Citroen C3 Aircross Review (International)

0

Full article

စတိုင်ကျ အမြင်ဆန်းပြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ လက်တွေ့ဝယ်စီးရာမှာ အထာကျလှတဲ့ မိသားစုစီး SUV ကတော့ Citroen C3 Aircross ပါ။ မောင်းရတာ သက်သောင့်သက်သာ တော်တော်လေးလည်းဖြစ်တယ်။ ဒါပေမယ့် ...... blind spot တွေရှိနေတတ်တာကတော့ မြို့ထဲမောင်းရာမှာ အခက်အခဲဖြစ်နိုင်ပါတယ်။

အားသာချက်

  • ထိုင်ခုံတွေရဲ့ စတိုင်က ထူးခြားပြီး သက်သောင့်သက်သာလည်းရှိတယ်
  • မျက်စိပသာဒဖြစ်ဖွယ်ရာ ပုံစံရှိတယ်
  • ကိုယ်ပိုင်စိတ်ကြိုက် ရွေးချယ်မှုတွေပြုလုပ်နိုင်တယ်

အားနည်းချက်
–  မြင်ကွင်းပိုင်းဆိုင်ရာမှာ အားနည်းချက်အချို့ရှိတယ်
– အခြေခံ ဓါတ်ဆီအင်ဂျင်က အားနည်းတယ်
– Automatic gearbox ပိုင်းမှာ ကျေနပ်စရာ သိပ်မကောင်းလှဘူး

သုံးသပ်ချက်

တကယ်လို့ ခင်ဗျားဟာ နေရာလွတ်ကျယ်ကျယ်ဝန်းဝန်းပါပြီး သက်သောင့်သက်သာရှိမယ့် မိသားစုစီး SUV တစ်စီးကိုရှာနေတယ်။ Car Parking မှာ ထိုးထားတဲ့အခါမှာလည်း ဖျက်ကနဲကြည့်ရုံနဲ့ ရှာတွေ့နိုင်မယ့် ကားမျိုးကိုရှာနေတဲ့သူဆိုရင်တော့ ပြင်သစ်အခြေစိုက် Citroen ရဲ့ C3 Aircross ကို ခင်ဗျား အဝယ်စာရင်းရဲ့ ထိပ်ပိုင်းနေရာမှာထား ထားသင့်ပါတယ်။
တကယ်လို့ ဝယ်ယူတော့မယ်ဆိုရင် စိတ်ဝင်စားစရာ အချက်တစ်ခုကို ပြောပြချင်ပါသေးတယ်။ C3 Aircross မှာက စိတ်ကြိုက်ရွေးချယ်လို့ရတာတွေက အများကြီးဗျ။ ကိုယ်ထည်ဆေးရောင်ကို စိတ်ကြိုက်ရွေးလို့ရတယ်၊ ခေါင်ကိုလည်း စိတ်ကြိုက်ရွေးလို့ရတဲ့အပြင် အပြင်ပိုင်း trim ကိုလည်း စိတ်ကြိုက်ရွေးလို့ရပါသေးတယ်။ သူတို့ပေးထားတဲ့ ရွေးချယ်စရာက တော်တော်လေး အများသား။ အတွင်းခန်းမှာဆိုရင်လည်း ရွေးချယ်စရာ အစုံလိုက် အရောင် ၅ ရောင်ရှိပါသေးတယ်။
C3 Aircross တွေရဲ့ ခေါင်က သိသိသာသာမြင့်ပါတယ်။ အဓိပ္ပါယ်ကတော့ Nissan Juke လိုမျိုးကားထက် ပိုပြီး လွတ်လွတ်လပ်လပ်ရှိတယ်။ ရှေ့ခန်းက ထိုင်ခုံတွေက နူးညံတယ်၊ ကောင်းတယ်။ Citroen ရဲ့ ထိုင်ခုံပုံစံတွေက ထူးခြားပြီး ကိုယ့်စိတ်ကြိုက်ထိုင်ခုံမှာ ထိုင်ရသလိုမျိုး ခံစားမှုကိုဖြစ်စေတယ်။ နောက်ထိုင်ခုံအပိုင်းကလည်း ကျယ်တာပါပဲ။ အမြင့်တန်း trim တစ်ခုဖြစ်တဲ့ Flair မှာဆိုရင် နောက်ခုံတွေက အရှေ့အနောက် လှန်လို့ရတဲ့အတွက် ကားပေါ်ကလူအားလုံးအတွက် စိတ်ကြိုက်ပုံစံနဲ့ထိုင်နိုင်တာပေါ့။
အရေးကြီးတာတစ်ခုကျန်နေပါသေးတယ်။ C3 Aircross ဟာ ဈေးနှုန်းအရဆိုရင်လည်း တော်တော်ကြီးကို လက်တွေ့ကျလှပါတယ်။
ခပ်တိုတိုပြောရရင်တော့ Citroen C3 Aircross ဟာ မာကျောပြီး sporty ပိုဖြစ်တဲ့ SUV မျိုးကို ချင်ခြင်းတက်နေတဲ့သူတွေအတွက် ဇိမ်ကျလှတဲ့ ဖြေဆေးတစ်မျိုးပါပဲ။

အတွင်းခန်း

Citroen C3 Aircross ရဲ့ အတွင်းခန်းက ကောင်းတယ်။ အားလုံးကို လွယ်လွယ်ကူကူ ချက်ခြင်းအသုံးပြုလို့ရတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ ဈေးပေါတဲ့ ပလက်စတစ်အစိတ်အပိုင်းတွေကို သုံးထားတာတွေ့ရတယ်။
အတွင်းခန်းအရောင်မျိုးစုံရွေးချယ်နိုင်မှုက အခြား SUVs တွေထက်သာလွန်ပေမယ့် လူတိုင်းကြိုက်မယ်လို့တော့ မပြောနိုင်သေးပါဘူး။
C3 Aircross ရဲ့ အခြေခံ trim မှာတောင် အတွင်းခန်းပိုင်းက တော်တော်ကြီးကောင်းနေပါပြီ။ နှစ်ရောင်စပ် အတွင်းခန်းဒီဇိုင်းနဲ့ တမူထူးတဲ့ လေပေါက်တွေဟာ မြင်နေကျဖြစ်မနေမှာ သေချာပါတယ်။ Vauxhall ရဲ့ Crossland X အတွင်းခန်းဒီဇိုင်းတောင်မှ ပျင်းဖို့ကောင်းသွားသလိုဖြစ်သွားတယ်။
Infotainment ပိုင်းကိုကြည့်မယ်ဆိုရင် အခြေခံ trim မှာလည်း touch screen နဲ့ရရှိမှာပါ။ သူ့ဟာနဲ့သူတော့ သင့်လျော်တဲ့ infotainment စနစ်လို့ပြောနိုင်ပေမယ့် ရောင်စုံနဲ့တော့မဟုတ်ပါဘူး။ ဖုန်းနဲ့ချိတ်ဆက်ဖို့ bluetooth connection ရမယ်။ အသံပိုင်းကတော့ DAB ဒစ်ဂျစ်တယ် ရေဒီယိုနဲ့ရမှာပါ။
Feel trim လောက်ကိုဝယ်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ Citroen ရဲ့ ၇ လက်မ infotainment မျက်နှာပြင်နဲ့ပါ။ အရောင်စုံဖြစ်တဲ့အတွက် အခြေခံအဆင့်ထက်ပိုကောင်းတာသေချာတယ်။ ဒါပေမယ့် resolution ပိုင်းမှာတော့ သိပ်အကောင်းကြီးမဟုတ်လှဘူး။ သုံးရတာတော့ လွယ်ကူ ချောမွေ့ အဆင်ပြေပါတယ်။ Apple CarPlay တွေ Android Auto တွေအပြင် MirrorLink တွေပါသုံးလို့ရတယ်။ ကိုယ့် smartphone အတိုင်း ဂြိုဟ်တုလမ်းညွှန်တွေသုံးလို့ရမယ်၊ သီချင်းတွေဖွင့်လို့ရမယ် ဆိုပါတော့။

လက်တွေ့ကျကျ

ကားအတွင်းကို ကြည့်လိုက်ရုံနဲ့ပဲ ဒီလိုအရွယ်အစား၊ ဒီလိုကားတွေထဲမှာတော့ Citroen ရဲ့ C3 Aircross ဟာ မောင်းနှင်မယ့်သူအတွက်ရော၊ စီးကြမယ့်သူတွေအတွက်ရော၊ ပစ္စည်းပစ္စယတွေအတွက်ပါ နေရာအလုံအလောက်ရှိနေတာကိုတွေ့ရမှာပါ။ သက်သောင့်သက်သာလည်း ရှိမယ့်ပုံလို့ ချက်ခြင်းဆုံးဖြတ်နိုင်မှာပါ။
ဝင်ဆံ့မှုကို ကိန်းဂဏန်းတွေနဲ့ အတိအကျပြောမယ်ဆိုရင် ခုံတွေနဲ့ဆိုရင် 410 litres၊ ခုံတွေခေါက်ထားမယ်ဆိုရင် 1,289 litres အထိရှိပါတယ်။ (1 Litre = 1,000 Cubic centimetre)
Safety ပိုင်းမှာလည်း ထိုင်ခုံတွေအားလုံးအတွက် ခါးပတ်ပတ်ထားတာ သေချာခြင်းရှိမရှိ သတိပေးမှု၊ ကုန်းတက် လျောကျမှုမရှိအောင် အထောက်အပံ့ပေးမှု၊ လူတိုင်းအတွက် လေအိတ်ပတ်လည်၊ electronic brakeforce distribution နဲ့ emergency braking assistance ပါဝင်တဲ့ ABS အပြင် active safety brake ၊ တည်ငြိမ်မှုကို အီလက်ထရောနစ်စနစ်နဲ့ ထိန်းကျောင်းပေးမယ့် electronic stability control စတာတွေ စုံစုံလင်လင်ပါရှိတဲ့အတွက် မဆိုးဘူးလို့ပဲ ဆိုရမှာပါ။ Euro NCAP ရဲ့ 2017 စမ်းသပ်မှုမှာ ကြယ်လေးပွင့်ရ Citroen C3 အပေါ် အခြေခံပြီးတည်ဆောက်ထားတာဖြစ်လို့ အထင်ကြီးစရာပါပဲ။
ကလေးထိုင်ခုံတပ်ဖို့နေရာတွေပါရှိပေမယ့် ထိုင်ခုံတပ်ရာမှာတော့ အခက်အခဲနည်းနည်းရှိသလိုပါပဲ။ နောက်တံခါးတွေက ၉ဝ˚ အထိ ဖွင့်လို့မရလို့ပါ။ ဒါပေမယ့် တကယ်တမ်း ထည့်သွင်းတပ်ဆင်ရာမှာတော့ အဆင်ပြေတာကိုတွေ့ရပါတယ်။

မောင်းနှင်မှု

စမ်းသပ်မောင်းနှင်ကြည့်ရသလောက်တော့ Citroen C3 Aircross ဟာ ဇိမ်ကျကျ စီးနိုင်တဲ့ မိသားစုစီး SUV တစ်စီးဖြစ်တာသေချာပါတယ်။ ချိုင့်ကမူတွေစောင့်တဲ့ဒဏ်ကို ကောင်းကောင်းကြီး စုပ်ယူထားနိုင်စွမ်းရှိတဲ့အတွက် ငြိမ်သက်တိတ်ဆိတ်တဲ့ မောင်းနှင်စီးနင်းမှုအရသာကို ရရှိနိုင်တဲ့ ကားမျိုးပါ။ Automatic gearbox ရဲ့ gear shift အပိုင်းနှေးကွေးမှုကတော့ ထုတ်ပြောရလောက်အောင်ကို နှေးပါတယ်။ Steering ရဲ့ ပေါ့ပါးမှုကတော့ မြို့တွင်းမောင်းနှင်ရာမှာ အဆင်ပြေစေပေမယ့် ပေါ့လွန်းလို့ ကြောင်တက်တက်တောင်ဖြစ်မိတယ်။
မနှစ်သက်တဲ့အချက်ကတော့ အရှေ့လေကာမှန်နဲ့ အနောက်မှန်တွေဝန်းကျင်က pillars တွေပဲ။ Blind spots တွေဖြစ်စေတဲ့အရာတွေပေါ့။
C3 Aircross ဟာ အမြန်လမ်းတွေပေါ်မှာတော့ မြန်နှုန်းမြင့်ကားတစ်စီးမဟုတ်ပါဘူး။ ဒါပေမယ့် မိသားစု သက်သောင့်သက်သာစီးနင်းနိုင်မယ့် ကားတစ်စီးဖြစ်တာတော့ သေချာပါတယ်။

အချက်အလက်တွေ

Citroen C3 Aircross မှာက Touch ၊ Feel ၊ Flair ၊ Rip Curl ဆိုပြီး trim ၄ မျိုးရှိတယ်။

Touch

အခြေခံ trim ပါ။ ၁၅ လက်မ အလွိုင်းခွေနဲ့ရမယ်။ ခေါင်မိုးတန်းတွေပါတဲ့အတွက် စွန့်စားသွားလာတဲ့ပုံစံမျိုး ပိုဆန်တယ်။ Cruise control ၊ အရှေ့မှန်တံခါးတွေအတွက် electric အတင်အချစနစ်၊ air conditioning နဲ့ အလိုအလျောက် အတိုးအလျော့လုပ်ပေးနိုင်တဲ့ အရှေ့မီးကြီးတွေပါမယ်။ Infotainment မျက်နှာပြင်ကတော့ သိပ်မကောင်းလှဘူး။ DAB ဒစ်ဂျစ်တယ်ရေဒီယိုနဲ့ ဖုန်းနဲ့ချိတ်ဖို့ bluetooth တော့ ပါ ပါတယ်။
အင်ဂျင်အနေနဲ့ကတေ့ Touch မှာက ရွေးစရာ တစ်ခုတည်းပါ။ Manual gearbox နဲ့ 82hp စွမ်းအားအထိ အမြင့်ဆုံးရရှိနိုင်မယ့် 1.2-litre ဓါတ်ဆီအင်ဂျင်ပါ။ ဆီစားနှုန်းက 57mpg အထိရရှိနိုင်မယ့်လို့ Citroen ဘက်က ဆိုထားတာ တွေ့ရပါတယ်။

Feel

Feel ကတော့ အလယ်အလတ်တန်းစား trim ပါ။ Touch ထက်ပိုသာမှာက climate control ရယ်၊ အရှေ့အနောက် electric စနစ်နဲ့မှန်တွေရယ်၊ ဘေးမှန်တွေကိုလည်း electric စနစ်နဲ့ ချိန်ညှိနိုင်တာရယ်နဲ့ အကောင်းဆုံးကတော့ Apple CarPlay ၊ Android Auto ၊ MirrorLink ပါအသုံးပြုနိုင်တဲ့ ၇ လက်မ infotainment မျက်နှာပြင်ပါ။
ဒီ trim မှာတော့ ရွေးချယ်နိုင်စရာ အင်ဂျင် ၅ မျိုးဖြစ်သွားပါပြီ။
130hp အထိရရှိနိုင်မယ့် 1.2-litre ဓါတ်ဆီအင်ဂျင်မျိုးအထိ ရွေးချယ်နိုင်မှာဖြစ်ပြီး ဒီလိုအင်ဂျင်မျိုးနဲ့ဆိုရင်တော့ ဆီစားနှုန်းက 54mpg ရှိမှာပါ။

Flair

Flair ကတော့ C3 Aircross အတွက် လူကြိုက်အများဆုံး trim ဖြစ်နိုင်ပါတယ်။ အလွိုင်းခွေက ၁၆ လက်မဖြစ်သွားမယ်။ အပြင်ပိုင်းမှာ Airbumps တွေပါလာမယ်။ Steering နဲ့ gearbox အတွက် သားရေ trim ပါလာမယ်။ Touch တွေ Feel တွေထက်ပိုထူးတာက အနောက်ကြည့် ကင်မရာ၊ အလိုအလျောက် မီးတွေနဲ့ wipers တွေအပြင် Citroen ရဲ့ ConnectedCam ဆိုတာပါ ပါဝင်လာပါတယ်။ သူကတော့ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အလိုအလျောက်ရိုက်ကူးပေးနိုင်ပြီး ဒီမှာဆိုရင်တော့ black box လိုမျိုးပေါ့။
Flair မှာတော့ ရွေးချယ်စရာ အင်ဂျင်က ၄ မျိုးပါ။ 1.2L ဓါတ်ဆီ 82hp၊ 1.2L ဓါတ်ဆီ 110hp၊ 1.2L ဓါတ်ဆီ 130hp နဲ့ 1.5L ဒီဇယ် 100hp တို့ပါ။ အားလုံးက manual gearbox နဲ့ပါ။ Automatic gearbox နဲ့လိုချင်ရင်တော့ Feel trim တစ်မျိုးတည်းမှာသာ 1.2L ဓါတ်ဆီ 110hp နဲ့ ရရှိနိုင်ပါတယ်။

Rip Curl

ဒါကတော့ C3 Aircross ရဲ့ အမြင့်ဆုံး trim ပါ။ နေ့အချိန်ထွန်း LED မီးတွေ၊ automatic ရှေ့မီးကြီးတွေနဲ့ ဖြစ်သွားပါပြီ။ နောက် bumper ကလည်း aluminium-effect bumper ဖြစ်သွားပါပြီ။ နောက်မှန်တွေမှာ နေကာလည်းပါလာမှာဖြစ်ပြီး အနောက် parking sensors တွေလည်း ပါလာမှာပါ။ ကျန်တာတွေကတော့ အပေါ်က trims တွေနဲ့ သိပ်မကွာပါဘူး။
အင်ဂျင်အနေနဲ့ကတော့ 110hp အထိ အမြင့်ဆုံးစွမ်းအင်ရရှိနိုင်မယ့် 1.2-litre ဓါတ်ဆီအင်ဂျင်တစ်မျိုးတည်း ရှိပါတယ်။ Manual gearbox နဲ့ပဲဖြစ်ပြီး ဆီစားနှုန်းကတော့ 59mpg အထိရှိတယ်လို့ Citroen ကဆိုပါတယ်။ ဇိမ်အကျဆုံး trim လည်းဖြစ်ပါတယ်။

_**စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)**_

Ref: New Citroen C3 Aircross by Mat Watson

Author