Geely Emgrand X7 2018 Review

0

Full article

ဒီတစ်ပတ်အတွက်တော့ မြန်မာနိုင်ငံကားသစ်ဈေးကွက်အတွင်း တွေ့ရခဲတဲ့ compact SUV တစ်စီးကို သုံးသပ်ပေးချင်ပါတယ်။ Geely ရဲ့ Emgrand X7 2018 ပါ။ တရုတ်အမှတ်တံဆိပ် Geely ဟာ မြန်မာဈေးကွက်နဲ့ဆိုရင် နည်းနည်းစိမ်းတယ်ဆိုပေမဲ့လို့ တရုတ်ဈေးကွက်မှာတော့ Chery ပြီးရင် အကြီးမားဆုံး မော်တော်ယာဉ်ထုတ်လုပ်ရေးလို့တောင်မှပြောလို့ရတယ်။ Geely ဟာ ကမ္ဘာကျော် ဆွီဒင်အမှတ်တံဆိပ် Volvo ၊ အင်္ဂလန်က Lotus နဲ့ မလေးရှား PROTON တို့ကိုဝယ်ယူထားတဲ့ လုပ်ငန်းစုကြီးလည်းဖြစ်တယ်။ Geely အမှတ်တံဆိပ်အောက်ကလည်း ကားအမျိုးအစားအမျိုးမျိုးကို ကမ္ဘာအနှံ့ဖြန့်ချိလျက်ရှိပြီး အခုဟာကတော့ 2018 ခုနှစ်ထုတ် Emgrand X7 ဖြစ်ပါတယ်။

ဈေးနှုန်း : ၄၉,၅၀၀,၀၀၀ (CBU)

အားသာချက်

  • Apple CarPlay နှင့် CarLife အသုံးပြုနိုင်ခြင်း
  • Initial speed ထူးထူးခြားခြားကောင်းမွန်မှု
  • 360° camera နှင့် rear view camera တို့၏ ပုံထွက်ကောင်းမွန်မှု

အားနည်းချက်

  • Sunroof cover မှာ တော်တော်လေးပါးလွှာခြင်း
  • ဈေးကွက်အတွင်း ရှားပါးအမှတ်တံဆိပ်တစ်ခုအဖြစ် ဈေးနှုန်းအားဖြင့် အနည်းငယ်မြင့်သည်ဟုယူဆစရာရှိခြင်း
  • အသုံးပြုနိုင်သော်လည်း တရုတ်ဘာသာစာလုံးများ အများအပြားပါဝင်နေခြင်း

သုံးသပ်ချက်

2018 Emgrand X7 မှာထူးထူးခြားခြားမြင်မိတာကတော့ 2018 model ဖြစ်ပေမဲ့ လက်ရှိမြန်မာနိုင်ငံဈေးကွက်အတွင်းတွေ့နေကျ အချို့သောကားတွေနီးပါး နည်းပညာပိုင်းပြည့်စုံတာပါ။​ ဥပမာ Infotainment က Android စနစ်နဲ့ဖြစ်ပြီး Apple CarPlay ပါသုံးလို့ရတာမျိုးပေါ့။

Emgrand X7 ရဲ့ကိုယ်ထည်အချိုးဟာ ကမ္ဘာကျော် JLR ရဲ့ SUV တွေကိုသတိရမိစေပြီး တပ်ဆင်ထားတဲ့ မီးတွေကလည်း အဆင့်မြင့်တာကိုတွေ့ရတယ်။ LED projector မီးကြီး၊ LED DRL (နေ့ထွန်းမီး) တွေကို halogen အချက်ပြမီးနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ရှေ့ဘက်ခြမ်းက ရုပ်ထွက်ပိုင်းရော အရည်အသွေးပါ မဆိုးလှဘူးလို့ပြောလို့ရတယ်။ နောက် ဘရိတ်မီးက LED ၊ revising lights နဲ့ အချက်ပြမီးကတော့ halogen တွေဖြစ်တယ်။ နောက်မီးခွက်တွေနဲ့ ရောင်ပြန်ပေါင်းစပ်မှုဟာ လှပပေမဲ့ နည်းတယ်/သေးတယ်လို့ ခံစားမိပါတယ်။ နောက် bumper အောက်မှာတော့ အမှန်အကန် exhaust နှစ်ပေါက်နဲ့ပါ။

19-inch အလွိုင်းခွေနဲ့ ဘီးတွေတပ်ဆင်ထားတာတွေ့ရပြီး ground clearance က 9-inch လောက်အထိရှိတာကတော့ မြန်မာနိုင်ငံရဲ့ လမ်းတွေအတော်များများအတွက် အံဝင်ခွင်ကျရှိစေမှာပါ။

အတွင်းခန်း

2018 Emgrand X7 ရဲ့တံခါးကိုဖွင့်လိုက်လိုက်ခြင်း မကြိုက်တာကိုသွားတွေ့တယ်။ အဲဒါကတော့ တရုတ်စကားပြောသံတွေ ထွက်လာတာပါပဲ။ ဘယ်တံခါးကိုဖွင့်ဖွင့် ထွက်လာတာမျိုးဖြစ်တဲ့အတွက် အဲဒီအသံကို ပိတ်ထားမှသာ ရေရှည်မှာ အဆင်ပြေပါလိမ့်မယ်။

ထိုင်ခုံတွေကတော့ ထိုင်ရတာ comfort တော်တော်ဖြစ်တယ်။ Artificial leather တွေအသုံးပြုထားပေမဲ့ e-motor တွေနဲ့ချိန်ညှိလို့ရတယ်။ Adjustment က ရှေ့/နောက်၊ အပေါ်/အောက် အပြင်ကိုပါ lumbar support ပါ ပါသေးတယ်။ Seat memory တော့မပါဘူး။ ဒါပေမဲ့ ထူးထူးခြားခြားရှေ့ ခရီးသည်ထိုင်ခုံကို နောက်ခုံတန်းကနေ ရှေ့တိုးနောက်ဆုတ်လုပ်လို့ရအောင် e-motor adjustment ခလုတ်ကလေးနှစ်ခုထားပေးထားတာတွေ့ရတယ်။ ဒါလေးကတော့ ထူးထူးခြားခြားလေးပါ။ ရှေ့ခန်းဟာ legroom အတွက် အိုကေပေမဲ့လို့ headroom အတွက်တော့ နည်းနည်းနိမ့်တယ်လို့ခံစားရတယ်။

D ပုံစံ လက်ကိုင်ခွေကတော့ mounted controls တွေနဲ့ပြည့်စုံပြီး ရှေ့/နောက်၊ အပေါ်/အောက် ချိန်ညှိန်လို့ရတယ်။ Paddle shifters တော့မပါဝင်ပါဘူး။ အတွင်းခန်းဝန်းကျင်မှာအသုံးပြုထားတဲ့ materials တွေကတော့ သိပ်အမြင့်ကြီးမဟုတ်ပေမဲ့ အရည်အသွေးကောင်းတယ်လို့ဆိုရမယ်။ သားရေအတု ဒါမှမဟုတ် နူးညံ့တဲ့ပလက်စတစ်သားတွေကိုအသုံးပြုထားတယ်။ A/C ကလည်း digital dual zone ဖြစ်တယ်။ ရှေ့ရော နောက်ရော A/C ပါတယ်။

“2018 model သာဆိုတယ်။ တော်တော်များများမှာက digital တွေနဲ့။ Driver display ကလည်း digital နဲ့။ Infotainment ဆိုရင် အတိအကျမဟုတ်ပေမဲ့ 8-9-inch လောက်ရှိမယ်။ အကောင်းဆုံးအချက်ကတော့ Apple CarPlay အသုံးပြုလို့ရတာပါ။ CarPlay နဲ့ CarLife ဆိုပြီးနှစ်သက်ရာကိုရွေးချယ်အသုံးပြုလို့ရတယ်။ ဂြိုဟ်တုလမ်းညွှန်စနစ်ကတော့ ထုံးစံအတိုင်း built-in ပါဝင်ပေမဲ့ အသုံးပြုလို့မရပါဘူး။”

Center console box ကတော့ နည်းနည်းသေးတယ်။ ဒါပေမဲ့ USB တစ်ပေါက် 12-v socket တစ်ပေါက် ပါတာကတော့မဆိုးပါဘူး။ Gear knob ပုံစံကလည်း ခေတ်နဲ့လျော်ညီမှုရှိတယ်။ တစ်ခုပါပဲ။ ဖုန်းထားဖို့နေရာက ယာဉ်မောင်းသူဘက်က တစ်ခု၊ ရှေ့ခရီးသည်ထိုင်ခုံအတွက်တစ်ခု USB ကိုယ်စီနဲ့ထားပေးထားတာပါ။ ကြည့်လိုက်ရင် ပိုကောင်းသလိုဖြစ်ပေမဲ့ နေရာက နံဘေးဘက်ကို ကပ်ထားတာမျိုးဖြစ်ပြီး တိမ်လည်းတိမ်တဲ့အတွက် ဖုန်းသာတကယ်ထည့်ထားမယ်ဆိုရင် သိပ်စိတ်ချစရာမရှိလှဘူး။ အချိန်မရွေး ပြုတ်ကျလာနိုင်တာမျိုးဖြစ်နေပါတယ်။

“Sunroof ကျယ်ကျယ်ပြန့်ပြန့်ပါတယ်။ ဆိုးတာက cover ပါ။ ရိုးရိုးပိတ်သားအထူလို cover ဖြစ်နေတဲ့အတွက် အဲဒီအချက်ကိုတော့ အားနည်းချက်တစ်ခုအနေနဲ့မြင်ပါတယ်။ ကောင်းတာကတော့ 360° ကင်မရာနဲ့ နောက်ကြည့်ကင်မရာတွေပါ။ ပြသတဲ့ပုံထွက်အရည်အသွေးကောင်းမွန်ပြီး ကြည့်ရတာ ရှင်းရှင်းလင်လင်းလည်းရှိတယ်။ နောက်တင်မက ရှေ့မှာလည်း sensors တွေပါတဲ့အတွက် ကားမောင်းသက်တမ်း သိပ်မရင့်သေးသူတွေအတွက် ပိုပြီးအဆင်ပြေချောမွေ့မှုကို ရနိုင်ပါတယ်။”

လက်တွေ့ဆိုရင်

နောက်ထိုင်ခုံတန်းမှာထိုင်ရတာဟာ ရှေ့ထိုင်ခုံတွေထက် ပိုပြီးသက်သောင့်သက်သာရှိတာကတော့ အံ့သြစရာပါ။ Headroom ၊ legroom က အိုကေတဲ့အပြင်ကိုမှ ကြမ်းပြင်ကလည်း flat နီးပါးဆိုတော့ သုံးယောက်ထိုင်စီးမယ်ဆိုရင်တောင်မှ အလယ်လူက ပေါင်ကြီးကားထားစရာမလိုဘူးပေါ့။ ဒါပေမဲ့ ပေါင်ချိန်များများလူသုံးယောက်အတွက်ဆိုရင်တော့ နည်းနည်းကျဉ်းတယ်ပဲပြောရမှာပါ။ ထိုင်ခုံတွေမှာက iSO-fix တွေဘာတွေလည်းပါတဲ့အတွက် ကလေးခုံတင်မယ်ဆိုရင်လည်း အဆင်ပြေတယ်။

“နောက်ခုံတန်းစီးခရီးသည်တွေအတွက် လေအေးစနစ်ရမယ်။ USB နှစ်ပေါက်ပါတယ်။ 12-v socket တော့မပါဘူး။ ဒါပေမဲ့ အခုခေတ်မှာက 12-v socket ထက်စာရင် USB ပေါက်ကသာ ပိုပြီးအသုံးတည့်တာမျိုးဖြစ်တဲ့အတွက် ဒါဟာ လက်တွေ့ပိုင်းအရ ပိုကောင်းတဲ့အချက်ပါ။”

နောက်ပစ္စည်းထားခန်းအဖုံးကတော့ manual ဖြစ်ပါတယ်။ အကျယ်အဝန်း၊ ဝင်ဆံ့မှုကတော့ သာမန်ပါပဲ။ မီးတစ်ပွင့်ပေးထားပြီး 12-v socket လည်းပါတဲ့အတွက် နောက်ခန်းကဖုန်တွေဘာတွေကို စုပ်ထုတ်ဖို့အတွက် အဆင်ပြေမှာပါ။ တစ်ခုဆိုးတာက parcel shelf ။ သူက ပါလည်းမကောင်း မပါလည်းမကောင်းပါ။ ဆိုးတာက အခု Geely Emgrand X7 2018 မှာက ဖြုတ်ရခက်တာပါပဲ။ ကျန်တာတွေကတော့ မဆိုးလှပါဘူး။

မောင်းနှင်မှု

ပထမဆုံး သတိပြုမိတာကတေ့ initial speed တော်တော်လေးကောင်းတာပါ။ 40kph လောက်မှာ ရုန်းအားနည်းနည်း lag သွားတယ်ဆိုပေမဲ့ ဒါမျိုးက ကားတော်တော်များများမှာ တွေ့ရလေ့ရှိတာမျိုးပါပဲ။ နေရာအခက်အခဲကြောင့် 0-100 စမ်းသပ်မှုကို မလုပ်လိုက်ရပေမဲ့ စထွက်နှုန်းကတော့ တော်တော်လေးကောင်းတယ်။

မြင်ကွင်းပိုင်းအရတော့ ရှေ့ - ကောင်းတယ်။ ဘေး - ကောင်းတယ်။ နောက်မြင်ကွင်းကတော့ ကြီးမားတဲ့ D pillars တွေကြောင့် နည်းနည်းကျဉ်းပါတယ်။ နောက်ကြည့်မှန်ကတော့ ကြီးမားပြီး auto dimming စနစ်လည်းပါတဲ့အတွက် ညဘက်မောင်းနှင်မှုတွေမှာ မျက်လုံးထိခိုက်မှုနည်းပါးမှာပါ။ ဘေးမှန်တွေကလည်း အတော်ပါပဲ။

User manual (အသုံးပြုသူလက်စွဲ) စာအုပ်ကတော့ တရုတ်ဘာသာနဲ့မို့လို့ တချို့အချက်အလက်တွေကို မသိခဲ့ရပါဘူး။ ဒါပေမဲ့ Geely Emgrand X7 2018 လူငါးယောက်စီး SUV ဟာ 1.799-litre  ဓါတ်ဆီအင်ဂျင်နဲ့လာတယ်။ အမြင့်ဆုံးပါဝါ 135kW ဆိုတော့ 181hp လောက်အထိ ထုတ်လွှတ်ပေးနိုင်စွမ်းရှိတယ်။ 2017 မှာထုတ်လုပ်ထားတဲ့ 2018 ကားတစ်စီးအတွက် လုံးဝကို မဆိုးလှတဲ့အနေအထားပါ။ ဆီစားနှုန်းကတော့ ကားသစ်တစ်စီးဖြစ်နေတဲ့အတွက် နည်းနည်းများနေတာကိုတွေ့ရတယ်။ 18L/100km ဖြစ်တဲ့အတွက် 5.5kpl လောက်အထိရှိနေတာပါ။

“နိဂုံးချုပ်သုံးသပ်လိုတာကတော့ Geely Emgrand X7 2018 ဟာ ဈေးကွက်အတွင်းမှာ ရှားပါးတဲ့ကားတစ်စီးဖြစ်တယ်။ ဈေးနှုန်းပိုင်းအရဆိုရင်လည်း လက်ရှိပြည်တွင်းမှာ SKD စနစ်နဲ့ထုတ်လုပ်နေတဲ့ ကားတွေနဲ့ တော်တော်လေးကို ယှဉ်ပြိုင်ရမယ့်ကားတစ်စီးဖြစ်နေတယ်။ နည်းပညာပိုင်းနဲ့ ရုန်းအားဆွဲအားအရကြည့်မယ်ဆိုရင်တော့ 2018 model ကားတစ်စီးအနေနဲ့ ကောင်းတဲ့အခြမ်းမှာ တော်တော်လေးရှိနေတဲ့ကားတစ်စီးဖြစ်ပါတယ်။ ဒါကြောင့် Geely Emgrand X7 2018 ကိုစိတ်ဝင်စားမယ်ဆိုရင်တော့ သွားရောက်လေ့လာဆန်းစစ်ကြည့်မယ်ဆိုရင် အမှားမရှိနိုင်ပါဘူးလို့ သုံးသပ်ပေးလိုက်ချင်ပါတယ်။”

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော မင်းမြန်မာချစ်ခန့်မိသားစုကုမ္ပဏီ အားအထူးပင် ကျေးဇူးတင်လျက်......

Photo : Kaung Tint

Author