အရှေ့တောင်အာရှဒေသတွင်း အကြီးဆုံးသော မော်တော်ယာဉ်အရောင်းပြပွဲကို လေ့လာခဲ့ရစဉ်

0

Full article

ထိုင်းနိုင်ငံတွင် ဘန်ကောက်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်အရောင်းပြပွဲ (Bangkok International Motor Show)နှင့် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်အရောင်းပြပွဲ (Thailand Motor Expo) တို့ကဲ့သို့သော ပွဲများ၊ ကာနဲ့ ဆက်စပ်သော အပိုပစ္စည်းများနဲ့ ဝန်ဆောင်မှုဆိုင်ရာ အရောင်း ပြပွဲများ၊ လမ်းပန်းဆက်သွယ်ရေးနည်းပညာဆိုင်ရာ ပြပွဲများကို နှစ်စဉ်ကျင်းပပြု လုပ်လေ့ရှိပါတယ်။

ကျွန်တော်တို့ CarsDB က အဆိုပါပွဲများစွာအနက် မနှစ်က ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ် အရောင်းပြပွဲ လေ့လာခွင့်ရခဲ့ပြီး ယခု ၂ဝ၁၈ တွင်တော့ ဘန်ကောက်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်အရောင်း ပြပွဲကို လေ့လာခွင့်ရခဲ့ပါတယ်။ ပြပွဲနှစ်ခုစလုံးမှာ ထိုင်းနိုင်ရဲ့ အကြီးဆုံး ကားပြပွဲများဖြစ်ပြီး ပြပွဲကျင်းပရာ ရက်များအတွင်း နှစ်စဉ် လာရောက်ကြည့်ရှုသူ သန်းနှင့်ချီရှိပါတယ်။ ယခုဆောင်းပါးမှာတော့ ပြီးခဲ့တဲ့ဧပြီ ၁ ရက်နေ့တွင်သွားရောက်ခဲ့တဲ့ ဘန်ကောက်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်အရောင်းပြပွဲ လေ့လာရေး ခရီးစဉ် အတွေ့အကြုံကို သုံးသပ်ရေးသားဖော်ပြသွားမှာဖြစ်ပါတယ်။

၃၉ ကြိမ်မြောက် ဘန်ကောက်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်အရောင်းပြပွဲကို Grind Prix International Public Company Limited က ဦးစီးပြီး နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ထူးခြားချက်က နှစ်စဉ်နှစ်တိုင်း ပွဲကို ပြုလုပ်တိုင်း အယူအဆတစ်ခု အပေါ်မှာ အခြေခံကာ ကျင်းပပြုလုပ်တာကို တွေ့ရပါတယ်။ ဥပမာ မနှစ်ကဆိုလျှင် "နည်းပညာဂြိုလ်ကမ္ဘာသို့ ရောက်ရှိခြင်း" (reach to the technology planet) အယူအဆအပေါ် အခြေခံကာ ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင်တော့ "သွားလာရေး တော်လှန်မှု" (revolution in motion) အယူအဆပေါ် အခြေခံကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ သွားရောက်လေ့လာရတဲ့နေရာမှာ ဘန်ကောက်မြို့ မြို့ပြင်နားလောက်မှာရှိတဲ့ impact challenger ဆိုတဲ့ ဟောခန်းမကြီးဖြစ်ပါတယ်။ ဝင်ကြေးက တစ်ဦးကို ဘတ်တစ်ရာကျသင့်ပြီး လက်မှတ်ကနေ ဆုမဲဖောက်ပေးတဲ့ အစီအစဉ်များလည်း ပါဝင်ပါတယ်။ ထိုင်းတွင် လွန်ခဲ့တဲ့လေးနှစ် စစ်တပ်အာဏာသိမ်းပြီးစဉ်က နိုင်ငံရေးမတည်မငြိမ်ဖြစ်ကာ စီးပွားရေးကျဆင်းသွားတာကြောင့် လာ ရောက်ကြည့်ရှုသူဦးရေ နည်းပါးသွားသော်လည်း ၂ဝ၁၆ ကနေစပြီး ကြည့်ရှုသူအရေအတွက်မှာ ယခင် အတိုင်း သန်းနှင့်ချီပြန်ဖြစ်လာခဲ့ပါတယ်။ Grind Prix ဥက္ကဋ္ဌ Dr. Prachin Eamlumnow က ယခုနှစ်တွင် လာရောက်လည်ပတ်သူ ၁.၆ သန်းကျော်ရှိမယ်လို့ မျှော်လင့်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

Impact Challenger ခန်းမကြီးဟာ ထုထည်ကြီးမားပြီး ခန်းမတွင်း မီးများတလပ်လပ်ဖြင့် သန့်ရှင်းသပ်ရပ် လှသည်ဖြစ်ရာ အကြွားဆုံးနဲ့ အလှဆုံးကားများထားရှိလိုက်သောအခါ ကြည့်ရှုမဝတဲ့ ဆွဲဆောင်မှုရှိတဲ့ မြင်ကွင်းတစ်ခုကို ပုံဖော်ထားလျက်ရှိ နေပါတယ်။ ခန်းမကြီးမှာ ဝင်ပေါက်သုံးပေါက်ရှိပြီး လာရောက် ကြည့်ရှုသူများဟာ မည်သည့် အပေါက်ကပင်ဖြစ်ဖြစ် ဝင်နိုင်ထွက်နိုင်ပါတယ်။ နောက်ဆုံး ပေါ်ကားများ၊ အနာဂတ်တွင် ဖြစ်လာမယ့်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ ကားအပို ပစ္စည်းနှင့်ဝန်ဆောင်မှု အရောင်းဆိုင်များနဲ့အတူ ကားနှင့် တွဲဖက်သရုပ်ပြနေတဲ့ မော်ဒယ်များ၊ သူတို့အား တခုတ်တရ ဓာတ်လိုက်ဖမ်းနေတဲ့ သတင်းထောက်များနဲ့ ဓာတ်ပုံဆရာများ၊ စိတ်ဝင်တစားမေးမြန်းကြည့် ရှုနေတဲ့ ထိုင်းပြည်သူများ၊ တာဝန်အသီးသီးထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများ ပြာပန်းခပ်လှုပ်ရှားသွားလာ နေကြတာကို တွေ့မြင်ခဲ့ရပါတယ်။ မတ် ၂၈ ကနေ ဧပြီ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမယ့် ယင်းပြပွဲတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကားနဲ့ ဆက်စပ်သော လုပ်ငန်းပေါင်း ၁၆၉ ခု ပါဝင်ပြသသွားခဲ့ပါ တယ်။

ကျွန်တော်တို့ ကားများကို လိုက်လံကြည့်ရှုတဲ့အခါ ကျွန်တော်နိုင်ငံမှာ နာမည်ကြီးပြီးသား ဂျပန်ကားများ ၊အမေရိကန်နဲ့ ဥရောပကားများအပြင် မြန်မာနိုင်ငံတွင် သိပ်မတွေ့ရတဲ့ Maserati, Porsche နှင့် Bentley ကဲ့သို့သော အမှတ်တံဆိပ်များလည်း တွေ့ရပါတယ်။ ဂျပန်ကားများ အနေနဲ့ Toyota, Lexus, Nissan, Honda, Mitsubishi, Isuzu, Mazda, Subaru နဲ့ Suzuki ကားတို့ကို တွေ့ရပါတယ်။ ကိုရီးယားနိုင်ငံက KIA နဲ့ Hyundai၊ ဥရောပနဲ့ အမေရိကားက Audi, BMW, Bentley, Mercedes-Benz, MINI, Jaguar, Porsche, Land Rover, Volvo, MG, Ford, Maserati နဲ့ Chevrolet တို့ကို တွေ့ရပါတယ်။ ကားပြပွဲကိုကြည့်ရင်း ထိုင်းတွေရဲ့လူနေမှုအဆင့်အတန်းကို သိခဲ့ရပါတယ်။ ထိုင်းလူချမ်းသားများဝယ်ယူနိုင်ရန်အလို့ဌာ BMW, Mercedes နဲ့ Porsche တို့ဟာ သူတို့ရဲ့ ကားအမျိုး အစားများကို စုံလင်စွာ ပြသခဲ့သော်လည်း Maserati နဲ့ Roll Royce တို့မှာ မော်ဒယ်အမျိုးအစား အနည်းငယ်သာ ပြသထားတာကိုတွေ့ရပါတယ်။ ကျွန်တော် ဘန်ကောက်မြို့ထဲတွင် လှည့်ပတ်သွား လာစဉ်အခါကလည်း တကယ့် တန်ဖိုးကြီးဇိမ်ခံကား တစ်စီးတစ်လေမှ မတွေ့ခဲ့ရပေမယ့် ကားပြပွဲမှာတော့ အဲ့ဒီ့ကား အချို့ရဲ့ရှေ့မှာ ဝယ်ယူပြီး (sold) လို့ရေးထားတာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီ့ကားတွေကို ဝယ်ယူ နိုင်တဲ့ လူတန်းစားဟာ သွားရေးလာရေး တွင် အသုံးပြုဖို့ဆိုခြင်းထက် လူမှုအထက်အတန်းလွှာကို ဝင်ဆန့်နိုင်ရေး၊ သြဇာလွှမ်းမှုရနိုင်ရေးအတွက် ဝယ်ယူကြခြင်းသာဖြစ်မယ်လို့ သုံးသပ်မိပါတယ်။

ကား brand တစ်ခုခြင်းစီဟာ နေရာအခင်းအကျင်း၊ အထားအသို၊ စင်အပြင်အဆင်၊ မီးအလင်း မှောင်၊ သီးသန့်အရောင်းအဝယ်ပြုလုပ်ရာနေရာနဲ့ သီးခြားတင်ဆက်တဲ့ အစီအစဉ်တွေကို အသေးစိတ်ဂရု တစိုက်လုပ်ထားတာကို တွေ့မြင်ရပြီး ကားလာရောက်ဝယ်ယူရင်း ဖျော်ဖြေရေးအစီအစဉ်ကြည့်ရသလို ခံစားရတဲ့ ကမ္ဘာအဆင့်မီပြပွဲကြီး တစ်ခုပင်ဖြစ်ပါတယ်။ ပြပွဲကြီးတစ်ခုလုံးအနေနဲ့ ဖျော်ဖြေရေးအစီအစဉ် မပါဝင်ပေမယ့် လုပ်ငန်းတစ်ခုချင်းစီ (အများစု) ဟာ ကိုယ်ပိုင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကံစမ်းမဲ ဖောက်ပေးခြင်း၊ ကုန်ပစ္စည်းမိတ်ဆက်ခြင်း အစီအစဉ်များစွာကို အသီးသီးပြုလုပ်နေတာကို တွေ့ရပါ တယ်။ ပြပွဲမှာ တရုတ်နိုင်ငံထုတ် Great Wall Motor ရဲ့ Haval, ထိုင်းနိုင်ငံထုတ် Mission No Emission (MINE) လို concept ကားတွေကို တွေ့ခဲ့ရပေမယ့် များများစားစားတော့ မရှိပါ။ ဘန်ကောက်မြို့ဟာ မော်တော်ဆိုင်ကယ်စီးနင်းသူများလည်း များပြားတဲ့မြို့ဖြစ်ရာ ဘန်ကောက်အပြည် ပြည်ဆိုင်ရာ မော်တော် ယာဉ်ပြပွဲအတွင်း အမျိုးအစားစုံလင်လှသော မော်တော်ဆိုင်ကယ်များစွာကိုလည်း တွေ့ရပါတယ်။ Honda, Yamaha, Suzuki, Kawasaki, Harley-Davidson, Triumph နဲ့ Royal Enfield တို့ အပြင် အခြားသော အမှတ်တံဆိပ်များလည်း ပါဝင်ပါတယ်။ ယခုပြပွဲဟာ Thailand Motor Expo ပြပွဲနဲ့ များစွာတူညီသော်လည်း ကားအပိုပစ္စည်းနဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းများ ပိုမိုပါဝင်တာကို တွေ့မြင် ခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ ကားဈေးကွက်ဟာ ၂ဝ၁၂ နောက်ပိုင်း တဖြည်းဖြည်းတက်လာခဲ့ပေမယ့် မတည်ငြိမ်တဲ့ မူဝါဒများအောက်မှာ ကားဈေးကွက်ဟာ မျှော်မှန်းထားသလောက် မြင့်မားလာခဲ့ ခြင်းမရှိသေးပါ။ အစိုးရရဲ့ လူထုလူတန်းစားအားလုံးကောင်းကျိုးသက်ရောက်မှုရှိတဲ့ ခိုင်ခန့်တဲ့ ကားမူဝါဒ ထွက်ပေါ် မလာသေးသ၍ ကားလုပ်ငန်းစုနဲ့ ကားဈေးကွက်ကြီးထွားလာဖို့ အခက်အခဲများစွာ ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ သောင်းချီဝင်ရောက်ကြည့်ရှုဝယ်ယူတဲ့ ကားပြပွဲကြီးနှစ်ခုကိုလည်း ရန်ကုန်နှင့် မ န္တလေးမြို့ များမှာ ကျွန်တော်တို့ CarsDB က အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ ဝယ်ယူ အားပေးသူများစွာ ရှိခဲ့တဲ့အပြင် မြန်မာပြည်သူများ မော်တော်ယာဉ် အရောင်းပြပွဲနဲ့ ပတ်သက်သော အတွေ့အကြုံများ ရရှိခဲ့ပါတယ်။ ဒါပေမယ့် မော်တော်ယာဉ်လုပ်ငန်းစုဟာ GDP ရဲ့ ၁၂ ရာခိုင်နှုန်းရှိနေတဲ့ ထိုင်းနိုင်ငံရဲ့ ဘန်ကောက် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်အရောင်းပြပွဲလို ဖြစ်ဖို့ဆိုရင်တော့ ကျွန်တော်တို့ အများကြီး ကြိုးစားရဦးမှာပါ။ မြန်မာနိုင်ငံရဲ့ ကားသစ်ဝယ်ယူမှုဟာ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများဖြစ်တဲ့ ကမ္ဘောဒီယားနဲ့ လာအိုနိုင်ငံတို့ဖြင့် နှိုင်းယှဉ်လျှင် နည်းပါးနေပါသေးတယ်။ ဒီအခြေ အနေကို ကျော်လွှားဖို့မှာ အစိုးရရဲ့ ရေရှည်အမျော်အမြင်နဲ့ ချမှတ်အကောင်အထည်ဖော်မယ့် ကားထုတ် လုပ်ရေး မူဝါဒ၊ ဥပဒေများ၊ နည်းဥပဒေများနဲ့ ကားလုပ်ငန်းစုအတွင်းရှိနေတဲ့ လုပ်ငန်းရှင်များ အတူတကွ ပူးတွဲ ဆောင်ရွက်ကာ မြန်မာနိုင်ငံရဲ့ တိုးတက်ကြွယ်ဝမှုကို ဖန်တီးဆောင်ကြဉ်းပေးမယ့် အနာဂတ် အမြင်တစ်ခုဖြင့် မမှိတ်မသုန် ကြိုးစားလုပ်ဆောင် သွားသင့်ပါကြောင်း။

ဆောင်းဦးကိုကို

Author