Ford EcoSport Review (International)

0

Full article

အမေရိက က ထရပ်ကားအရုပ်လေးတွေနဲ့ဆင်တဲ့ small SUV Ford EcoSport ဟာ ဖျတ်ဖျတ်လတ်လတ် မောင်းနှင်နိုင်မယ့် ကားမျိုးပါ။ သဘောမကျတာကတော့ လမ်းကြမ်းတွေမှာ မောင်းနှင်တဲ့အခါ နည်းနည်းခုန်တာနဲ့ boot တအားကြီး မကျယ်တာပါလို့်ပြောရင် လောဘကြီးရာများ ကျသွားမလား?

ဈေးနှုန်း : $20,083 – $26,480 (နိုင်ငံတကာ)

အားသာချက်

  • အကြမ်းပတမ်းခံနိုင်တဲ့ ပုံစံမျိုးရှိတယ်
  • တပ်ဆင်ပေးထားတဲ့ Infotainment က သုံးလို့အရမ်းလွယ်တယ်
  • မြို့တွင်းမောင်းနှင်ရာမှာ သွက်သွက်လက်လက်ရှိတယ်

အားနည်းချက်
– အနောက်ပစ္စည်းထားခန်း ကျဉ်းတယ်
– လမ်းကြမ်းရင် ခုန်မယ်
– Automatic gearbox နဲ့ဆိုရင် သိမ့်ကနဲ၊ ဆတ်ကနဲ ဖြစ်ဖြစ်သွားတတ်တယ်

သုံးသပ်ချက်

Ford ရဲ့ EcoSport အသစ်ဟာ ၂ဝ၁၉ ထုတ် small SUV ဖြစ်ပြီး လူကြီး လေးယောက် ကောင်းကောင်းကြီး မောင်းနှင်စီးနင်းလို့ရတဲ့ကားပါ။ အမြန်လမ်းတွေမှာမောင်းနှင်လို့ကောင်းသလို မြို့တွင်းမောင်းနှင်ရာမှာလည်း ဖျတ်ဖျတ်လတ်လတ်မောင်းနှင်နိုင်အောင် ပြုလုပ်ပေးထားတာတွေ့ရပါတယ်။
EcoSport ကို Ford က ၂ဝ၁၃ ခုနှစ်မှာ စတင်မိတ်ဆက်ထုတ်လုပ်ခဲ့ပြီး ထုနဲ့ထည်နဲ့ အကြမ်းခံတဲ့ပုံစံမျိုးနဲ့ ပြီးပြည့်စုံစေတာကတော့ ၂ဝ၁၇ နောက်ပိုင်းမှပါ။ အဲဒီနောက်ပိုင်း အတွင်းခန်းကလည်း ပုံစံသစ်၊ ဒီဇယ်အင်ဂျင်အသစ် ရွေးချယ်စရာလည်းပါဝင်လာတဲ့အပြင် 4WD ကိုပါ ရွေးချယ်လာနိုင်ပါတယ်။
Trim အနေနဲ့ကတော့ Zetec ၊ Titanium နဲ့ ST-Line ဆိုပြီး ၃ မျိုးရှိတယ်။ အသေးစိတ်တွေနဲ့ ကွာခြားချက်တွေကိုတော့ ပါဝင်သော အချက်များ ခေါင်းစဉ်အောက်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ ထူးခြားတာက ရွေးချယ်နိုင်တဲ့ အရောင် ၁၇ ရောင်၊ မတူညီတဲ့ ခေါင် ၄ မျိုး ပါဝင်ခြင်းပါ။ ဘယ်သူမှာမှ မရှိနိုင်တဲ့ တွဲစပ်မှုမျိုးကို ကိုယ့်ဘာသာရွေးချယ်ပြီး သီးသီးသန့်သန့် မောင်းနှင်လို့ရနိုင်ပါတယ်။
EcoSport ဟာ small SUVs တွေထဲမှာတော့ တကယ်ကို သွက်သွက်လက်လက်မောင်းနှင်နိုင်တဲ့ကားမျိုးပါ။ တောင့်တောင့်တင်းတင်းလည်းရှိတယ်။ ဒါပေမယ့် မိသားစုတွေအတွက်ကတော့ သူ့ထက် သက်သောင့်သက်သာရှိမယ့်ဟာမျိုးကို ပိုပြီးနှစ်သက်လိမ့်မယ် ခံစားမိတယ်။
အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ နုပျိုတဲ့မိသားစုတစ်စုအတွက် ဖျတ်ဖျတ်လက်လက်ရှိတဲ့ small SUV တစ်စီးလိုက်ရှာနေမယ်ဆိုရင်တော့ ဈေးနှုန်းအရရော ပုံစံအရပါ Ford ရဲ့ EcoSport ဟာအလောတော်ပါပဲ လို့ဆိုရမှာပါ။

အတွင်းခန်း

အတွင်းခန်း ဒီဇိုင်းကတော့ မျက်စိပသာဒ ဖြစ်စရာပါပဲ။ Dashboard အပေါ်ပိုင်းတစ်ဝက်မှာ နူးညံတဲ့ ပလက်စတစ်မျိုးကိုအသုံးပြုထားတယ်ဆိုပေမယ့် Hyundai ရဲ့ Kona ၊ Citroen ရဲ့ C3 Aircross တို့ထက် ပိုကောင်းသင့်တယ်လို့တော့ ခံစားမိတယ်။ Citroen နဲ့ပဲယှဉ်ကြည့်၊ Ford ရဲ့ ဒီဇိုင်းမှာက ပင်ကိုယ်ဟန် ကင်းမဲ့နေသလိုပဲ။
Infotainment စနစ်အနေနဲ့ကတော့ မျက်နှာပြင် ၆.၅ လက်မ ဒါမှမဟုတ် ၈ လက်မအထိရရှိနိုင်ပါလိမ့်မယ်။ သုံးကြည့်သလောက်တော့ EcoSport ရဲ့ infotainment က Citroen ထက်ပိုပြီးသုံးရတာလွယ်ကူတဲ့အပြင် ပိုပြီး ရှင်းရှင်းလင်းလင်းမြင်ရတယ်။ ထုံးစံအတိုင်း Apple CarPlay နဲ့ Andriod Auto ကတော့ ပါပြီးသား။ ဖုန်းခေါ်ဖို့၊ သီချင်းတွေဖွင့်ဖို့၊ smartphone ကနေပြီး ဂြိုဟ်တုလမ်းညွှန်တွေသုံးဖို့ ဘာမှ ခက်ခဲမနေတော့ဘူးပေါ့။ EcoSport အဟောင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ infotainment စနစ်ခြင်း တော်တော်ကြီးကို ကွာခြားသွားပါပြီ။
EcoSport မှကြိုက်ပြီး ကောင်းကောင်းမွန်မွန်လေးစီးချင်တယ်ဆိုရင်တော့ ထုံးစံအတိုင်း အကုန်အကျ ပိုများပါလိမ့်မယ်။ ST-Line trim ကိုရွေးချယ်ဝယ်ယူပြီး ပိုမိုက်တဲ့ steering ဒီဇိုင်း၊ အနီရောင် ချုပ်ရိုးတွေပါတဲ့ အတွင်းခန်း၊ ပိုမိုဇိမ်ကျတဲ့ လိုက်ပါစီးနင်းမှုတွေကိုရရှိနိုင်မှာ မလို့ပါ။
ဖျော်ဖြေရေးနဲ့ပတ်သက်ပြီး EcoSport မှာက stereo speaker ၆ လုံးနဲ့နားထောင်ရမှာဖြစ်လို့ မဆိုးဘူးလို့ပြောလို့ရပါတယ်။ အသံထွက်လည်းကောင်းတာ တွေ့ရပါတယ်။ ဒါက entry level အတွက်သာဖြစ်ပြီး ST-Line ရဲ့ B&O stereo မှာတော့ speaker က ၁ဝ လုံးတောင်ပါတာပါ။

လက်တွေ့ကျကျ

ကံမကောင်းတာတစ်ခုကတော့ Ford ရဲ့ EcoSport ဟာ လက်တွေ့အသုံးကျမှုအပေါ်မှာတော့ အများကြီး ထည့်သွင်းစဉ်းစားထားပုံမရတာပါ။ ပြောချင်တာက အနောက်ခုံမှာ လိုက်ပါစီးနင်းမယ့်သူတွေအတွက် နေရာလုံလုံလောက်လောက်ရှိပေမယ့် boot ကတော့ သိပ်မကျယ်လှဘူး။ နောက်ခန်းခြင်းယှဉ်မယ်ဆိုရင် Citroen က ပိုကျယ်တယ်။ နောက်ခန်းမှာထိုင်မယ့်သူတွေအတွက် သက်သောင့်သက်သာပိုဖြစ်လောက်အောင်ကို ပိုကျယ်တာမျိုးပါ။ နောက်တစ်ခုက boot ရဲ့တံခါးပဲ။ EcoSport အသစ်ရဲ့ နောက်ဖုံးတံခါးက ဘေးကိုဆွဲဖွင့်ရတာမျိုး။ ဒါကြောင့် အပေါ်လှန်ဖွင့်ရတဲ့ နောက်ဖုံးတံခါးမျိုးထက်စာရင် ဖွင့်ဖို့အတွက် နေရာ ပိုကျယ်ဖို့လိုမှာပါ။
Boot ရဲ့ ဝင်ဆံ့မှုကိုအတိအကျပြောရမယ်ဆိုရင် ပုံမှန်အတိုင်းက 356 litres ရှိပြီး နောက်ထိုင်ခုံတွေခေါက်လိုက်မယ်ဆိုရင်တော့ 1,236 litres အထိဝင်ဆံ့ပါတယ်။ (1 litre = 1,000 cubic centimetre)
လိုက်ပါစီးနင်းမောင်းနှင်မှုမှာတော့ EcoSport အသစ်ဟာ ချောင်ချောင်ချိချိပါပဲ။ အရပ်မြင့်မြင့်နဲ့ လူလေးယောက်အတွက်ကိုပြောတာပါ။ နောက်ခန်းမှာ သုံးယောက်ထိုင်မယ်ဆိုရင်တော့ နည်းနည်းကျပ်ပါလိမ့်မယ်။

မောင်းနှင်မှု

လက်တွေ့မောင်းနှင်ကြည့်ရာမှာတော့ EcoSport အသစ်ဟာ ကွေ့လို့ဝိုက်လို့ကောင်းတဲ့ steering နဲ့အတူ ခပ်မြန်မြန်မောင်းဖို့အတွက် ယုံကြည်မှုကောင်းကောင်းကို ရရှိစေမှာပါ။ ဒါပေမယ့် လမ်းကြမ်းတွေကိုမောင်းနှင်ရာမှာတော့ နည်းနည်းခုန်ပါတယ်။ နောက်တစ်ခုက ဓါတ်ဆီအင်ဂျင်ဟာ ကားရဲ့အလေးချိန်ကို နည်းနည်း ရုန်းရလေ့ရှိတယ်။
ရွေးချယ်စရာ အင်ဂျင်အနေနဲ့ကတော့ ဓါတ်ဆီအင်ဂျင် ၃ မျိုးနဲ့ ဒီဇယ်အင်ဂျင် ၂ မျိုးရှိနေတာက ကျေနပ်စရာပါ။ မြို့ထဲမှာပဲမောင်းနှင်မယ့်သူတွေအတွက်ကတော့ ဓါတ်ဆီအင်ဂျင်နဲ့က အရမ်းအဆင်ပြေမှာပါ။
EcoSport Zetec နဲ့ EcoSport Titanium တို့ဟာ မာကျောပြီး ချိုင့်တွေ၊ ကမူတွေအပေါ် ဖြတ်မောင်းရရင် ခုန်ပါတယ်။ ဒါပေမယ့် ST-Line model တွေရဲ့ springs တွေက ပိုမာနေတာကတော့ မပြောတတ်အောင်ကို ဖြစ်ရပါတယ်။
သဘောကျမိတဲ့အချက်ကတော့ ထောင့်ချိုးတွေကွေ့တဲ့အခါမျိုးမှာ ဘယ်လို SUVs တွေထက်မဆို ပိုကောင်းတဲ့ခံစားမှုမျိုးရရှိစေပြီး အလေးချိန်ပိုစီးပုံရတဲ့ လက်ကိုင်ခွေကတော့ ကိုင်ရပြုရတဲ့နေရာမှာ ပိုမိုမြဲမြံတဲ့ အရသာကို ရရှိစေမှာပါ။
မြို့တွင်းလမ်းတွေမောင်းနှင်တဲ့အခါမျိုးမှာ စက်ဘီးသမားတွေဟာ သတိပြုမိဖို့ တော်တော်လေးခက်ခဲပေမယ့် ကျယ်ပြန့်တဲ့ နောက်ကြည့်ဘေးမှန်တွေတပ်ဆင်တဲ့ EcoSport အတွက်တော့ လွယ်ကူအဆင်ပြေမှုကို ပေးပါလိမ့်မယ်။ Boot အဖုံးမှန်ရဲ့ကျယ်ပြန့်မှုကလည်း parking ထိုးတဲ့အချိန်မျိုးမှာ ကောင်းကောင်းကြီး အထောက်အကူပြုတာတွေ့ရတယ်။ ဒါပေမယ့် EcoSport မှာက parking sensors နဲ့ နောက်ကြည့်ကင်မရာတွေပါဝင်နေတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် parking အတွက် စိတ်ပူစရာရှိမှာမဟုတ်ပါ။
လုံခြုံစိတ်ချရေးအတွက်ကြည့်မယ်ဆိုရင် ကုန်းတက်တွေတက်တဲ့အချိန်မျိုးမှာ ကားရဲ့တည်ငြိမ်မှုကို ထိမ်းကျောင်းပေးနိုင်တဲ့ Electronic Stability Programme ၊ အသုံးပြုသူနဲ့ သော့အပေါ်ကိုလိုက်ပြီး ကားရဲ့စနစ်/အရှိန်တို့ကို ကန့်သတ်မှုပေးထားနိုင်တဲ့ Ford ရဲ့ MyKey စနစ်၊ ယာဉ်မောင်းသူအတွက် ဒူးပိုင်းလေအိပ် သီးသန့်အပါအဝင် လိုက်ပါစီးနင်းသူတွေအတွက်ပါ အစုံအလင်ထည့်ပေးထားတဲ့ လေအိတ်ပတ်လည်၊ ကားဘီး လေပေါင်စောင့်ကြည့်စနစ်၊ လမ်းမချော်အောင်ထိန်းပေးတဲ့ traction control ၊ ဘရိတ်နင်းရာမှာ ရုတ်တရက် ချော်မထွက်သွားအောင် ထိန်းပေးနိုင်တဲ့ anti-lock brake စနစ် စတာတွေ တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။

ပါဝင်သောအချက်များ

အဓိက trim ကတော့ သိတဲ့အတိုင်း ၃ မျိုးပါ။

Zetec

Zetec က entry-level ပါ။ ဒါပေမယ့် တပ်ဆင်ပေးထားတဲ့ ပစ္စည်းတွေကတော့ ရက်ရောတယ်လို့ ဆိုရမယ်။ ၁၆ လက်မ အလွိုင်းခွေနဲ့ဘီး၊ ၆ လက်မ ဂြိုဟ်တုလမ်းညွှန်ပါ infotainment ကိုမှ Apple CarPlay၊ Android Auto နဲ့၊ air conditioning ၊ remote central locking စနစ်၊ စက္ကန့်ပိုင်းအတွင်း မြင်ကွင်းရှင်းသွားစေမယ့် မှန်အပူပေးစနစ်နဲ့ပါ။
Zetec trim မှာက ရွေးချယ်စရာ အင်ဂျင် ၄ မျိုးရှိပါတယ်။ 1.0-litre ကိုမှာ 100hp ထွက်တာရယ်၊ 125hp ထွက်တာရယ်ကို manual gear နဲ့ရွေးချယ်နိုင်တယ်။ 1.0-litre ကိုပဲ 125hp ထွက်တာကို Automatic gear နဲ့လည်းရွေးချယ်နိုင်တယ်။ ဒါတွေကတော့ ဓါတ်ဆီအင်ဂျင်တွေပါ။ ဒီဇယ်အနေနဲ့ကတော့ 1.5-litre ကို 100hp ၊ Manual gear နဲ့ရှိပါသေးတယ်။ ဆီစားနှုန်းကတော့ ဓါတ်ဆီအင်ဂျင် manual gear တွေက 53mpg၊ Automatic gear နဲ့ဆိုရင်တော့ 46mpg၊ ဒီဇယ်ကတော့ 67mpg အထိရှိတယ်လို့ Ford ကဆိုထားပေမယ့် 10mpg လောက်စီနုတ်ပြီး အမှန်တကယ်ဆီစားနှုန်းကို တွက်ကြည့်နိုင်ပါတယ်။ အမြန်နှုန်းအနေနဲ့ကတော့ ဓါတ်ဆီအင်ဂျင်တွေက 0-60mph ကို ၁၁ စက္ကန့်သာသာနဲ့အရှိန်တင်မောင်းနိုင်မှာဖြစ်ပြီး ဒီဇယ်နဲ့ဆိုရင်တော့ ၁၃ စက္ကန့်ကျော်ကျော်လောက်ကြာမြင့်မှာပါ။

Titanium

Titanium ကတော့ အလယ်အလတ်တန်းစားပေါ့။ ၈ လက်မ display နဲ့၊ ၁၇ လက်မ အလွိုင်းခွေနဲ့ဘီးနဲ့။ အလိုအလျောက် အတိုးအလျော့ မီးတွေ၊ wipers တွေ၊ cruise control ၊ အနောက်ကြည့်ကင်မရာ၊ ၇ ရောင် ရွေးချယ်နိုင်တဲ့ ambient lighting၊ climate control တို့ကတော့ Titanium မှာမှပါလာတာပါ။
Titanium မှာက ရွေးချယ်စရာ အင်ဂျင် ၅ မျိုးဖြစ်သွားပါပြီ။ 125hp ထွက်တဲ့ 1.5-litre ဒီဇယ်အင်ဂျင်ကိုလည်း ရွေးချယ်နိုင်ပါပြီ။ ဒီအင်ဂျင်ကတော့ ဆီစားနှုန်း 64mpg ရှိပြီး 0-60mph ကို ၁ဝ စက္ကန့်ကျော်ကျော်လေးနဲ့ အရှိန်တင်နိုင်တဲ့အတွက် စိတ်ဝင်စားစရာ ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။

ST-Line

ST-Line ကတော့ sports version ဖြစ်သလို EcoSport ထဲက အမြင့်ဆုံး trim လည်းဖြစ်ပါတယ်။ နောက်မှာလည်း spoiler နဲ့၊ နံဘေးမှာလည်း skirts တွေနဲ့ရမှာပါ။ Suspension ကလည်း sports suspension နဲ့ရယ်။ အတွင်းဘက်မှာလည်း နူးညံတဲ့သားရေအပျော့စား ခံစားမှု (suede-effect) နဲ့ trim က ကြည့်လို့ကောင်းသလို အဖိုးတန်တဲ့ခံစားမှုကိုလည်း ရရှိစေမှာပါ။ Sporty ဖြစ်တဲ့အတိုင်း အောက်ပိုင်းအပြား steering ကလူငယ်တွေအကြိုက်ပါပဲ။ Zetec တို့ Titanium ထက်သာတဲ့အချက်ကတော့ ST-Line ဟာ 675W B&Q stereo ကိုရွေးချယ်နိုင်တဲ့ တစ်ခုတည်းသော model ဖြစ်ခြင်းပါ။
အင်ဂျင်ရွေးချယ်မှုကလည်း ST-Line မှာက ၇ မျိုးဖြစ်သွားပါပြီ။ Manual gear ကိုမှာမှ 1.0-litre ၊ 140hp ထွက်ရှိပြီး 0-60 mph ကို ၁ဝ.၂ စက္ကန့်ထဲနဲ့တင်နိုင်တဲ့ အင်ဂျင်ရယ်၊ 1.5-litre ဒီဇယ်အင်ဂျင်ကိုမှ AWD ပါတာရယ်ဆိုပြီး ပိုလာတာပါ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)

Ref: by Mat Watson

Author

Comments