၂ဝ၁၉ Detroit ပွဲရဲ့ အထင်ကရ သို့မဟုတ် Ford ရဲ့ စွမ်းအားအပြည့်ဆုံး Mustang

0

Full article

ပြီးခဲ့တဲ့ တနင်္လာနေ့ Detroit ပွဲမှာ Ford ဟာ သူတို့ထုတ်လုပ်ဖူးခဲ့သမျှ စွမ်းအားအပြည့်ဆုံး မော်တော်ကားကို ဖွင့်ထုတ်ပြသခဲ့ပါတယ်။ 2020 Shelby GT500 ပါ။

ဒီအမြင့်စား စွမ်းဆောင်ရည်နဲ့ မူကွဲ Mustang ဟာ အထူးမွမ်းမံထားတဲ့ 5.2-liter V-8 အင်ဂျင်၊ မြင်းကောင်းရေ ၇ဝဝ ထက်ပိုမိုတဲ့ စွမ်းအားနဲ့လာတာပါ။ (ဒါဟာ ဥပမာအနေနဲ့ မြင်းကောင်ရေ ၄၆ဝ သာရှိတဲ့ Mustang GT နဲ့ မြင်းကောင်ရေ ၅၂၆ သာရှိတဲ့ Shelby GT350R တို့ထက် ပိုပြီးအားကောင်းတယ်ဆိုပြီး စဉ်းစားရမှာပါပဲ။) 2020 Shelby GT500 ဟာ တစ်နာရီ မိုင် ၆ဝ နှုန်းကို ၃ စက္ကန့်ကျော်ကျော်လေးနဲ့ အရှိန်မြင့်တင်နိုင်စွမ်းရှိတဲ့အတွက် Ford ရဲ့ ထုတ်လုပ်ဖူးခဲ့သမျှ Mustang တွေအားလုံးထဲမှာ အကောင်းဆုံး စံချိန် ရထားပါတယ်ဆိုပြီး Ford Motor Co. ရဲ့အမှုဆောင်တွေက ပြပွဲမှာ ပြောကြားခဲ့ကြတယ်။ ကုမ္ပဏီကထုတ်လုပ်တဲ့ တံခါးနှစ်ပေါက်ပါ sport ကားတွေထဲမှာတော့ အကြီးဆုံး ဘရိတ်ပါဝင်တယ်၊ တပ်ဆင်ထားတဲ့ seven-speed dual-clutch transmission ဟာ မောင်းနှင်သူတွေအတွက် မျက်စိတစ်မှိတ်အတွင်း ဂီယာတွေကို အပြောင်းအလဲ လုပ်နိုင်စေတယ်လို့လည်း ဆိုကြတာပါ။

Cox Automotive ရဲ့ အချက်အလက်တွေအရဆိုရင်တော့ ပြီးခဲ့တဲ့နှစ် မော်တော်ယာဉ်အရောင်းဟာ ၁% ထက်ပိုပြီး ကျဆင်းခဲ့ပါတယ်။ ဒီလို ကျဆင်းခဲ့တဲ့ ရလဒ်အနေနဲ့ Ford အပါအဝင် ကားထုတ်လုပ်သူများစွာဟာ အလုပ်သမားအင်အားလျော့ချခြင်း၊ စက်ရုံအချို့ ပိတ်ပစ်ရခြင်းနဲ့အတူ အရောင်းတွေ ကျဆင်းသလောက် လျော့ချပြောင်းလဲရေးတွေ လုပ်ခဲ့ကြရတယ်။

"လက်လီအရောင်း ကျဆင်းတာဟာ ဈေးကွက်တောင်းဆိုချက် လျော့ကျမှုကို ပြသတာပါပဲ။ များစွာသော သေးငယ်တဲ့ လူစီးကား ကဏ္ဍဟာ တစ်စတစ်စ လျော့ကျလာပါတယ်။ ၂ဝ၁၉ ရေစီးကြောင်းမှာတော့ အားကောင်းလာဖွယ်မရှိဘူးလို့ အကြံပြုလိုပါတယ်" ဟု Cox Automotive မှ မဟာဗျူဟာနဲ့ သုတေသန အကြီးတန်း စီးပွားရေးပညာရှင် အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Charles Chesbrough က မြောက်အမေရိက နိုင်ငံတကာ ကားပြပွဲရဲ့ ဂုဏ်ပြုပွဲအခမ်းအနားမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောကြားခဲ့တယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လအထိ ၂ဝ၁၈ အရောင်းဆိုင်ရာ အချက်အလက်တွေကို ထုတ်ပြန်ကြေညာခြင်းမပြုခဲ့တဲ့ Ford ဟာ Sedans ကားတွေထုတ်လုပ်ခြင်းကို ရပ်နားပြီး SUVs တွေနဲ့ တံခါးနှစ်ပေါက်ပါ Mustang sport ကားတွေကို ပိုမိုအာရုံစိုက်ထုတ်လုပ်ဖို့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ခဲ့ကြကြောင်း လက္ခဏာကို ပြသလာခဲ့ပါတယ်။ ဒီ Michigan ပြည်နယ် Dearborn အခြေစိုက် မော်တော်ကား ထုတ်လုပ်သူဟာ ပြီးခဲ့တဲ့ တတိယ သုံးလပတ်အတွင်း အခွန်မကောက်မီ အမြတ်ငွေ ဒေါ်လာ ၂ ဘီလီယံနဲ့အတူ မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ အကျိုးအမြတ်ကို ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

"ဈေးကွက်ကို ရှေ့ဆက်ဖို့ဆိုရင်တော့ ကားတွေဟာ အမြင့်စား စွမ်းဆောင်ရည်ရှိတဲ့ halo platforms (crypto currency platform) လိုမျိုး အသုံးချခံနိုင်ဖို့လိုတယ်။ ယနေ့ကားတွေကတော့ အမှတ်တံဆိပ်တစ်ခုအတွက် စွမ်းဆောင်ရည် ကဏ္ဍတစ်ခုကို ထမ်းဆောင်ပေးနေတာထက် ဘာမှ မပိုဘူးဖြစ်နေတယ်။ GT500 ကတော့ ဒေါ်လာ ၄ဝဝ,ဝဝဝ တန် Ford GT ထက် ပိုပြီးဈေးသက်သာကာ ဝယ်စီးနိုင်လောက်တဲ့ ရွေးချယ်စရာ ပါ ပါလိမ့်မယ်။ ဒါမှလည်း အပြင်မှာရှိတဲ့ စွမ်းအားမြင့်ကားတွေကို ချစ်ခင်နှစ်သက်တဲ့ စားသုံးသူတွေက ထွက်မပြေးဘဲ ဝယ်ယူစီးနိုင်ကြပါလိမ့်မယ်။ ကျွန်တော့်အမြင်အရတော့ ကားကုမ္ပဏီတိုင်းဟာ ဒီလိုမျိုးကားတစ်စီးတော့ ထုတ်လုပ်သင့်ပါတယ်" ဟု Kelley Blue Book မှ ပုံနှိပ်ထုတ်ဝေသူ အမှုဆောင် Karl Brauer ကဆိုပါတယ်။

Shelby အသစ်ရဲ့ အပြင်ပိုင်းကို အမြင်အတိုင်းကြည့်မယ်ဆိုရင်တော့ စွမ်းဆောင်ရည်အဓိက ကားတစ်စီးဖြစ်တာ အသေအချာပါပဲ။ ခုံးကောင်ရဲ့ အခွံလိုမျိုး ကွေးညွှတ်တဲ့ စက်ဖုံး၊ စက်ဖုံးမှာ တပ်ဆင်ပေးထားတဲ့ ကြီးမားတဲ့ တရုတ်ကတ်ပုံစံ လေဝင်ပေါက် (အလူမီနီယမ် မိုးကာပြားဖြင့် လဲလှယ်တပ်ဆင်နိုင်)နဲ့ သေသပ်လှပတဲ့ ခေါင် တို့ဟာ အရှေ့မီးသီးတွေရဲ့ ဒီဇိုင်းနဲ့ပေါင်းစပ်ပြီး တခြား Mustang တွေထက် တော်တော်လေးဒေါသပိုထွက်နေတဲ့ မြင်းရိုင်းတစ်ကောင်ပုံစံအဖြစ် ပြဋ္ဌာန်းလိုက်သလိုပါပဲ။ (ရှေ့စက်ဖုံးပေါ်က အစင်းကြောင်းတွေ ခြယ်သထားတာကိုလိုချင်တယ်ဆိုရင်တော့ ဈေးပိုပေးရပါလိမ့်မယ်။)

ဝယ်ယူမယ့်သူတွေအတွက် ရွေးခြယ်စရာကတော့ လေကာ ကလေးတွေ၊ Gurney flap နဲ့ အနောက် spoiler ပါဝင်တဲ့ Handling Package နဲ့ လက်မ ၂ဝ ကာဗွန်-ဖိုင်ဘာ ရှေ့ခွေနှစ်လုံးနဲ့ ဝ.၅ လက်မ ပိုကျယ်တဲ့ ကာဗွန်-ဖိုက်ဘာ နောက်ခွေ နှစ်လုံး၊ ချိန်ညှိလို့ရတဲ့ ကာဗွန်-ဖိုင်ဘာ track wing တွေပါဝင်ပြီး၊ နောက်ခုံတွေ မပါ (ကားရဲ့ အလေးချိန်ကို ပိုမိုပေါ့ပါးစေရန်) တဲ့ Carbon Fiber Track Package တို့ဖြစ်ပါတယ်။ Transmission အသစ်ကတော့ မောင်းနှင်မှုပုံစံမျိုးစုံအတွက် အကောင်းဆုံးဖြစ်အောင် ပုံဖေါ်ထားတာပါ။ Mode အနေနဲ့ normal ၊ weather ၊ sport ၊ drag နဲ့ track တွေပါဝင်ပြီး launch control တောင်မှ ပါဝင်ပါသေးတယ်။ 2020 အရောင်အသစ်တွေအနေနဲ့ကတော့ အနီပြင်းပြင်း၊ လိမ္မော်ကျစ်ကျစ်နဲ့ အထင်ကရငွေရောင် တွေ ထပ်တိုးထားပါတယ်။

အတွင်းပိုင်းမှာတော့ ကာဗွန်-ဖိုင်ဘာ Dashboard (အနားကပ်တွေ သက်သက်ပဲ ပါတာကတော့ စိတ်မကောင်းစရာပါ) နဲ့ တံခါးပေါက်တွေကိုတော့ ကတ္တီပါစနဲ့တူတဲ့ သားရေမျက်နှာပြင် အုပ်ပေးထားပါတယ်။ ၁၂ လက်မ full-color LCD ကို စံ အနေနဲ့ ထည့်သွင်းပေးထားပြီး touchscreen အတွက်ကတော့ ၈ လက်မ မျက်နှာပြင်နဲ့ပါ။ ဒါပေမယ့် ၁၂ လက်မ speaker နဲ့ premium အသံပိုင်းစနစ်ကို တပ်ဆင်မယ်ဆိုရင်တော့ ကုန်ကျစရိတ် ထပ်ပေးရပါလိမ့်မယ်။

Ford ရဲ့ Shelby GT500 ဟာ လာမယ့် စက်တင်ဘာလလောက်မှာမှ စတင်ဝယ်ယူလို့ရမှာဖြစ်ပြီး ဈေးနှုန်းကတော့ဖြင့် ကြေညာထားခြင်း မရှိသေးပါဘူး။ မျှော်လင့်ရတာတော့ သူ့ရဲ့ နောင်တော်ဖြစ်တဲ့ ဒေါ်လာ ၆ဝ,ဝဝဝ တန် Shelby GT350 ထက် ပိုမိုဖွယ်ရှိနေပါတယ်။

Ref: Ford Unveils Most Powerful Mustang Ever by Hannah Elliot: January 14,2019

Author