Honda e Review (International)

0

Full article

Honda ဆိုတာ မြန်မာနိုင်ငံအတွက် Toyota ပြီးရင် ရေပန်းအစားဆုံးအမှတ်တံဆိပ်တစ်ခုလို့ ပြောလို့ရတယ်။ ကမ္ဘာ့မော်တော်ယာဉ်လောကမှာတော့ Tesla ကဦးဆောင်ပြီး စီးဆင်းနေတဲ့ လျှပ်စစ်ကား ခေတ်ရေစီးကြောင်းအရှိန်က မြင့်သထက်မြင့်လို့လာနေပါပြီ။ ဒီလိုအချိန်မှာ Honda ကလည်း e ဆိုတဲ့နာမည်နဲ့ ချစ်စရာ လျှပ်စစ်ကားအမျိုးအစားတစ်ခုကို ချပြလာပါတယ်။

ဈေးနှုန်း :  £26,160—£28,660 (နိုင်ငံတကာ)

အားသာချက်

  • သူမတူတဲ့ dash အပြည့် displays များ
  • ချစ်စရာကောင်းလှတဲ့သွင်ပြင်
  • သေသပ်လှတဲ့ လက်ကိုင်ထိန်းချုပ်နိုင်စွမ်း

အားနည်းချက်

  • ထင်သလောက် ဈေးမပေါခြင်း
  • Range ရရှိမှုပမာဏ နည်းသေးခြင်း
  • နောက်ပစ္စည်းထားခန်းသေးခြင်း

သုံးသပ်ချက်

ဂျပန်တွေရဲ့ Kei car (အပေါ့စား မော်တော်ယာဉ်) စိတ်ကူးစိတ်သန်းကို လျှပ်စစ်စွမ်းအင်ပေါင်းထည့်လိုက်တဲ့အခါမှာ Honda e ကရလဒ်တစ်ခုဖြစ်လို့လာပါတယ်။ မြို့တွင်းပတ်လည်မှာ လူလေးယောက်လောက်တင်ဆောင်ပြီး ကုန်ကျစရိတ်သက်သက်သာသာနဲ့ ဟိုပြေးဒီပြေး ပြေးလွှားဖို့အတွက် အသင့်တော်ဆုံး ပုံစံပေါ့။ Honda e ဟာလက်ရှိဈေးကွက်အတွင်း Honda ကထုတ်လုပ်လိုက်တဲ့ ပထမဆုံး လျှပ်စစ်စွမ်းအင် အပြည့်အဝသုံး ကားပါ။ ၁၉၉၇ ခုနှစ်တုန်းကတော့ EV Plus ဆိုပြီးထုတ်ခဲ့ဖူးသေးပေမဲ့ အစီးရေ 350 လောက်ထုတ်လုပ်ပြီးရပ်သွားခဲ့ဖူးပါတယ်။

Honda e ရဲ့ ပုံစံကတော့ Fiat 500 နဲ့တော်တော်လည်းဆင်တယ်။ Jazz ထက်ဆိုရင် ဗျက်ပိုကျယ်တယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ နံဘေးနောက်ကြည့်မှန်တွေမပါတဲ့အတွက် စုစုပေါင်းဗျက်ဆိုရင်တော့ Jazz လောက်မကျယ်တော့ဘူး။ Honda e ရဲ့နံဘေးနောက်ကြည့်မှန်တွေနေရာမှာ နောက်ကြည့်ကင်မရာနှစ်ခု အစားထိုးထားတယ်။ အဲဒီကင်မရာနှစ်လုံးရဲ့မြင်ကွင်းကိုတော့ dash ပေါ်က display တန်းရဲ့ ဘယ်/ညာ ထိပ်နှစ်ဖက်မှာပြသထားတဲ့အတွက် ပုံမှန်နံဘေးနောက်ကြည့်မှန်မောင်းနေကျသူတွေအတွက် သိပ်ပြီးထူးထူးခြားခြားဖြစ်သွားစရာမရှိလှဘူး။ ပိုပြီးအဆင့်မြင့်သွားရုံပဲရှိတယ်။

“ဘက်ထရီအားအပြည့်သွင်းထားမယ်ဆိုရင် 137-mile ပဲမောင်းလို့ရတာကိုတော့ အားနည်းချက်တစ်ခုအနေနဲ့မြင်တယ်။ ဒါပေမဲ့ Honda ကတော့ မြို့တွင်းပတ်လည်မှာမောင်းနှင်ဖို့အတွက်ပဲထုတ်လုပ်ထားပုံရတဲ့အတွက် လုံလောက်မှုရှိတဲ့ range လို့တော့ပြောလို့ရတယ်။ အမြင့်ဆုံးပါဝါထုတ်လွှတ်မှု 134bhp နဲ့ 152bhp နှစ်ခုထဲက ရွေးလို့ရတာလေးကတော့ နှစ်သက်စရာပါ။”

ချစ်စရာကောင်းတယ်။ ရေရှည်ကုန်ကျစာရိတ်သက်သာတယ်ဆိုပေမဲ့ ပေးရတဲ့ဈေးကတော့ မသေးလှပါဘူး။ အခြေခံ trim တောင်မှ £26,000 ကျော်ကျသင့်မှာဖြစ်လို့ သူ့လိုအကောင်သေးသေးကားတွေအတွက် မနည်းလှတဲ့ဈေးနှုန်းမျိုးဖြစ်နေပါတယ်။​ ဒီလိုဈေးနှုန်းအတွက် တန်ရာတန်ဖိုး ဘာတွေရှိမလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။

အတွင်းခန်း

ဈေးနှုန်းမြင့် တန်ဖိုးနည်း Kei ကားတစ်စီးဆိုတဲ့အတိုင်း Honda e ရဲ့အတွင်းခန်းမှာက fabric ထိုင်ခုံတွေဖြစ်ပေမဲ့ ချုပ်ရိုးချုပ်သားက သေသပ်လှပမှုအထူးရှိတယ်။ နေ့စဉ်ထိုင်ချင်စဖွယ် ထိုင်ခုံလေးတွေလို့ ပြောလို့ရတယ်။​

“အထူးခြားဆုံးကတော့ display ငါးခုပါဝင်တဲ့ dash ပါ။ တကယ်တမ်း display က ခြောက်ခုပါ။ နောက်ကြည့်မှန်ကလည်း အလန်းစားရုပ်ထွက်နဲ့ နောက်ကင်မရာမြင်ကွင်းကိုပြသပေးပါသေးတယ်။ Display ငါးခုတန်း ဘယ်/ညာထိပ်မှာ နံဘေးနောက်ကြည့် display နှစ်ခုပါတယ်။ ယာဉ်မောင်းသူရဲ့ရှေ့တည့်တည့်မှာတော့ digital driver display ပုံစံမျိုး 8.8-inch display တစ်ခုပါတယ်။ သူ့နံဘေးက 12.3-inch display နှစ်ခုကတော့ အတွဲလိုက်ဖြစ်ပြီး တစ်ခုက ယာဉ်မောင်းသူအတွက်၊ နောက်တစ်ခုက ခရီးသည်အတွက်ဖြစ်ပုံရပြီး အဲဒီ display နှစ်ခုကိုဆက်စပ်သုံးလို့ရပါတယ်။ အကောင်းဆုံးအချက်ကတော့ Apple CarPlay တွေ Andriod Auto တွေအားလုံးအသုံးပြုလို့ရတာပါပဲ။”

ကျန်တာတွေကတော့ ခေတ်မီကားတစ်စီးမှာပါတဲ့ features တော်တော်များများပါတယ်။ တစ်ခုရှိတာက Tesla လိုမျိုးရှင်းလင်းလှတဲ့ design language ကိုနှစ်သက်သူတစ်ယောက်အတွက်ဆိုရင်တော့ Honda e ဟာ အကောင်သေးသလောက် ခလုတ်များတယ်လို့ပြောနိုင်တယ်။ ဒါပေမဲ့ သစ်သားစစ်စစ် trim လေးတွေတပ်ဆင်ပေးထားတာကတော့ ချစ်စရာကောင်းတဲ့ကားလေးကို ပိုပြီးနှစ်သက်စရာဖြစ်အောင် ပံ့ပိုးပေးထားသလိုဖြစ်နေတော့တာပါပဲ။

လက်တွေ့ဆိုရင်

Honda e ဟာ Tesla နဲ့အခြားလျှပ်စစ်ကားတွေလိုမျိုး ရှေ့/နောက် ပစ္စည်းထားခန်းမျိုးမရှိပါဘူး။ ရှေ့ bonnet နေရာကို ဘက်ထရီအားသွင်းပေါက်ကယူထားပြီး နောက်ပစ္စည်းထားခန်းကလည်း သိပ်မကျယ်ပါဘူး။ သာမန်အတိုင်းဆိုရင် 171-litre အထိသာဝင်ဆံ့နိုင်ပြီး နောက်ခုံတန်းခေါက်လိုက်မယ်ဆိုရင်တော့ 861-litre အထိသာဝင်ဆံ့မှု ရနိုင်ပါတယ်။

လိုက်ပါစီးနင်းမှုအပိုင်းကြည့်မယ်ဆိုရင် ရှေ့လူနှစ်ယောက်အတွက်အဆင်ပြေပေမဲ့ နောက််မှာက လူနှစ်ယောက်အတွက်တော့ နှစ်ယောက်စာသာသာကလေးပဲ နေရာရှိတယ်။ အရပ်မြင့်တဲ့သူတွေအတွက် နည်းနည်းကျဉ်းတဲ့ခံစားမှုမျိုးကိုရရှိစေမယ့် နောက်လူစီးခန်းလို့ပြောလို့ရတယ်။ ပြောရမယ်ဆိုရင် Honda e ဟာမြို့ပြနေ မိသားစုငယ်တစ်စုအတွက်သာ လက်တွေ့ကျကျစီးနင်းအသုံးပြုလို့ကောင်းမယ့်ပုံစံမျိုးပါ။

မောင်းနှင်မှု

Honda e မှာအသုံးပြုထားတဲ့ ဘက်ထရီကတော့ 35.5kWh Lithium Ion ဘက်ထရီပါ။ အားသွင်းနှုန်းကတော့ အသုံးပြုတဲ့ charger အပေါ်မှာမူတည်ပါတယ်။

  • 2.3kW charger နဲ့ဆိုရင် 0-100% ကို 16.5-hour
  • 7.4kW charger နဲ့ဆိုရင် 0-100% ကို 5.75-hour
  • 50kW CCS charger နဲ့ဆိုရင် 0-80% ကို 40-minute
  • 100kW CCS charger နဲ့ဆိုရင် 0-80% ကို 30-minute

မောင်းနှင်မှုအပိုင်းမှာတော့ 134bhp အထိအမြင့်ဆုံးပါဝါရရှိနိုင်တဲ့ Honda e ဟာ 0-60mph အတွက် 9.0-sec အတွင်းအရှိန်တင်နိုင်ပြီး အမြင့်ဆုံးမြန်နှုန်းအနေနဲ့ 90mph ထိတင်မောင်းနိုင်စွမ်းရှိတယ်။ 152bhp အထိရရှိတဲ့ Honda e Advance ကတော့ 0-60mph အတွက် 8.3-sec အတွင်းအရှိန်တင်နိုင်စွမ်းရှိပြီး အမြင့်ဆုံးမြန်နှုန်းကတော့ 90mph အထိပါပဲ။

“Honda e မောင်းနှင်မှုနဲ့ပတ်သက်ပြီး နှစ်သက်ဖွယ်ရာကတော့ မြို့ပြသုံးကားတစ်စီးအနေနဲ့ အကောင်သေးတယ်။ ပေါ့ပါးတယ်။ ထိန်းချုပ်မှုအပိုင်းအထူးကောင်းတယ်။ ရုတ်တရက်အရှိန်တင်ရာမှာလည်း အင်ဂျင်သုံးကားတွေထက် ပိုပြီးပါဝါထွက်ရှိမှုမြန်တာကိုတွေ့ရပါတယ်။ အဲဒါအားလုံးရဲ့ရလဒ်အဖြစ် ကျပ်တည်းတဲ့မြို့ပြလမ်းတွေမှာ လှစ်ကနဲလှစ်ကနဲပြေးလွှားနိုင်တဲ့ ကားတစ်စီးဖြစ်လာပါလိမ့်မယ်။ ပိုကောင်းတဲ့အချက်က လျှပ်စစ်ကားဖြစ်တဲ့အတွက် ရေရှည်ကုန်ကျစရိတ်ကလည်း အထူးသက်သာဦးမှာဖြစ်ပါတယ်။”

Ref: Honda e by TopGear

Author