မိသားစုစီး အလတ်စား Saloon ကားအမျိုးအစားဖြစ်တဲ့ Elantra နဲ့ပတ်သက်ပြီး မသိမဖြစ်အချက်အလက်တွေကတော့
အင်ဂျင်ပါဝါ – ၁.၆ စီစီ
အင်ဂျင်အမျိုးအစား – Gamma 1.6 MPI ဓါတ်ဆီအင်ဂျင်
ဂီယာအမျိုးအစား – အော်တိုဂီယာခြောက်ချက်
စစဆုံးကားကိုသော့ဖွင့်တဲ့အခါမှာ အရမ်းအဆင်ပြေစေတဲ့အချက်ကတော့ Smart Key ကို ကိုယ်နဲ့အတူယူလာတယ်ဆိုရင် သော့ထုတ်စရာမလိုပဲ ကားတံခါးလက်ကိုင်ပေါ်ကခလုတ်ကိုနှိပ်ဖွင့်ရုံနဲ့ တံခါးပွင့်သွားစေတဲ့အချက်ပါ။ တံခါးဖွင့်ဝင်ထိုင်လိုက်တဲ့အခါမှာ လူလေးယောက် ချောင်ချောင်ချိချိစီးနင်းနိုင်တာကို တွေ့ရပြီး နောက်ဖုံးပစ္စည်းထည့်တဲ့နေရာကိုဖွင့်ကြည့်တဲ့အခါမှာလည်း မိသားစုသုံးပစ္စည်းတွေတော်တော်များများကို ထည့်နိုင်မယ့်အနေအထားမှာရှိပါတယ်ဆိုတာ တွေ့ရပါတယ်။ Push Start စနစ်ကိုသုံးထားပြီး အင်ဂျင်စက်နှိုးလိုက်တယ်ဆိုရင်ပဲ စက်သံညက်ညက်ညောညောနဲ့ မောင်းနှင်ဖို့အသင့်ဖြစ်နေပါပြီ။ အတွင်းခန်းကို နည်းနည်းလေ့လာကြည့်မယ်ဆိုရင် စိတ်တိုင်းကျဖြစ်စေမယ့် အရည်အသွေးတွေတွေ့နိုင်ပါတယ်။ Aircon က Dual Aircon စနစ်ဖြစ်လို့ ဒရိုင်ဘာနဲ့ဘေးကခရီးသည်အတွက် မတူညီတဲ့ဘယ်ညာအပူချိန်နှစ်မျိုးနဲ့ဖွင့်နိုင်ပါတယ်။ မမောင်းနှင်ခင် စိတ်ကြိုက်သီချင်းဖွင့် နားထောင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ဖုန်းနဲ့ Bluetooth ကနေအလွယ်တကူချိတ်ဆက်ပြီး ဖုန်းထဲကသီချင်းတွေဖွင့်နိုင်ပါတယ်။ ဖုန်းအားသွင်းနိုင်တဲ့ USB ပေါက်လဲပါဝင်ပါတယ်။ ရေဒီယို၊ သီချင်း စတာတွေဖွင့်ဖို့ခလုတ်တွေ၊ Bluetooth ကနေ Handsfree ဖုန်းပြောနိုင်စေတဲ့ ဖုန်းခေါ်၊ ဖုန်းချခလုတ်တွေလဲ ကားစတီယာရင်ပေါ်မှာ အားလုံးပါရှိပြီးသားဖြစ်ပါတယ်။ ကားထဲကနောက်ကြည့်မှန်က ညဘက်နောက်ကားတွေမီးထိုးတဲ့အခါ မျက်စိမစူးစေဖို့ အလင်းရောင်ကို လျှော့ချပေးနိုင်တယ်လို့သိရပြီး ဝိုက်ပါတွေကလည်း မိုးရွာတဲ့အချိန်မှာ မိုးသည်းမသည်းပေါ်မူတည်ပြီး ဝိုက်ပါအမြန်နှုန်းကို အလိုအလျောက်ပြောင်းလဲပေးတယ်လို့ သိရပါတယ်။
ကားစတင်မောင်းထွက်တဲ့အခါမှာ ဂီယာအပြောင်းအရွှေ့ညက်ညောတာ သတိပြုမိနိုင်ပါတယ်။ အော်တိုဂီယာပေမယ့် Manual ဂီယာလိုမျိုးလဲကိုယ်တိုင် ဂီယာအတင်အချလုပ်ချင်တယ်ဆိုရင် ဂီယာတံကိုရှေ့နောက်ထိုးပြီး ဂီယာအတင်ချလုပ်လို့ရပါတယ်။ ဆီစားသက်သာစေဖို့ Eco Mode ကိုဖွင့်ထားပြီးမောင်းနှင်နိုင်ပြီး ပုံမှန်ထက် ၂ဝ% လောက်ဆီစားသက်သာစေတယ်လို့သိရပါတယ်။ ဂျပန်ကားတွေနဲ့ လုံးဝမတူတဲ့အချက်ကတော့ ဘယ်မောင်းဖြစ်နေတာပါပဲ။ ဘယ်မောင်းမောင်းနေကျမဟုတ်တဲ့သူအတွက်တော့ အနည်းငယ်စိမ်းနေနိုင်ပေမယ့် လက်ယာကပ်မောင်းစနစ်ကိုကျင့်သုံးတဲ့ မြန်မာနိုင်ငံမှာတော့ ပိုလည်းအဆင်ပြေစေပြီး လုံခြုံရေးကိုလည်းပိုအထောက်အကူဖြစ်စေတဲ့ အချက်လို့ပြောနိုင်ပါတယ်။ ကားကလမ်းအနည်းငယ်ကြမ်းတဲ့နေရာမျိုးမှာတောင် ခပ်ငြိမ်ငြိမ်မောင်းနှင်သွားနိုင်ပြီး စတီယာရင်ကလည်း တော်တော်ငြိမ်ပါတယ်။ အရှိန်နည်းနည်းတင်ပြီး ကွေ့ကြည့်တဲ့အခါမျိုးမှာ ကားကသွားချင်တဲ့ဦးတည်ချက်ကို သက်တောင့်သက်သာနဲ့ကွေ့ဝိုက်သွားနိုင်ပြီး ဒီလိုအဆင်ပြေနေတာက ကားရဲ့လုံခြုံရေးစနစ်တစ်ခု ဖြစ်တဲ့ Electronic Stability Control (ESC) စနစ်ကြောင့်လို့သိရပါတယ်။ ESC ဆိုတာက ကားရဲ့လားရာနဲ့တာယာကုပ်အားကို စောင့်ကြည့်ပြီး လိုအပ်ရင် ကားရဲ့ဘီးတစ်ခုစီကို ဘရိတ်ဖမ်းပြီး လမ်းချော်မသွားဖို့ထိန်းချုပ်ပေးတဲ့စနစ်တစ်မျိုးပါ။ တစ်ခုရှိတာကတော့ အရှိန်နဲ့ကွေ့တဲ့အခါမျိုးတွေမှာ စတီယာရင်ငြိမ်နေအောင် အောက်ပိုင်းဆိုင်းထိန်း (Suspension) တွေကို အထူးစီစဉ်တည်ဆောက် ထားတဲ့အတွက် ကားစတီယာရင်ကတော့ အနည်းငယ်လေးနေမှာဖြစ်ပါတယ်။ တခြားလုံခြုံရေးစနစ်အနေနဲ့ လေအိတ်တွေအပြင် Anti-Lock ဘရိတ်စနစ်စတာတွေ ပါဝင်တယ်။
ကားကိုစိတ်ကြိုက်မောင်းနှင်ပြီး ပါကင်ပြန်ထိုးတဲ့အခါမှာ ကားနောက်က ပါကင်အာရုံခံကိရိယာတွေနဲ့ ကင်မရာကတော်တော် အထောက်အကူဖြစ်စေပါတယ်။ ကင်မရာကနေတစ်ဆင့် ကားနောက်ပိုင်းကို မြင်နိုင်သလို အာရုံခံကိရိယာတွေကလည်း ကားနောက်ဆုတ်မယ့် လမ်းမှာတစ်ခုခုရှိနေရင် အသံပြုသတိပေးပါတယ်။ အားလုံးကိုခြုံပြီးပြောရမယ်ဆိုရင်တော့ ပိုက်ဆံအများကြီး အကုန်မခံချင်ပဲ အရည်အသွေးကောင်းတဲ့ Brand New အိမ်စီး Saloon ကားတစ်စီးကိုဝယ်ချင်တဲ့ သူတွေအတွက်တော့ သင့်တော်တဲ့ကားမျိုးဖြစ်ကြောင်း ပြောပြလိုပါတယ်။
ဒီ Brand New Elantra ကို ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံက Hyundai Showroom မှာ ယာဉ်မောင်းလိုင်စင်ရှိတဲ့ မည်သူမဆို စမ်းသပ်မောင်းနှင်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ကျပ် ၂၉၉ သိန်းကနေ ၃၄၃ သိန်းကြားဖြစ်ပြီး အရစ်ကျဝယ်ရင်အတိုးလုံးဝမပေးရပဲ လက်ငင်းဝယ်ရင်လည်း အထူးလျှော့ဈေးခံစားနိုင်မယ့် ပရိုမိုးရှင်းရှိတယ်လို့သိရပါတယ်။ ကားကို ငှားရမ်းအသုံးပြုချင်တယ်ဆိုရင်လည်း ဈေးနှုန်းသက်သက်သာသာနဲ့ နှစ်အလိုက်ငှားရမ်းနိုင်ပါသေးတယ်။ Hyundai Elantra ကို မိမိကိုယ်တိုင် မောင်းနှင်လိုတဲ့ နေ့ရက်နဲ့အချိန်ကို ကြိုတင်စာရင်းပေးထားချင်တာပဲဖြစ်ဖြစ်၊ အသေးစိတ်ကိုသိချင်ရင်ပဲဖြစ်ဖြစ် Test Drive ဖုန်းနံပါတ် ဝ၉-၂၅၂ ၁၈ ၃၁၁၃ ကိုခေါ်ဆိုနိုင်ကြောင်း အသိပေးလိုက်ပါရစေ။
www.myanmarcarsdb.com
No. 1 Car Site in Myanmar