဖူးပြီး အမေရိကန်နဲ့ ဂျပန်တို့မှာ 2012 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်။ အမည်နှစ်မျိုးအနက် "Jazz" ဆိုတဲ့အမည်ကို ဥရောပ၊ သမုဒ္ဒရာပိုင်းဒေသ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ သြစတေးလျနဲ့ အာရှအချို့ဒေသတွေမှာ အသုံးပြုခဲ့ပြီး "Fit" အမည်ကိုတော့ ဂျပန်၊ အမေရိကန်နဲ့ တရုတ်တို့မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ဂျပန်ကကားတွေကို အများဆုံးတင်သွင်းတဲ့အတွက် "Fit" အမည်နဲ့ ကားတွေပဲ တွေ့ရတာဖြစ်ပါတယ်။

First generation (GD1/2/3/4)

Honda Fit ရဲ့ Generation (၄) ဆက်အနက် 1ˢᵀ Generation ကို 2001 မှ 2008 အထိ ထုတ်လုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံအတွက် ထုတ်လုပ်တဲ့ 1ˢᵀ Gen Honda Fit တွေဟာ 1.3 i-DSI နဲ့ 1.5 VTEC အင်ဂျင် အမျိုးအစား (၂) မျိုးနဲ့ တွေ့ရနိုင်ပါတယ်။ ဒီကားတွေကို ဈေးကွက်မှာ chassis code GD1 ကို အစွဲပြုပြီး GD1 လို့ခေါ်ကြပါတယ်။ GD1 တွေမှာ 4WD တွေ၊ ဂီယာ (၅) ချက် Manual တွေ အစရှိသဖြင့် အခွဲငယ်များ မျိုးစုံရှိပါတယ်။ Original TV နဲ့ Navigation တွေကတော့ ထပ်တိုးပြီး ဝယ်လို့ရတဲ့ Optional တွေ ဖြစ်ပါတယ်။

Second generation (GE6/7/8/9)

2ᴺᴰ Generation Honda Fit တွေကိုတော့ 2007 မှာ စတင်ပြသခဲ့ပြီး Car of the Year Japan ဆု ရရှိခဲ့ပါတယ်။ ဒီကားတွေကိုတော့ Chassis Code GE6 ကိုအစွဲပြုပြီး GE6 လို့ ခေါ်ကြတာပါ။ အင်ဂျင် (၂) မျိုးနဲ့ ရရှိနိုင်ပြီး 1.3 L အင်ဂျင်ဟာ မြင်းကောင်ရေ 98 ကောင်အား ထုတ်လုပ်ပေးနိုင်ပြီး 1.5 L အင်ဂျင်ကတော့ 117 ကောင်အားအထိ ရရှိနိုင်ပါတယ်။ ဂီယာ (၅) ချက် Manual, ဂီယာ (၅) ချက် Auto (4WD) နဲ့ CVT Transmission တွေ ရရှိနိုင်ပါတယ်။

GE6 ကို အကြမ်းအားဖြင့် Modification/Grade ခွဲချင်တယ်ဆို G, G F package, L package ဆိုပြီး (၃) မျိုးခွဲခြားလို့ ရပါတယ်။ G Grade မှာ မှန်ကာလာမပါခြင်း၊ ဘေးမှန်မှာ မီးတန်းမပါခြင်း၊ မှန်ချိုးမှန်ခေါက် မရခြင်း စတဲ့အချက်တွေ ရှိပါတယ်။ GF ကတော့ G ထက် အနည်းငယ် Grade ပိုမြင့်ပြီး G မှာ မပါဝင်တဲ့ အချက်တွေ ပါဝင်လာမှာဖြစ်ပါတယ်။ အမြင့်ဆုံး L Package မှာတော့ Button Type နဲ့ Digital Aircon ဖြစ်ပါတယ်။ GE6 ရဲ့ ၂ဝ၁ဝ ခုနှစ် ၁ဝ လပိုင်းနောက်ပိုင်း ထုတ်လုပ်တဲ့ကားတွေမှာ ရှေ့ဘန်ဘာနဲ့ နောက်မီးခွက်ဒီဇိုင်း ကွဲပြားသွားပါတယ်။ ရှေ့ဘန်ဘာ ရုပ်ပြောင်းသွားပြီး နောက်မီးမှာလဲ အဖြူတစ်တန်းဖြစ်သွားပါတယ်။

Third generation (GK3/4/5/6)

3ᴿᴰ Generation အဖြစ်နဲ့ကတော့ 2015 ကနေစတင်ပါတယ်။ GK တွေပါ။ ဒီဇိုင်းပိုင်းတော်တော်များများပြောင်းလဲသွားပြီး သိသာတဲ့အချက်တစ်ခုကတော့ ဆီတိုင်ကီဟာ လုံးဝကိုကားရဲ့ အလယ်တည့်တည့်ကိုရောက်သွားတဲ့အပြင် နည်းပညာပိုင်းမှာလည်း ပို၍ပို၍မြင့်လာတာပါပဲ။

နောက်တစ်ချက်က Honda HR-V ရဲ့ platform ကိုယူသုံးထားတာပါ။ Hybrid monocoque နဲ့ spaceframe တွေမှာဆိုရင် body panels တွေဟာ frame နဲ့ ဂဟေဆော်ပြီး မူလီစုပ်ထားတယ်။ နောက် suspension မှာအသုံးပြုထားတဲ့ torsion beam တွေက ပိုပြီးကျစ်ကျစ်လစ်လစ်ဖြစ်သွားတယ်။ အတွင်းခန်းနဲ့ ပစ္စည်းထားခန်း ပိုကျယ်သွားအောင်လို့ anit-sway bar တွေကို ဆက်မသုံးတော့တာကိုလည်းတွေ့ရတယ်။

Fourth generation (GR1/2/3/4/5/6/7/8/9/GS1)

4ᵀᴴ Generation ကတော့ 2020 ကနေစတင်ပြီး GR/GS model တွေပါ။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တုန်းက Tokyo Motor Show နဲ့ Amsterdam Electric Vision event နှစ်ပွဲလုံးမှာ တစ်ပြိုက်နက် ပွဲထုတ်လိုက်တဲ့ Honda Fit/Jazz မျိုးဆက်သစ်ဖြစ်ပါတယ်။ ၂၀၂၀ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ တရားဝင်စတင်ရောင်းချခဲ့တယ်။ Trim level တွေအနေနဲ့ ဂျပန်မှာတော့ Basic ၊ Home ၊ Ness ၊ Crosstar နဲ့ Luxe ဆိုပြီးခွဲထားတယ်။​ ၂၀၂၀ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တုန်းကလည်း Honda Fit 4ᵀᴴ Generation တွေကို တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့ပါသေးတယ်။​ Sport နဲ့ Crosstar ဆိုပြီး Sub-models နှစ်မျိုးနဲ့ပါ။ ရုပ်ထွက်ပိုင်းမှာတော့ ရှေ့ပိုင်းရော နောက်ဘန်ဘာတွေပါ ပိုပြီး sporty ဖြစ်သွားတယ်။ လက်ရှိအချိန်အထိတော့ မြောက်အမေရိကဈေးကွက်ထဲကို ရောက်ရှိခြင်းမရှိသေးပါဘူး။

Honda Fit မှာ အခြားမော်ဒယ်များအဖြစ် ပိုပြီးကြီးတဲ့ Honda Fit Shuttle နဲ့ ဆီစားသက်သာတဲ့ Honda Fit Shuttle Hybrid ကားတွေလဲ ရှိပါသေးတယ်။ ကျွန်တော်တို့ CarsDB မှာရှိတဲ့ Honda Fit ကားများကို ကြည့်မယ်ဆိုရင်တော့ Honda Fit စာလုံးများကို နှိပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Ref: Honda Fit - Wikipedia

Author