Audi 2019 e-tron Review (International)

0

Full article

၂ဝ၁၉ ထုတ် Audi ရဲ့ e-tron ကတော့ EV (electric vehicle) ဖြစ်ပြီး သားနားတဲ့အတွင်းခန်းနဲ့ လက်တွေ့မောင်းနှင်ရာမှာ အသုံးကျလှတဲ့ကားတစ်စီးပါ။ အထူးခြားဆုံးအချက်ကတော့ virtual နောက်ကြည့်ဘေးမှန်ပါဝင်တဲ့အချက်ပါပဲ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ blind spot တွေအတွက် ကောင်းမွန်တဲ့ ဖြေရှင်းပုံလို့တောင် ပြောလို့ရပါတယ်။ ကျန်တာတွေကတော့......

အားသာချက်

  • အတွင်းခန်းရဲ့ သားနားမှု
  • နေရာကျယ်ကျယ်ဝန်းဝန်းရရှိအောင် ပြုလုပ်ထားခြင်း
  • လျင်မြန်ပြီး သက်သောင့်သက်သာမောင်းနှင်နိုင်ခြင်း

အားနည်းချက်
– EV တွေရဲ့ ခရီးအကွာအဝေးသွားနိုင်မှုက အခုထိ ပြောစရာဖြစ်နေခြင်း
– 150kWh charger လိုအပ်ခြင်း
– အကွေ့များမောင်းနှင်ရမှာ လေးလံတယ်လို့ ခံစားရခြင်း

သုံးသပ်ချက်

တကယ်တော့ e-tron ဟာ Audi ရဲ့ ပထမဆုံး လျှပ်စစ်ကားပါ။ Audi ကားတွေရဲ့ ရိုးရာအစဉ်အလာကိုမှ လေထုညစ်ညမ်းမှုလုံးဝမရှိဘူး၊ လွယ်ကူတယ်၊ ချက်ခြင်း စွမ်းဆောင်ရည်ကိုမြှင့်နိုင်တယ်၊ မြို့တွင်းမောင်းနှင်ရာမှာ အကောင်းဆုံးဖြစ်အောင်လို့ ရည်ရွယ်ပြီး တည်ဆောက်ပေးထားတယ် စတဲ့အချက်တွေနဲ့ ပေါင်းစပ်ထားတာပါ။
လျှပ်စစ်ကားတွေရဲ့ အသုံးကျမှုဟာ အစဉ်အလာ ဓါတ်ဆီ၊ ဒီဇယ် ကားတွေနီးနီးဖြစ်လို့လာပါပြီ။ အခု Audiရဲ့ e-tron အသစ်ဟာ ဓါတ်ဆီ၊ ဒီဇယ်ကားတွေလောက် ခရီးဝေးဝေးသွားနိုင်ဖို့ မမျှော်လင့်နိုင်ပေမယ့် အမြန်နှုန်းကတော့ ကောင်းကောင်းကြီး ယှဉ်လို့ရတာ တွေ့ရပါတယ်။

E-tron အသစ်နဲ့ပတ်သက်ပြီး Audi ရဲ့ အဆင့်မြင့်အရည်အသွေး အတွင်းခန်းကတော့ လျှပ်စစ်ကားတွေမှာ စံချိန်တစ်ခုအထိတောင်မှ ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Audi e-tron အတွင်းခန်းမှာ ထည့်သွင်းပေးထားတဲ့ ခမ်းနားမှုရသရရှိစေနိုင်တဲ့ အကောင်းတကာ့ အကောင်းဆုံး ပလတ်စတစ်တွေရဲ့ အရည်အသွေးက Tesla Model X ရဲ့ အတွင်းခန်းတန်ဖိုးကိုတောင်မှ လျော့ကျသွားစေနိုင်လောက်တဲ့အထိပဲ။
ဒါပေမယ့် ခင်ဗျားရဲ့ အမြင်အာရုံကို တကယ်တမ်း ဖမ်းစားသွားမှာကတော့ Audi ရဲ့ အဆင့်မြင့် နည်းပညာ infotainment စနစ်ပါ။ Display screen ကလည်း အနည်းဆုံး သုံးခုတောင်တပ်ဆင်ပေးထားတယ်။ သုံးခုလို့ဆိုရာမှာ ပုံမှန်ကားတွေမှာ ပါနေကျ ဒိုင်ခွက် display ၊ centre display နှစ်ခုအပြင် နောက်ကြည့်ဘေးမှန်တွေအတွက် ကားအတွင်းပိုင်း တံခါးနဲ့ကပ်လျက် တစ်ဘက်တစ်ချက်မှာ တပ်ဆင်ပေးထားတဲ့ နောက်ကြည့်ဘေးမှန် OLED display နှစ်ခုထပ်မံပါဝင်ခြင်းကြောင့်ပါပဲ။ အပြင်နောက်ကြည့်မှန်နေရာမှာတော့ ကင်မရာနှစ်လုံးရှိနေမှာပါ။ Graphics တွေအားလုံးကလည်း ရှင်းလင်းကောင်းမွန်တယ်။ Physical buttons တွေကို နှိပ်ရတဲ့ အရသာကတောင်မှ တော်တော်ကြီး နူးညံ့ကောင်းမွန်တာတွေ့ရပါတယ်။
ဒါကြောင့်မလို့ Audi e-tron အသစ်ဟာ သားနားကျယ်ဝန်းတဲ့ အကောင်းဆုံးအတွင်းခန်းထဲကနေပြီး လောင်စာဆီအသုံးမပြုဘဲ လျင်လျင်မြန်မြန်မောင်းနှင်နိုင်မယ့် ကားတစ်စီးဖြစ်တာ အသေအချာပါပဲ။ ထူးခြားတာတစ်ခုက e-tron ရဲ့ ပုံစံပါ။ Aerodynamics (လေခွင်းအား) ကိုပိုမိုကောင်းမွန်စေမယ့် ပုံစံမျိုးဖြစ်ပြီး အကောင်းစားမောင်းနှင်ခြင်းကိုလည်း ရရှိစေမယ့် ပုံစံမျိုးပါ။

အတွင်းခန်း

Audi e-tron ရဲ့ အဓိက အားသာချက်ကအတွင်းခန်းရဲ့ သားနားမှုနဲ့ နည်းပညာစုံလင်မှုပါ။ ဒါပေမယ့် စုံလင်လှတဲ့ နည်းပညာတွေကို အသုံးပြုရာမှာတော့ နည်းနည်း အခက်အခဲတွေ့ပါလိမ့်မယ်။ အထူးသဖြင့် ကားမောင်းနေတဲ့အချိန်မျိုးမှာပေါ့။
အတွင်းခန်းတွေတပ်ဆင်ရာမှာ တိကျသေသပ်မှုရှိတာကတော့ နှစ်သက်စရာအရမ်းကောင်းပါတယ်။ တန်ဖိုးကြီးတဲ့ သတ္ထု trim တွေအများကြီးပါပြီး အရည်အသွေးမြင့် တောက်ပတဲ့ ပလတ်စတစ်တွေဟာ လေဆာနဲ့ တိုင်းတာဖြတ်တောက်ထားသလို တိတိကျကျရှိလှတာ တွေ့ရပါတယ်။
ထိုင်ခုံတွေအတွက်ကတော့ leather polish အမြဲတစေလိုအပ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ e-tron ရဲ့ trim တိုင်းမှာ ထိုင်ခုံတွေက သားရေတွေချည်းပါပဲ။ ဒါ့အပြင် လှပတဲ့ ambient lighting ကလည်း စံသတ်မှတ်ချက်အနေနဲ့ တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။ အရည်အသွေးပိုမြင့်တဲ့ trim တွေမှာဆိုရင်တော့ Valcona သားရေ၊ e-tron တံဆိပ်နဲ့ တံခါးလက်ကိုင်တွေ၊ panoramic sunroof တွေနဲ့ဖြစ်သွားပြီး လေဝင်လေထွက် ပိုမိုကောင်းမွန်တဲ့ အတွင်းခန်းကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
ဟုတ်ပါတယ်။ Infotainment မျက်နှာပြင်ခြင်းယှဉ်မယ်ဆိုရင်တော့ e-tron က Tesla မှာလိုမျိုး ကြီးမားတဲ့ centre infotainment မျက်နှာပြင်မျိုး မပါရှိပါဘူး။ ဒါပေမယ့် ဒီလိုမပါဝင်ဘူးဆိုတာက display တွေမပါဝင်ဘူးလို့ ဆိုလိုတာမဟုတ်ပါ။ ပထမဆုံး ကြီးမားကျယ်ပြန့်တဲ့ infotainment display က လက်ကိုင်ခွေရဲ့ အနောက်မှာ ပါဝင်ပြီး dashboard ရဲ့ အလယ်မှာတော့ နောက်ထပ်နှစ်ခု ထပ်မံတပ်ဆင်ပေးထားပါသေးတယ်။
ပြောရမယ်ဆိုရင် အနောက်ကြည့်ကင်မရာအပါအဝင် အစဉ်အလာ တောင်ပံနောက်ကြည့်မှန်တွေနေရာမှာ ကင်မရာတွေနဲ့အတူ အနောက်ကြည့် screen တွေကို တပ်ဆင်ပေးလိုက်တာဟာ ဆန်းသစ်မှုတစ်ခုဖြစ်တဲ့အပြင် အဲဒီမှန်တွေကို ကြည့်မယ့်သူတွေအတွက်လည်း ရိုးရိုးမှန်တစ်စုံထက်စာရင် ပိုမိုတဲ့ အကူအညီတွေကို ပေးနိုင်စွမ်းရှိတာတွေ့ရပါတယ်။ အင်္ဂလန်ကလူတွေအတွက်ကတော့ Audi e-tron အသစ်ရဲ့အတွင်းခန်းဟာ ကျယ်ပြန့်တဲ့ display တွေနဲ့အတူ အရောင်စုံတဲ့ ambient အလင်းတွေကြောင့် Christmas အချိန် Oxford ရဲ့ လမ်းတွေအပေါ် ရောက်နေသလို ခံစားရပါလိမ့်မယ်လို့ ဆိုထားပါတယ်။
Audi e-tron ရဲ့ ဗဟို infotainment မျက်နှာပြင်က အဆင့်မြင့် graphics တွေနဲ့ ၁ဝ.၁ လက်မအကျယ်ရှိတဲ့ မျက်နှာပြင်ပါ။ OLED ဖြစ်ပါတယ်။ တုန့်ပြန်မှုကလည်း smartphones တွေရဲ့ တုန့်ပြန်မှုတွေလိုမျိုးပါပဲ။ မြန်ဆန်တိကျပါတယ်။ ဒီ ၁ဝ.၁ လက်မ မျက်နှာပြင်ရဲ့အောက်မှာတော့ ၈.၆ လက်မ infotainment နောက်ထပ်မျက်နှာပြင်တစ်ခုရှိလို့နေပါတယ်။
အသံထွက်အနေနဲ့ကတော့ speakers ၁၆ လုံးအထိပါဝင်ပြီး အတော်ကောင်းမွန်တဲ့ အသံထွက်မျိုး ရရှိနိုင်ပါတယ်။

လက်တွေ့ဆိုရင်

ကားအသစ်တစ်စီးဝယ်ယူဖို့ဆိုတာမှာ လက်တွေ့ဘယ်လောက်အသုံးကျမလဲဆိုတာကလည်း အရေးပါတဲ့အချက်တစ်ခုပါ။ လျှပ်စစ်ကားတစ်စီးဖြစ်တဲ့ Audi e-tron ဟာ အတွင်းခန်း ကျယ်ဝန်း အဆင့်မြင့်ပြီး ပြီးပြည့်စုံတဲ့ မိသားစုစီးကားတစ်စီးလို့ပြောလို့ရတယ်။ သာမာန်လျှပ်စစ်ကားတစ်စီးထက် ပိုပြီး ကြီးမားတဲ့ battery ပါဝင်တဲ့အတွက် air-conditioning တွေနဲ့ ထိုင်ခုံ အပူအအေးစနစ်တွေကို ကားထဲမဝင်ခင် ကြိုတင်ချိန်ညှိထားနိုင်တဲ့အထိ လုံလောက်စေပါတယ်။
Boot (နောက်ဖုံး) ဝင်ဆံ့မှုကတော့ 605-litre ပါ။ ဒါဟာ ခရီးဆောင်အိတ် နှစ်လုံးထက်ပိုပြီး ချောင်ချောင်လည်လည် ထည့်သွင်းနိုင်မယ့် ပမာဏလည်းဖြစ်ပါတယ်။ တကယ်လို့ထိုင်ခုံတွေလှန်လိုက်မယ်ဆိုရင်တော့ ဝင်ဆံ့မှုပမာဏက 1,755-litre ဖြစ်သွားပါပြီ။ ဒါ့အပြင် Tesla နဲ့ခပ်ဆင်ဆင် bonnet အောက်မှာလည်း 60-litre ပမာဏ အပိုဝင်ဆံ့မှုကိုလည်း ရနိုင်သေးတဲ့အတွက် ကြီးမားတဲ့ အပျော့စားအိတ်တွေကို အဲဒီနေရာမှာ တင်ဆောင်နိုင်ပါသေးတယ်။

မောင်းနှင်မှု

မောင်းနှင်မှုနဲ့ပတ်သက်ပြီး ပြောရရင်တော့ အခုနောက်ပိုင်းထွက်ရှိလာတဲ့ အခြား လျှပ်စစ်ကားတွေလိုပါပဲ။ E-tron ဟာ ချက်ခြင်းအရှိန်တင်မောင်းနှင်လို့ရတဲ့ကားပါ။ 400hp လောက်ထက်ပိုပြီး ပါဝါထုတ်လွှတ်နိုင်စွမ်းရှိတဲ့အတွက် တကယ့်ကို လက်လက်ထအောင် မောင်းနှင်နိုင်မယ့်ကားတစ်စီးပါ။ ဒါပေမယ့် သာမန်ကားတစ်စီးထက်အလေးချိန်ပိုတဲ့ ကားမျိုးဖြစ်တာကြောင့် ထောင့်ချိုးကွေ့တဲ့ စွမ်းဆောင်ရည်မှာတော့ အတားအဆီးနည်းနည်း ရှိပါလိမ့်မယ်။
Audi e-tron ရဲ့ မောင်းနှင်မှုပုံစံကတော့ battery ကနေပြီး လျှပ်စစ်မော်တာနှစ်လုံးကို ပါဝါပေးကာ မောင်းနှင်တာပါ။ အမြင့်ဆုံးထုတ်လွှတ်နိုင်မယ့် ပါဝါကတော့ 408hp ဖြစ်ပါတယ်။ မော်တာနှစ်လုံးက အရှေ့ဝန်ရိုးနဲ့ အနောက်ဝင်ရိုးအပေါ်မှာ ရှိနေပြီး 4WD ဖြစ်တဲ့အတွက် လမ်းချောတဲ့နေရာတွေမှာတောင် အရှိန်အနည်းငယ်တင်ပြီး မောင်းနှင်နိုင်မှာပါ။
စမ်းသပ်မောင်းနှင်ကြည့်ရတဲ့ အဖြေအရ Audi e-tron ဟာ 0-62mph ကို ၅.၇ စက္ကန့်ထဲနဲ့ အရှိန်တင်နိုင်ပြီး အမြန်ဆုံး မောင်းနှင်နိုင်မယ့် အမြန်နှုန်းကတော့ 124mph ပါ။ Tesla Model X လောက်တော့ မမြန်သေးဘူးပေါ့။ Audi e-tron ကို အမြန်ဆုံးမောင်းနှင်နိုင်မယ့် mode ကတော့ S mode ဖြစ်ပြီး အကျိုးအဖြစ်ထွန်းဆုံး မောင်းနှင်နိုင်မယ့် mode နဲ့ဆိုရင်တော့ 0-62mph ကို ၆.၆ စက္ကန့်ထဲနဲ့မောင်းနှင်နိုင်မှာဖြစ်ပြီး အမြင့်ဆုံးပါဝါအနေနဲ့ကတော့ 306hp အထိပဲရရှိပါလိမ့်မယ်။
တကယ်တော့Audi e-tron ဟာ SUV အကြီးစားပါ။ ဒါပေမယ့် မြို့တွင်းမှာလည်း အကောင်းဆုံး မောင်းနှင်နိုင်မယ့် အကြောင်းပြချက်ကောင်းတွေလည်း ရှိနေပါတယ်။ ပထမအချက်ကတော့ လျှပ်စစ်မော်တာတွေရဲ့ အသံဆူညံမှုနည်းပါးခြင်းပါ။ နောက်တစ်ချက်ကတော့ e-tron ရဲ့ ချက်ခြင်း ဖျတ်ကနဲမောင်းနှင်နိုင်မှုပါ။ နေရာကွက်လပ်တွေကို ဖျတ်ကနဲ ဝင်ရောက်ဖို့လိုတဲ့ မြို့တွင်းမောင်းနှင်မှုပုံစံနဲ့ လိုက်ဖက်ပါတယ်။ ချုပ်ပြောရရင်တော့ မြို့တွင်း၊ မြို့ပြင် လောင်စာဆီကုန်ကျမှုစာရိတ်မရှိဘဲ ဇိမ်ကျကျမောင်းနှင်နိုင်မယ့် ကားတစ်စီးကတော့ Audi ရဲ့ e-tron ပါပဲ။

ပါဝင်တဲ့အချက်တွေ

Audi e-tron မှာက Standard ၊ Launch Edition ၊ Edition 1 ဆိုပြီး trim ၃ မျိုးရှိပါတယ်။

Standard

E-tron တွေဟာ အနာဂတ်မျိုးဆက် လျှပ်စစ်ကားတွေပီသစွာ အတွင်းခန်း ပစ္စည်းပစ္စယအစုံအလင်နဲ့ ထွက်ရှိလာတာပါ။ ဘယ်လို trim ပဲဖြစ်ဖြစ်ပေါ့။ လက်မ ၂ဝ အလွိုင်းခွေ၊ LED အရှေ့မီးကြီး၊ အမြင့်စား adaptive air suspension ၊ keyless go ၊ သားရေစစ်စစ်ထိုင်ခုံတွေ၊ ၃၆ဝ ဒီဂရီ parking ကင်မရာ၊ LED mood lighting နဲ့ 180W ရှိတဲ့ stereo speakers ၁ဝ လုံးနဲ့ပါ။ E-trons အားလုံးမှာ ကြီးမားတဲ့ high-definition infotainment မျက်နှာပြင်တွေ ပါရှိပါတယ်။

Launch Edition

Virtual door mirrors လို့ခေါ်တဲ့ တောင်ပံနောက်ကြည့်ဘေးမှန်တွေနေရာမှာ ကင်မရာတပ်ဆင်ထားပြီး ကားအတွင်းခန်း တံခါးဘေးတွေမှာ displays တွေတပ်ဆင်ပေးထားတဲ့ နည်းပညာကတော့ Launch Edition မှာမှ စ ပါတာပါ။ ဒီ trim မှာတော့ ခွေကတော့ ၂၁ လက်မ အလွိုင်းခွေဖြစ်သွားမယ်။ ထိုင်ခုံတွေက valcona သားရေတွေဖြစ်သွားမယ်။ အလိုအလျောက်မောင်းနှင်နိုင်တဲ့ စနစ်တွေပါဝင်လာမယ် စတဲ့ နည်းပညာမြင့် စနစ်တွေနဲ့ ရရှိနိုင်ပါလိမ့်မယ်။

Edition 1

Edition 1 e-tron ရဲ့ ထူးခြားချက်တွေကတော့ panoramic glass roof နဲ့ရရှိနိုင်မယ်။ ဇုံ ၄ ဇုံ climate control ဖြစ်သွားမယ်။ အထူးပြု အသံထိန်း မှန်တွေပါဝင်ပြီး ပိုမိုအဆင့်မြင့်တဲ့ Bang & Olufsen stereo စနစ်ပါဝင်မယ်။ ခွေကတော့ Launch Edition မှာလိုပဲ ၂၁ လက်မ အလွိုင်းခွေနဲ့ပါ။

Safety ပိုင်းအရဆိုရင်လည်း Audi e-tron အားလုံးဟာ အမြင့်ဆုံးအဆင့် safety နည်းစနစ်တွေကို အသုံးပြုထားတာကြောင့် ထိပ်တန်းအဆင့်မှာရှိပါတယ်လို့ အတိုချုံးပြောလို့ရတယ်။ လျှပ်စစ်ကား ကောင်းကောင်းကို ဇိမ်ကျကျ စီးနင်းမောင်းနှင်ရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမယ်ဆိုရင်တော့ Audi e-tron ကိုသာ ဝယ်ယူမောင်းနှင်စီးနင်းကြဖို့ တိုက်တွန်းပါရစေ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: Audi e-tron review by Mat Watson

Author