Discovery Sport 2020 Review

0

Full article

ကမ္ဘာကျော်တဲ့ကားထုတ်လုပ်ရေးတွေအားလုံးမှာ ကိုယ်ပိုင်ဟန်ဆိုတာရှိပါတယ်။ ကားတစ်စီးကို မြင်လိုက်တာနဲ့ ဘယ်အမှတ်တံဆိပ်လဲဆိုတာကို တမ်းပြောနိုင်တဲ့ဟန်ကိုပြောတာပါ။ ဒီလိုမျိုးကိုယ်ပိုင်ဟန်တစ်ခုကိုရဖို့ဆိုတာက မလွယ်ပါဘူး။ အောင်မြင်မှုတွေကို နှစ်တွေအကြာကြီး ထိန်းသိမ်းထားနိုင်တဲ့ သူတွေသာရနိုင်တာမျိုးပါ။ ဥပမာပေးရရင် Land Rover ရဲ့ ထုတ်ကုန်တွေလိုပေါ့။

Exterior

အခု ဒီ Discovery Sport 2020 လေးကိုပဲကြည့်။ တွေ့တာနဲ့ ဒါ Land Rover ရဲ့ထုတ်ကုန်ဆိုတာ တမ်းပြီးသိနိုင်တာမျိုးပါ။ ကိုယ်ပိုင်ဟန်အငွေ့အသက်တွေကို ထင်ထင်ရှားရှားတွေ့မြင်နိုင်တဲ့အပြင် ပြောင်းလဲတိုးတက်မှုတွေကလည်း မက်မောစရာပါပဲ။

မီးတွေကိုပဲကြည့်လိုက်။ အားလုံးက LED အပြည့်နဲ့ဖြစ်သွားပါပြီ။ 2019 Discovery Sport ရဲ့အဝိုင်းပုံ မီးတွေနေရာမှာ ပိုပြီးထက်မြက်စူးရှတဲ့အသွင် မီးဒီဇိုင်းတွေက အသစ်ဖြစ်သွားတယ်။ Grille မှာဆိုရင်လည်း နှစ်တန်းအပြည့်အဝဖြစ်သွားပြီ။ ပြောရမယ်ဆိုရင် ပိုပြီး ပိုပြီးကြွတက်လာတာပေါ့။
အလွိုင်းဒီဇိုင်းကလည်းလှပြီး ဘီးကတော့ 19-inch 10 Spike နဲ့။ Ground Clearance ကတော့ 8.3-inch ပါ။
ဈေးနှုန်း ကတော့ (ကားတန်ဖိုးသီးသန့်) $75,000 ကစတင်မှာဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၁,၀၀၀ ဝန်းကျင်‌ လောက်ကျသင့်မယ်။

Interior

အတွင်းခန်းမှာ ထိုင်ထိုင်ခြင်းသတိထားမိတာ 2019 Discovery Sport ထက်ပိုပြီး ကျယ်ဝန်းလာသလိုခံစားမိတယ်။ အချက်အလက်တွေကိုဖတ်ကြည့်တဲ့အခါမှာလည်း အတွင်းခန်းစုစုပေါင်း 25% ဝင်ဆံ့မှုပိုသွားတယ်လို့သိရတယ်။ Land Rover ကားတွေရဲ့ထုံးစံအတိုင်း ဇိမ်ကျမှုအတွက် အကောင်းစား leather တွေ၊ soft-touch plastic တွေကို အသုံးပြုထားတယ်ဆိုတော့ 2020 Discovery Sport ရဲ့အတွင်းခန်းကို တစ်ကြောင်းထဲသုံးသပ်ပေးပါဆိုရင် မိသားစုတစ်စုအတွက်ဆိုရင် ကျယ်ကျယ်ဝန်းဝန်းနဲ့ ဇိမ်ကျကျ အကောင်းဆုံးစီးလို့ရတဲ့ကားတစ်စီးလို့ ဆိုရမှာပါပဲ။ လူအရေအတွက်များတဲ့ မိသားစုအတွက်လည်း အခု ဒီ Discovery Sport က 5+2 ၇ ယောက်စီးဆိုတော့ အဆင်ပြေတယ်။
Infotainment က Land Rover ရဲ့ Touch Pro Duo ဆိုတော့ဘာမှာပြောနေစရာမရှိဘူး။ တုန့်ပြန်မှု ကောင်းတယ်။ မြင်ကွင်းပိုင်း ပြတ်သားတယ်။ ဖုန်းအတွက် Wireless charger ကိုလည်း လိုချင်တယ်ဆိုရင် optional အနေနဲ့ ထည့်လို့ရတယ်လို့ သိရပါတယ်။ နောက်တစ်ချက်က ဖုန်း ၈ လုံးအထိ WiFi hot-spot လွှင့်ချင်လည်း လွှင့်ပေးလို့ရသေးတယ်။
Air-con ကလည်း dual zone, round ဆိုတော့ နူးညံ့တဲ့ထိတွေ့မှုတွေကြားထဲမှာ အေးအေးလူလူနဲ့ luxury feeling အပြည့်ခံစားနိုင်ပါလိမ့်မယ်။ အေးလွန်းလို့ အကြောတွေ ညောင်းတတ်တယ်ဆိုရင်လည်း စိတ်ပူစရာမရှိပါဘူး။ ဒီ ရှေ့ထိုင်ခုံတွေမှာက heater ပါပါတယ်။
အသံပိုင်းအနေနဲ့ Discovery Sport 2020 မှာက Land Rover ရဲ့အမြင့်ဆုံး Meridian audio ကို speaker အနည်းဆုံး ၁၀ လုံးနဲ့ဆိုတော့ ဒီအပိုင်းမှာလည်း ဘာမှပြောစရာမလိုအောင် ကောင်းပါတယ်။
ကျန်တဲ့အချက်တွေအနေနဲ့ ကျနော်သဘောကျမိတာက USB ပေါက်များများပါတာရယ်၊ steering mounted control တွေက touch တွေဖြစ်သွားတာရယ်
ခြေဆန့်လက်ဆန့်ကောင်းတဲ့ နောက်လူစီးခန်းရယ်၊ ဒီမှာပါတဲ့ armrest တွေ USB တွေရယ်
Clear Sight Rear View Mirror ရယ်ပါပဲ။ မြင်ကွင်းက ကျယ်တယ်၊ ရှင်းတယ်ဆိုတာထက် ပိုပါတယ်။
အနောက် camera က ဒီ shark fin မှာထည့်ထားတာဆိုတော့ boot ထဲမှာ ပစ္စည်းအပြည့်ထည့်ထားမယ်ဆိုရင်တောင်မှာ အနောက်ဘက်ကို ကြည့်ဖို့အတွက် ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး။
နောက်ခန်းဝင်ဆံ့မှုကတော့ မြင်တဲ့အတိုင်းပဲ။ ကျယ်တယ်။ နောက်တစ်ချက်က flat ဖြစ်တဲ့အတွက် ပစ္စည်းတွေအတင်အချလုပ်လို့ အဆင်ပြေတယ်။ 40:20:40 ခေါက်လို့ရတဲ့နောက်ခုံတန်းက ပစ္စည်းအနေအထားအပေါ်မူတည်ပြီး လိုသလို ချိန်ပြီးခေါက်ထားလို့ရတာလေးကလည်း တော်တော်လေးကောင်းပါတယ်။ နောက်ခုံအားလုံးခေါက်ထားလိုက်မယ်ဆိုရင်တော့ ဝင်ဆံ့မှုက 1,794L အထိရှိသွားမှာပါ။
USB တို့ 12V socket တို့လည်းပါသေးတယ်ဆိုတော့ အတွင်းအပြင် ပြည့်စုံမှုရှိတယ်လို့ သုံးသပ်လို့ရတယ်။

Driving

မောင်းမောင်းချင်းသတိထားမိတာကတော့ fun to drive ဖြစ်တဲ့ကားတစ်စီးကိုရွေးပေးပါဆိုရင် ဒီ Discovery Sport 2020 က မဖြစ်မနေ ထည့်သွင်းပေးရမယ့်ကားတစ်စီးပါ။
2.0L Turbocharged ဓါတ်ဆီအင်ဂျင် AWD ရဲ့ ရုန်းအားကလည်း တော်တော်လေးကောင်းတယ်။ Maximum Power က 197 HP နဲ့ Maximum Torque က 320Nm အထိထွက်တယ်ဆိုတော့ Muscle ကားတွေလောက်မများပေမဲ့ မြို့တွင်း၊ မြို့ပြင်၊ အဝေးပြေးလမ်းတွေအတွက်ဆိုရင်တော့ လုံလောက်တာထက် ပိုတဲ့စွမ်းအားကိုထုတ်ပေးနိုင်တယ်လို့ ပြောလို့ရပါတယ်။
9-speed automatic transmission ကလည်း ဂီယာအကူးအပြောင်းညက်ညောတော့ ငြိမ့်ညောင်းမှုကိုပေးစွမ်းနိုင်တယ်။
ငြိမ့်ညောင်းမှုကို ထပ်ပြီးပေးနိုင်တာနောက်တစ်ခုကတော့ Adaptive Dynamics Suspension တွေပါ။ သူက လမ်းအနေအထားကိုလိုက်ပြီး automatic ချိန်ညှိန်ပေးနိုင်တာမျိုးဆိုတော့ တော်ရုံချိုင့်တွေဆိုရင် ချိုင့်လို့မထင်ရလောက်အောင်ကို luxury feeling  မျိုးရနိုင်ပါတယ်။ နောက်ထပ် သိပ်ကောင်းတဲ့နည်းပညာတစ်ခုက Terrain Response 2 ။ သူကတော့ off-road တွေ ၊ တောင်တက် တောင်ဆင်းလမ်းတွေအတွက် ခလုတ်တွေအများကြီးနှိပ်စရာမလိုပဲ ခလုတ်တစ်ချက်နှိပ်ရုံနဲ့တင် ဒီအတိုင်းမောင်းသွားရုံပါပဲ။ လွယ်တယ်။ အဆင်ပြေတယ်။ Fun to drive ဖြစ်တယ်ပေါ့ဗျာ။
Fun to drive ဖြစ်စေတဲ့နောက်တစ်ချက်ကတော့ Clear Sight Ground View နည်းပညာပါ။ သူက bonnet ကိုဖေါက်ပြီး ရှေ့ဘီးနှစ်လုံးကိုမြင်နေရတော့ ကျပ်ညပ်နေတဲ့လမ်းတွေမှာတောင် infotainment လေးကိုကြည့်ပြီး အေးအေးဆေးဆေးချိန်မောင်းနိုင်တာပေါ့။
နောက်ထပ် fun to drive ဖြစ်စေ adaptive cruise control တို့ hill start assist တို့ လေးဘီး/နှစ်ဘီး လိုသလို အလိုအလျောက်ပြောင်းလဲပေးနိုင်တဲ့ Active Driveline တို့လိုမျိုး အဆင့်မြင့်နည်းပညာတွေပါသေးတယ်။ သူ့ရဲ့အဆိုအရ ရေအနက် ၂ ပေနီးပါးထဲကနေ ဖြတ်မောင်းလို့ရတာမို့လို့ အခုလိုမိုးတွင်းဘက် ကျနော်တို့ရဲ့ ရန်ကုန်ရေပြင်ကျယ်ကြီးကိုတွေ့ရင်တောင်မှာ တုန်လှုပ်စရာလုံးဝမရှိတဲ့ အနေအထားပါ။
ဆိုတော့ မောင်းနှင်မှုနဲ့ပတ်သက်ရင်တော့ Discovery Sport 2020 ဟာ လုံးဝကို fun to drive ဖြစ်တဲ့ကားပါပဲ။
Fun to drive ဖြစ်တဲ့အပြင်ကိုမှ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့အတိုင်း safety ပိုင်းကိုလည်းကြည့်ပါဦး။ လေအိတ်ပတ်လည် ၁၀ လုံး၊ Emergency Brake Assist ၊ Cornering Brake Control ၊ Roll Stability Control ၊ Electronic Traction Control တို့လိုမျိုး အဆင့်မြင့် safety features တွေအပြင်ကိုမှာ ISO-fix လည်းပါတော့ ကလေးငယ်ရှိတဲ့မိသားစုတွေအတွက် ကောင်းကောင်းအဆင်ပြေတာမျိုးပါ။ကဲ၊ မောင်းလို့လည်းပြီး၊ အတွင်းအပြင်တွေလည်း ကြည့်လို့အပြီးမှာ ကျနော် ကြိုက်တဲ့အချက်ကလေးတွေ၊ လိုအပ်တယ်လို့ယူဆတဲ့အချက်ကလေးတွေပြောကြည့်မယ်ဗျာ။

verdict

ဒီ Discovery Sport 2020 ခုနပြောတဲ့အတိုင်း fun to drive ဖြစ်တယ်
မိသားစုကြီးတစ်ခုကိုတောင်မှာ ဇိမ်ကျကျတင်ဆောင်ပြီး သွားချင်တဲ့နေရာကို သွားလို့တယ်
ဈေးနှုန်းကလည်း $75,000 ဆိုတော့ ဒီလိုအမြင့်တန်းမျိုးမှာဆိုရင် affordable ဖြစ်တယ်လို့ပြောလို့ရတယ်။
Discovery Sport ဆိုပေမဲ့ ရိုးရိုး exhaust တစ်ပေါက်ပဲပါတာတို့ 5+2 မှာ တတိယခုံတန်းထည့်လိုက်မယ်ဆိုရင် နောက်ဆုံးတန်းမှာထိုင်ရတာ နည်းနည်းကျပ်သွားနိုင်တာမျိုးတွေကတော့ အားနည်းချက်တွေလို့ဆိုနိုင်ပါတယ်။
ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ ခုနပြောခဲ့သလိုပါပဲ။ Luxury feeling မြင့်မြင့်၊ မိသားစုကျယ်ကျယ်ဝန်းဝန်းစီးနင်းဖို့ဆိုရင်တော့ အခုဒီ Discovery Sport 2020 ဟာ တကယ်ကို affordable ဖြစ်တဲ့ကားပါပဲ။
ဒီကားလေးရဲ့ 0-100 kilometre per hour နှုန်းကလေးကို တစ်ချက်လောက် ကြည့်ပေးကြပါဦး။

ကားရပ်နေတဲ့အနေအထားကနေ တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းကိုရောက်ဖို့ 10.2-sec ပဲကြာမြင့်တယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ လိုအပ်တာထက်ပိုတဲ့ စွမ်းဆောင်ရည်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ထက်ပိုပြီး luxury ဖြစ်တယ်၊ မိသားစု ငါးယောက်ကနေ ခုနစ်ယောက်အထိ လိုက်ပါစီးနင်းနိုင်တဲ့အပြင် အခြေခံဈေးနှုန်းကလည်း upmarket တန်းအတွက် သင့်တော်တဲ့ ဈေးနှုန်းမျိုးနဲ့ဖြစ်နေတယ်။ ဆိုတော့... နိုင်ငံအတွင်း မိသားစုတော်တော်များများရှာနေတဲ့ ကားဟာ Discovery Sport 2020 ဖြစ်ကြောင်း သုံးသပ်ပေးချင်ပါတယ်။

Author