Honda CR-V 2020 (International)

0

Full article

Honda ရဲ့ CR-V ကတော့ ကမ္ဘာမှာရော မြန်မာမှာပါ လူကြိုက်များတဲ့ SUV အမျိုးအစား ကားပါ။ ဒီ 2020 CR-V ကတော့ တောက်ပတဲ့၊ စွမ်းဆောင်ရည်ကောင်းမွန်ပြီး လက်တွေ့လည်းကျလှတဲ့ အရွယ်အငယ်စား SUV ကြိုက်သူတွေအားလုံးအတွက် စိတ်ဓါတ်ကျစရာ တစ်ကွက်မှ မရှိတဲ့ကားလို့ ဆိုနိုင်ပါတယ်။

ဈေးနှုန်း (Trim အလိုက် နိုင်ငံတကာအခြေခံဈေးနှုန်းများ)

  • LX: $26,170
  • EX: $28,680
  • EX-L: $31,170
  • Touring: $34,370

အားသာချက်

  • အတွင်းခန်းအပြင်အဆင် အဆင့်မြင့်မား
  • ဆီစားနှုန်းသက်သာမှုရှိ
  • နေရာလွတ်များများစားစားဖြင့် လက်တွေ့ကျနမှုရှိ

အားနည်းချက်

  • Infotainment စနစ်မှာ အသုံးပြုရခက်ခဲ
  • ပိုမိုမြန်ဆန်သည့် အရှိန်နှုန်းလိုအပ်
  • အထူးလိုအပ်သည့်နေရာများအတွက် ရုန်းအားမှာ သံသယဖြစ်ဖွယ်ကောင်း

သုံးသပ်ချက်

မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်အမှတ်တံဆိပ် ဈေးကွက်ဝေစုအများအပြားကို Toyota ကသိမ်းပိုက်ထားတယ်ဆိုရင် ဒုတိယနေရာမှာရှိနေတာက Honda ဖြစ်နိုင်ပါတယ်။ Honda မှာမှ SUV အမျိုးအစားထဲကဆိုရင် CR-V ဟာ လူကြိုက်အများဆုံးတွေထဲကတစ်ခုဖြစ်ပြီး အခုသုံးသပ်ပေးမယ့် Honda CR-V 2020 ကတော့ ဒီဇိုင်းပိုင်းလှပသလို အတွင်းခန်းအပြင်အဆင်လည်းခေတ်မီတဲ့အပြင်ကိုမှ ဆီစားနှုန်းသက်သာခြင်းနဲ့ ပစ္စည်းထားစရာနေရာများစွာပါဝင်ခြင်းတို့ကြောင့် နေ့စဉ်ဘဝလက်တွေ့လည်းကျလှတာကို တွေ့ရပါတယ်။

2020 CR-V မှာက ခေတ်နဲ့လျော်ညီစွာ ရှေ့မီး/နောက်မီး အားလုံး LED တွေဖြစ်သွားတဲ့အပြင်ကိုမှ အဖွင့်/အပိတ်တွေမှာလည်း အလိုအလျောက်စနစ်ဖြစ်သွားပါပြီ။ ရှေ့မီးတွေရဲ့ဒီဇိုင်းက modern တော်တော်ဖြစ်သလို  နောက်မီးတန်းက 2019 Suzuki Ertiga ကိုသွားရောက်အမှတ်ရမိစေပေမဲ့ ကောက်ကြောင်းအလှမှာတော့ ပိုသာတာတွေ့ရတယ်။

“အနိမ့်ဆုံး LX trim မှာက 17-inch အလွိုင်းခွေတွေနဲ့ဖြစ်ပြီး ground clearance က 8.2-inch ရှိတာမို့လို့ slow down အမြင့်ကြီးတွေများတဲ့ ရန်ကုန်လမ်းတွေနဲ့ရော၊ တော်တန်ရုံ လမ်းကြမ်းတွေနဲ့ပါ သင့်လျော်မှုရှိတယ်။ အကြိုက်ဆုံးအချက်ကတော့ chrome ကွပ်ထားတဲ့ အစစ်အမှန် dual exhaust နှစ်ပေါက်ပါ။ မြင်လိုက်တာနဲ့ sporty ရနံမျိုးကိုရစေပါတယ်။”

အတွင်းခန်း

Honda CR-V 2020 ရဲ့အတွင်းခန်းအတွက် ပထမဆုံးသတိပြုမိတာကတော့ ကျယ်ဝန်းခြင်းပါ။ 5-seater ဖြစ်တဲ့အတိုင်း လူငါးယောက် သက်သောင့်သက်သာလိုက်ပါစီးနင်းနိုင်တဲ့ အနေအထားပါပဲ။ အပူပေးနိုင်တဲ့ သားရေသားထိုင်ခုံတွေနဲ့။ ဒါအပြင် အသုံးပြုထားတဲ့အခြား materials တွေရဲ့ အရည်အသွေးကလည်း တော်တော်လေးမြင့်တယ်။ သစ်သားအစစ်တွေမဟုတ်ပေမဲ့ တော်တော်တူတဲ့ သစ်သားဒီဇိုင်း trim တွေပါတယ်။ မိုက်တာက သစ်သား trim ရဲ့အရောင်တွေပါ။ ကလက်ခြင်းဘာခြင်းမရှိတာ တော်တော်လေး စိတ်ချမ်းသာဖို့ကောင်းတယ်။ သစ်သား trim ဒီဇိုင်းဆိုတာမျိုးက အရောင်ရွေးချယ်မှုမှားရင် ကြည့်ရတာ တော်တော်လေးရုပ်ဆိုးတက်တာမျိုး။

Dual-zone automatic climate control တွေ၊ electric motor seat adjustments တွေ၊ steering mounted controls တွေ၊ digital driver display တွေအပြင် ကျန်တဲ့ ပစ္စည်းပစ္စယတွေနဲ့ပြည့်စုံတဲ့ cabin တစ်ခုဖြစ်ပြီး နှစ်သက်မိတဲ့ ဒီဇိုင်းအဆန်းလေးကတော့ gear shifter က dash နဲ့ကပ်သွားပြီး သူ့ရဲ့အောက်မှာမှ ဖုန်းထားဖို့နေရာက wireless charger နဲ့ဖြစ်နေတာပါပဲ။ ဒါဟာ ပုံမှန်တွေ့နေကျ ဖုန်းထားစရာနေရာက gear shifter နဲ့ dash အကြား ထားထားတာထက်စာရင် လွယ်ကူအဆင်ပြေစေမှုကို မြှင့်တင်ပေးရာရောက်ပါတယ်။

“7-inch infotainment မျက်နှာပြင်က audio touch screen နဲ့ဖြစ်ပြီး အကောင်းဆုံးအချက်က Apple CarPlay ရော Android Auto ပါအသုံးပြုလို့ရတာပါ။ ဒါပေမဲ့ အသုံးပြုထားတဲ့ OS ရဲ့ UI ပိုင်းကိုတော့ တအားကြီးမျှော်လင့်မထားပါနဲ့လို့သာ ပြောချင်ပါတယ်။”

လက်တွေ့ဆိုရင်

နှစ်သက်မိတာကတော့ Honda CR-V 2020 ရဲ့ နောက်လူစီးခန်းရဲ့ အကျယ်အဝန်းပါ။ လူကြီးသုံးယောက် ကောင်းကောင်းကြီးလိုက်ပါလို့ရတယ်။ နောက်ခုံတန်းအတွက် air conditioning နဲ့ USB တွေထုတ်ပေးထားတာကလည်း လက်တွေ့ခရီးနှင်ရာမှာ တော်တော်လေးကို အသုံးဝင်မှာပါ။

နောက်ပစ္စည်းထားခန်းအကျယ်က ပုံမှန်ဆိုရင် 1,100-litre ၊ နောက်ခုံတန်းကိုခေါက်လိုက်မယ်ဆိုရင် 2,146-litre အထိတောင်မှရှိတဲ့အတွက် တော်တော့်တော်တော်ကြီးကို ဝင်ဆံ့မှုပမာဏရှိတယ်လို့ပြောနိုင်ပါတယ်။ ကြည့်ရတာ 7-seater အချိုးကို 5-seater အနေနဲ့ထုတ်လိုက်ပုံရတယ်။ Power tailgate ကိုမှ hands-free access အဖြစ် ခြေထောက်ပြပြီးဖွင့်နိုင်တာကလည်း တပွေ့တပိုက်ကြီး ပစ္စည်းတွေသယ်လာတဲ့လူတစ်ယောက်အတွက် အဆင်အပြေဆုံးအနေအထားကို ရရှိစေမှာသေချာပါတယ်။

မောင်းနှင်မှု

ပုံမှန်တပ်ဆင်ထားတဲ့အင်ဂျင်က အမြင့်ဆုံးပါဝါ 190hp အထိ အသားတင်ရရှိနိုင်မယ့် 1.5-litre Turbocharger အင်ဂျင်ဖြစ်ပါတယ်။ ဆီစားနှုန်းကိုတော့ 2WD version အတွက် ပျမ်းမျှ 30mpg နဲ့ AWD version အတွက် 29mpg အထိရနိုင်မယ်လို့ Honda ကဆိုထားပေမဲ့ လက်တွေ့မောင်းနှင်ရာမှာ နည်းနည်းတော့ လျော့နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆီစားနှုန်းပိုင်းမှာတော့ နှစ်သက်စရာဖြစ်မှာသေချာတယ်လို့ မျှော်လင့်လို့ရတာမျိုးပါ။

Transmission ပိုင်းကတော့ Honda ဖြစ်တဲ့အတိုင်း CVT အမျိုးအစားကိုအသုံးပြုထားတာတွေ့ရပြီး Sport mode နဲ့လည်းပြောင်းလဲမောင်းနှင်လို့ရတယ်။ သေချာတာကတော့ CVT gearbox ဟာ ဆီစားနှုန်းသက်သာစေဖို့ အကောင်းဆုံး အကူအညီပေးနိုင်တယ်ဆိုတာပါ။

“ရှေ့ MacPherson Strut နဲ့ နောက် Multi-Link Double Wishbone တပ်ဆင်ထားတဲ့ အောက်ပိုင်းကတော့ စိတ်ချယုံကြည်စရာအပြည့်ရှိပြီး ငြိမ့်ညောင်းမှုကိုလည်း ရရှိစေမှာသေချာတယ်။ Honda sensing ပါတဲ့ Lane Keeping Assist ၊ ခပ်နှေးနှေးမောင်းနှင်ရာမှာတောင် အသုံးပြုလို့ရတဲ့ Adaptive Cruise Control စနစ်တွေပါဝင်တာဟာ ယာဉ်မောင်းသူအတွက် မြို့တွင်း၊ အဝေးပြေး ဘယ်မှာမောင်းမောင်း အကောင်းဆုံးအကူအညီပေးနိုင်မှာဖြစ်ပြီး Blind Spot Monitoring System ပါဝင်တာကလည်း ဒီဘက်ခေတ်မှာ လူကြိုက်များတဲ့ feature တစ်ခုဖြစ်တာမို့ ပြည့်စုံစေတယ်လို့ပြောရမှာပါ။ လေအိတ်ပတ်လည်ပါဝင်ပြီး VSA (Vehicle Stability Assist) နဲ့ Traction Control ၊ ABS (Anti-Lock Braking System) ၊ EBD (Electronic Brake Distribution) ၊ Brake Assist စတာတွေပါဝင်တာကတော့ safety ပိုင်းကို စိတ်ချရစေပါတယ်။ တစ်ခုပါပဲ။ AEB (Auto Emergency Braking) စနစ်ကလေးပါဝင်မယ်ဆိုရင်တော့ ပိုပြီး ပြီးပြည့်စုံသွားစေမှာပါ။”

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ Honda ရဲ့ 2020 CR-V ကတော့ တောက်ပတဲ့၊ စွမ်းဆောင်ရည်ကောင်းမွန်ပြီး လက်တွေ့လည်းကျလှတဲ့ အရွယ်အငယ်စား SUV ကြိုက်သူတွေအားလုံးအတွက် အကောင်းဆုံး ရွေးချယ်ဝယ်ယူစရာအဖြစ် ရှိနေဦးမှာဆိုတာ သေချာလှပါတယ်။

Author