F-150 Lightning Vs Cybertruck

0

Full article

Tesla ရဲ့ Cybertruck မိတ်ဆက်ပြီးနောက်ပိုင်း Ford ရဲ့ F-150 နဲ့ပြိုင်ဆွဲခဲ့ကြတာကို မှတ်မိကြဦးမှာပါ။​ အဲဒီတုန်းက Cybertruck က လျှပ်စစ်စွမ်းအင်သုံး၊​ F-150 က လောင်စာဆီစွမ်းအင်သုံး။ အခုတော့ လျှပ်စစ်စွမ်းအင်သုံး F-150 Lightning ထွက်လာပါတော့မယ်။ သေချာတာက အဲဒီနှစ်စီး ပြိုင်ဆွဲကြဦးမှာပါပဲ။

ဒါဆိုရင် Cybertruck နဲ့ Ford F-150 Lightning တို့ကို ပထမဆုံး အပေါ်ယံယှဉ်ကြည့်ရအောင်။

ဘယ်တော့ထွက်မလဲ

Cybertruck က ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ ထွက်လာမှာဖြစ်ပြီး Ford F-150 Lightning ကတော့ ၂၀၂၂ အစောပိုင်းမှာ ထွက်ရှိလာမှာပါ။

ဈေးနှုန်းဘယ်လောက်လဲ

Cybertruck က $49,900 ကစတင်မှာဖြစ်ပြီး Ford F-150 Lightning ကတော့ $39,974 ကစတင်မှာဖြစ်တဲ့အတွက် Ford F-150 Lightning က ဒေါ်လာတသောင်းလောက် သက်သာဖွယ်ရာရှိနေတယ်.

ပါဝါ

Cybertruck က AWD ၊ မော်တာ ၃ လုံးနဲ့ဖြစ်ပြီး Ford F-150 Lightning က AWD ဖြစ်ပေမဲ့ မော်တာ ၂ လုံးထဲပါဝင်မှာပါ။

ရရှိနိုင်တဲ့ အကွာအဝေး

အားတခါသွင်းပြီးရင် Cybertruck က မိုင် ၅၀၀ အထိမောင်းနှင်နိုင်ပေမဲ့ Ford F-150 Lightning ကတော့ မိုင် ၃၀၀ အထိပဲ ရနိုင်မှာပါ။

အားသွင်းတဲ့အခါ

Cybertruck က 250 kW DC နဲ့အားသွင်းနိုင်ပြီး Ford F-150 Lightning ကတော့ 150 kW DC နဲ့အားသွင်းနိုင်မှာဖြစ်တယ်။

0-60 mph

Cybertruck ဟာ ရပ်နေတဲ့အနေအထားကနေ တနာရီမိုင် ၆၀ နှုန်းအရှိကိုရဖို့ ၂.၉ စက္ကန့်သာကြာမြင့်မှာဖြစ်ပြီး Ford F-150 Lightning အတွက်ကတော့ မကြာမီကြေညာပေးသွားမှာပါလို့ သိရပါတယ်။

အလိုအလျောက်မောင်းနှင်နိုင်စွမ်း

Cybertruck မှာအားလုံးသိကြတဲ့အတိုင်း Tesla ရဲ့ Autopilot ပါဝင်မှာဖြစ်ပြီး Ford F-150 Lightning မှာတော့ BlueCruise ဆိုတာ ပါဝင်လာမှာပါ။


ဒီဇိုင်းပိုင်း

F-150 ရဲ့အားသာချက်ကတော့ လောင်စာဆီသုံးပဲဖြစ်ဖြစ်၊ ဆီနဲ့လျှပ်စစ်ရောနှောသုံး hybrid ပဲဖြစ်ဖြစ်၊ လျှပ်စစ်စွမ်းအင်အပြည့်အဝသုံးပဲဖြစ်ဖြစ် ဒီဇိုင်းပိုင်း အလုံးစုံနီးပါးတူညီတာပါပဲ။ ရှေ့ grille ဆိုရင် လျှပ်စစ်ကားတစီးအတွက် မလိုအပ်ပေမဲ့ F-150 မှာတော့ ပါဝင်နေတာဟာ grille ချစ်သူတွေအတွက် ကျေနပ်စရာပါ။

F-150 တွေဟာ မြောက်အမေရိကမှာ အချိန်ကြာမြင့်စွာ ရောင်းအရဆုံးကားတွေဖြစ်ခဲ့တာပါ။ Ford က ဒီအရွေ့ရဲ့ အရေးကြီးပုံကို ကောင်းကောင်းသဘောပေါက်ပြီးသား။ အစဉ်အလာ အစွဲအလမ်းကြီးသူတွေအတွက်တော့ F-150 ဟာ ဒီဇိုင်းပိုင်းအရ ငြင်းပယ်စရာမရှိတဲ့ လျှပ်စစ်ကားဖြစ်နေမှာ အမှန်ပါပဲ။

Tesla Cybertruck ကတော့ အခုမှ ပထမဆုံးထွက်ရှိလာမယ့် ကားအမျိုးအစားပါ။ သူ့လိုကားမျိုး ရှေ့မှာရော နောက်မှာရော မရှိသေးပါဘူး။ Elon Musk ဟာလည်း Elon Musk ပါပဲ။ Cybertruck ကတော့ လက်ရှိ မြင်နေကျကားတွေထက်စာရင် ၁၉၉၀ နှစ်လွန်တွေတုန်းကထွက်ရှိခဲ့တဲ့ sci-fi game ထဲက ကားမျိုးနဲ့ ပိုတူနေပါတယ်။ သေချာတာကတော့ ဒီလို ထောင့်ချိုးဒီဇိုင်းကားမျိုးကို များများစားစားမြင်တွေ့ဖို့အခွင့်အရေး ဘယ်တုန်းကမှ ရှိမနေခဲ့တာပါပဲ။

ဒါကြောင့် Ford F-150 နဲ့ Tesla Cybertruck တို့ရဲ့ ဒီဇိုင်းပိုင်းကိုဆိုရင် နိုင်ငံရေးရေချိန်အရ လက်ယာယိမ်းတဲ့သူတွေအတွက် Ford လက်ဝဲယိမ်းတဲ့သူတွေအတွက် Tesla လို့ပဲ အလွယ်ဆုံးရွေးပေးပါရစေ။

အတွင်းခန်း

F-150 ရဲ့အတွင်းခန်းထဲမှာ အားလုံးမျှော်လင့်ထားသလိုပဲ ကျယ်ပြန့်တဲ့မျက်နှာပြင်နဲ့  infotainment ပါလာပါပြီ။ ၁၅ လက်မခွဲရှိတဲ့ ဒီ infotainment ဟာ Cybertruck နဲ့မတူတဲ့အချက်ကတော့ နှိပ်လို့ရတဲ့ ခလုတ်လေးတွေပါဝင်နေသေးတာပါပဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကားတစီးအတွင်းထဲကို ရောက်နေတယ် ဆိုတဲ့ခံစားချက်ကိုတော့ ပေးစွမ်းနိုင်ပါသေးတယ်။

Cybertruck မှာတော့ ဝင်လိုက်တာသာ ကားထဲကိုဖြစ်ပေမဲ့၊ သိပ္ပံဇာတ်ကားတွေထဲက ယာဉ်ပျံတစီးပေါ် ရောက်နေသလို ခံစားကြရပါလိမ့်မယ်။ အရာအားလုံးဟာ ရှင်းလင်းပြီး တမူထူးတဲ့ steering ၊ dashboard နဲ့ seats တွေကတော့ ခေတ်ရှေ့ကို ပြေးလှတဲ့ အသွင်အပြင်နဲ့ပါ။ ၁၇ လက်မရှိတဲ့ touchscreen မျက်နှာပြင်မှာလည်း ခလုတ်မပါ ရှင်းလင်းလို့နေမှာ အမှန်ပါပဲ။

0-60 ယှဉ်ဆွဲမယ်ဆိုရင်...

Motor သုံးလုံးနဲ့ Cybertruck ဟာ ရပ်နေတဲ့အနေအထားကနေ တနာရီ မိုင် ၆၀ အမြန်နှုန်းကိုရဖို့ ၂.၉ စက္ကန့်သာကြာမြင့်မယ်လို့ ကတိပြုထားပါတယ်။ Motor တွေကို သုံးလုံးကနေ နှစ်လုံး၊ နှစ်လုံးကနေ တလုံးလျော့ချလိုက်မယ်ဆိုရင်တော့ ဒီအမြန်နှုန်းမြှင့်တင်နိုင်စွမ်းက ကျသွားမှာဖြစ်ပြီး ၄.၅ စက္ကန့်အထိ ဆင်းသွားနိုင်ပါတယ်။ ဒါတောင်မှ တော်တော်မြန်နေသေးတယ်ဆိုရမယ်။ Towing capacity ကတော့ motor နှစ်လုံးနဲ့ဆိုရင် ပေါင် ၁၀,၀၀၀ ၊ motor တလုံးတည်းဆိုရင် ပေါင် ၇,၅၀၀ ဖြစ်ပါတယ်။

F-150 Lightning ကတော့ 0-60 ကို အချိန်ဘယ်လောက်နဲ့ ရောက်နိုင်မလဲဆိုတဲ့မေးခွန်းအတွက် လက်တွေ့ မစမ်းသပ်ရသေးပါဘူး။ ဒါပေမဲ့ အမေရိကသမ္မတကြီး Joe Biden ရဲ့ စမ်းသပ်မောင်းနှင်မှုအပြီး ခန့်မှန်းချက်ကတော့ ၄.၃ စက္ကန့်ဝန်းကျင်ပါတဲ့။ Towing capacity မှာတော့ F-150 Lightning ဟာ ပေါင် ၇,၇၀၀ လောက်အထိ ဆွဲနိုင်မယ်လို့ဆိုထားပါတယ်။ ဒါပေမဲ့ tri-motor နဲ့ F-150 Lightning မရှိသေးတဲ့အတွက် ဒီနှိုင်းယှဉ်မှုဟာ မျှတမှုမရှိသေးဘူးလို့ပဲ ဆိုရမှာပါ။

ဒါပေမဲ့ မြန်နှုန်းနဲ့ ပါဝါမှာ Cybertruck က F-150 Lightning ထက်ပိုသာနေတယ်ဆိုတာကတော့ အချက်အလက်တွေအရ ငြင်းစရာမဟုတ်တာ အသေအချာပါပဲ။

ဘက်ထရီနဲ့ ခရီးအကွာအဝေး

ဒီနေရာမှာလည်း Cybertruck ကပဲ အလေးသာနေပြန်ပါတယ်။ F-150 Lightning ရဲ့ အနိမ့်ဆုံးအဆင့်ဟာ အားတခါသွင်းပြီးရင် မိုင် ၂၃၀ အထိ မောင်းနှင်နိုင်ပါတယ်။ ပိုကောင်းတဲ့ F-150 Lightning ကတော့ မိုင် ၃၀၀ ပေါ့။ ဒါဟာ မဆိုးလှတဲ့ range လို့ဆိုရမှာပါ။

ဒါပေမဲ့ Cybertruck ရဲ့ entry-level ဟာ မိုင် ၂၅၀ အထိ မောင်းနှင်နိုင်စွမ်းရှိနေတယ်။ Dual-motor Cybertruck က မိုင် ၃၀၀ အထိမောင်းနှင်နိုင်ပြီး tri-motor ဆိုရင်တော့ ဘက်ထရီအားအပြည့်အနေအထားမှာ မိုင် ၅၀၀ အထိတောင်မှ မောင်းနှင်နိုင်မှာပါ။

အားသွင်းတဲ့အခါမှာရော ဘယ်သူသာမလဲ ကြည့်ကြည့်ပါဦး။ Cybertruck ဟာ 250-kW အမြန်နှုန်းနဲ့ Tesla ရဲ့ supercharging network ကနေအားသွင်းနိုင်မှာဖြစ်ပြီး ဘက်ထရီအား ၁၀% ကနေ ၈၀% ကိုရောက်ဖို့ ၄၄ မိနစ် ကြာမြင့်မှာဖြစ်တယ်။

F-150 Lightning ကတော့ 150-kW နဲ့ပဲအားသွင်းနိုင်မှာပါ။ ဒါပေမဲ့ သူလည်းမဆိုးဘူးလို့ ပြောချင်ပြောလို့ရတယ်။ ၁၅% ကနေ ၈၀% ကိုရောက်ဖို့ ၄၅ မိနစ်ပဲကြာတယ်။

အလိုအလျောက်မောင်းနှင်နိုင်စွမ်း

Tesla ရဲ့ Cybertruck ကတော့သိတဲ့အတိုင်း Autopilot နဲ့လာတာပါ။ ပိုကောင်းတဲ့ FSD (full self-driving) Autopilot ကိုလိုချင်ရင်တော့ ဒေါ်လာ ၁၀,၀၀၀ လောက်ပိုပေးရပါလိမ့်မယ်။ Standard အနေနဲ့ပါလာတဲ့ Autopilot ဟာ level 2 ဖြစ်ပြီး မျဉ်းတွေကြားမှာ steering ကိုလွှတ်ပြီးမောင်းလို့ရပါတယ်။ ဒါ့အပြင် smart cruise control ၊ lane-change suggestions နဲ့ blind-spot monitoring လည်းပါဝင်ပြီးသား။

FSD နဲ့ဆိုရင်တော့ ကားဟာ အဝေးပြေးလမ်းတွေမှာ သူ့ဘာသာ လမ်းညွှန်ပြီးမောင်းနိုင်ပါပြီ။ လမ်းကြောင်းပြောင်းတာ၊ မီးပွိုင့်မှာရပ်တာ၊ ဆိုင်းဘုတ်တွေကို ဖတ်ပြီး စည်းကမ်းအတိုင်းမောင်းတာ၊ ပါကင်ထိုးတာ အားလုံး အလိုအလျောက်ဖြစ်သွားပြီး ကားပိုင်ရှင်ရှိရာကိုပါ အလိုအလျောက် စက်နှိုးလာကြိုနိုင်တဲ့ အနေအထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် Tesla ကတော့ ဒီ features တွေပါဝင်ပေမဲ့ ကားမောင်းတဲ့သူဟာ steering ပေါ်မှာ လက်ကိုတင်ထားပြီး မျက်လုံးတွေက လမ်းကို ကြည့်နေဖို့တော့ လိုအပ်ပါတယ်တဲ့။

F-150 Lightning ကတော့ BlueCruise နဲ့ပါ။ BlueCruise ကိုတော့ ဒီနှစ်ထွက် Ford Mustang Mach-E မှာတွေ့မြင်ကြရပြီးသား။ Steering ရဲ့ acceleration ကို အလိုအလျောက်ထိန်းပေးပြီး မောင်းနှင်သူဟာ လက်ကိုင်ခွေပေါ်မှာ လက်တင်ထားစရာမလိုအပ်ပါဘူး။ Infrared camera ပါတဲ့အတွက် မောင်းနှင်သူဟာ လမ်းကို မကြည့်လည်းရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မောင်းနှင်သူဟာ ထိုင်ခုံကို လှန်ပြီး အိပ်မယ်ဆိုရင် ရကောင်းရနိုင်တယ်ဆိုပေမဲ့ သတိဆိုတာက ပိုတယ်လို့မရှိဘူးလို့ပဲ ဆိုပါရစေ။

Recap

ပြန် ချုပ်ပြောရရင်တော့ ဆောင်းပါးထဲမှာ ပါတဲ့အတိုင်းပါပဲ။ ခေတ်ရှေ့ပြေးပြီး စွမ်းဆောင်ရည်အမြင့်ဆုံးကို လိုချင်တဲ့သူတွေအတွက် Cybertruck ဟာ အသင့်တော်ဆုံးဖြစ်ပြီး လက်ယာယိမ်း အစဉ်အလာကြိုက်သူတွေအတွက်ကတော့ F-150 Lightning ဟာ အကောင်းဆုံးရွေးချယ်စရာလို့ အကောင်းဆုံးဆိုနိုင်မှာပါ။


Ref & Photos: Tesla Cybertruck vs. Ford F-150 Lightning: Which electric truck will win?

Author