2019 Lamborghini Urus Review (International)

0

Full article

Lamborghini ကထုတ်တဲ့ SUV ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ SSUV (Super Sports Utility Vehicle) လို့တောင် ခေါ်နေကြတာပါ။ SUV ကမ္ဘာထဲကို စူးနစ်ဝင်လာတဲ့ Lamborghini ရဲ့ ဒုတိယမြောက် SUV မြားတစ်စင်းလို့တောင်ဆိုနေကြပါတယ်။

အားသာချက်

  • SUV အမျိုးအစားတွေထဲမှာ အမြန်ဆုံးကားဖြစ်လာနိုင်
  • အကောင်းတကာ့ အကောင်းဆုံးပုံစံရှိ
  • လက်ရှိအချိန်တွင် ပြီးပြည့်စုံမှုအရှိဆုံး SUV ဖြစ်နေ

အားနည်းချက်

– တံခါးလက်ကိုင်လေးတွေက မဆိုသလောက် သေးနေခြင်း
– သာမန် SUV တွေထက် ဆီစားနှုန်းမြင့်မားခြင်း
– သာမန် SUV တွေထက် ဈေးနှုန်းမြင့်မားခြင်း

သုံးသပ်ချက်

ဒီကားနဲ့ နှိုင်းယှဉ်ကြည့်နိုင်တာက Audi ရဲ့ Q7 ၊ Bentley ရဲ့ Bentayga ၊ Porsche ရဲ့ Cayenne တို့ပဲရှိလိမ့်မယ်လို့ယူဆပါတယ်။ တကယ်တော့ Bentayga ဟာလည်း တော်တော်ကြီးကိုကောင်းတဲ့ကားတစ်စီးပါ။ 6.0-litre twin-turbo W12 နဲ့ Bentley Bentayga ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အမြန်ဆုံး SUV အဖြစ်လည်း စာရင်းဝင်ထားသူပါ။ သူ့နေရာကို Urus 2019 ဝင်ယူမလားဆိုတဲ့ တရားဝင်ထုတ်ပြန်မှုကတော့ မကြာမီလာတော့မှာ ဖြစ်တဲ့အတွက် စောင့်သာကြည့်ကြပါတော့။ တစ်ခုတော့ရှိတယ်။ Bentayga ဟာ စွမ်းဆောင်ရည်ထက်စာရင် ဇိမ်ကျကျ စီးနင်းဖို့ ပိုမိုအာရုံစိုက် ထုတ်လုပ်ထားတာ ဖြစ်တာကလည်း တစ်ကြောင်းပေါ့။ ဘာပဲဖြစ်ဖြစ် Lamborghini ကတော့ ကမ္ဘာ့အကောင်းဆုံး SUV ဆိုတဲ့ ဂုဏ်ပုဒ်ကို မျှော်လင့်နေတာဖြစ်တဲ့အတွက် ဒီလိုကားမျိုးဝယ်စီးဖို့ဆိုတဲ့နေရာမှာ ဘာမှ နောက်တွန့်နေစရာ အကြောင်းကို မရှိပါဘူး။
ကမ္ဘာ့အကောင်းဆုံး SUV ဆိုတဲ့ ဂုဏ်ပုဒ်အတွက် တိုင်းတာရမယ့် နည်းလမ်းတွေက ခြားနားမှုရှိနေနိုင်ပါတယ်။ ဒါပေမယ့် Urus 2019 ဟာ ကမ္ဘာ့အကောင်းဆုံး SUV တွေထဲက တစ်စီးဖြစ်နေတာကတော့ သေချာပါတယ်။ Lamborghini ကထုတ်တယ်ဆိုတဲ့အတိုင်း ဒီဇိုင်းပိုင်းအရကြည့်မလား၊ တိုင်းပြီးထုတ်လုပ်ထားသလိုမျိုး လူတိုင်းနဲ့ အံကိုက်ဖြစ်စေမယ့် အတွင်းခန်းကိုကြည့်မလား၊ ဘယ်သူမှ မယှဉ်နိုင်တဲ့ စွမ်းဆောင်ရည်ကိုကြည့်မလား ဒါမှဟုတ် ဒဏ္ဍာရီဆန်တဲ့ မောင်းနှင်မှုအတွေ့အကြုံရရှိမှုကိုကြည့်မလား၊ ဒီလိုအပိုင်းတွေမှာ Urus ဟာ ထိပ်ဆုံးရဲ့ အပေါ်မှာပဲ ရှိနေမှာပါ။
တကယ့်တကယ်တမ်း SUV တွေရဲ့ ပုံစံတွေက သိပ်ပြီး ကွဲပြားနေလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ခပ်ဆင်ဆင်ပုံတွေဖြစ်နေဖို့ကို လိုအပ်နေလို့ပါ။ ဒါတောင်မှာ Lamborghini ရဲ့ အပြင်ဒီဇိုင်းဟာ Bentley ရဲ့ Bentayga၊ Audi ရဲ့ Q7 စတာတွေနဲ့ တော်တော်ကြီးကို ကွဲထွက်လှပနေတာတွေ့ရပါတယ်။

အတွင်းခန်း

Sport type ပိုဆန်ပြီး အနည်းငယ်ပိုနိမ့်တဲ့ခေါင်ပါဝင်တဲ့ (Urus ဟာ Q7 ဒါမှမဟုတ် Bentayga ထက် 100mm ပိုနိမ့်ပါတယ်) SUV ကားတစ်စီးထဲကို ဝင်ထိုင်ကြည့်တာကိုပဲ စိတ်ကူးယဉ်ကြည့်လိုက်။ မောင်းနှင်မယ့်သူရော ထိုင်စီးမယ့်သူတွေပါ အမြင့်မှာနေပေမယ့် ထောင်ထောင် ထောင်ထောင် ဖြစ်မနေမှာတော့ သေချာပါတယ်။ Urus ရဲ့ ခေါင်အချိုးနိမ့်ဆင်းသွားတဲ့ပုံစံနဲ့ နောက်ဘီးကြောင့် မြင့်တက်လာတဲ့ စက်ဝန်းပြတ်ရဲ့နေရာလွတ်ဟာ အနုပညာမြောက် ဒီဇိုင်းတစ်ခုဖြစ်သလို နောက်ခုံမှာ ထိုင်စီးမယ့်သူတွေအတွက်လည်း ထိုင်ခုံတွေကြားထဲနစ်ဝင်သွားပြီး သက်သောင့်သက်သာဖြစ်စေဦးမှာပါ။
အရှေ့ခန်းမှာတော့ Lamborghini နဲ့အလှမ်းဝေးတဲ့ ယာဉ်မောင်းတွေအတွက် အာကာသယာဉ်ပျံထဲကိုများ မှားရောက်သွားသလားလို့ ထင်မှတ်မှားရလောက်စရာ အပြင်အဆင်နဲ့ရင်ဆိုင်ရမှာပါ။ ယာဉ်မောင်းသူထိုင်ခုံမှာ ဝင်ထိုင်လိုက်တဲ့အခါ ကိုင်းတစ်ကိုင်းအပေါ်နားတဲ့ ငှက်တစ်ကောင်လို့ မြင့်တက်တက်ဖြစ်မနေဘဲ ကြားလေမသွေးလောက်အောင် ကားနဲ့လူ တစ်သားတည်းဖြစ်တဲ့ပုံစံမျိုးနဲ့ ထိုင်ရမှာဖြစ်ပါတယ်။ ထိုင်ခုံတွေက ထိုင်ရတာ ဇိမ်ကျလှပါတယ်။ အသုံးပြုစရာ ကရိယာတွေကလည်း Huracan တို့ Aventador တို့လိုမျိုး များများစားစားရှုပ်ထွေးမနေဘဲ ပိုပြီး ချောချောမွေ့မွေ့ အဆင်သင့်အသုံးပြုနိုင်အောင် ပြင်ဆင်ပေးထားတာ တွေ့ရပေမယ့် သာမန်ယာဉ်မောင်းသူအနေနဲ့ဆိုရင်တော့ အသားကျချိန် နည်းနည်းယူရဦးမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ယာဉ်မောင်းသူကို ဝန်းရံနေမှာက အဆင့်မြင့်နည်းပညာတွေပဲ ဖြစ်နေလို့ပါ။ Starter ခလုတ်ကို flip cover ရဲ့အောက်မှာ တပ်ဆင်ပေးထားတာကတော့ အထာကျမှုတစ်ခုလို့ဆိုလို့ရပါတယ်။
ယာဉ်မောင်းသူရဲ့ နံဘေးမှာ Digital instrument cluster တစ်ခုလုံးရှိနေမှတော့ ဂျောက်ဂျက်တွေဘာတွေဆိုတာက ထည့်ပြောစရာမလိုလောက်အောင် အဝေးဆုံးမှာ ကျန်နေခဲ့ပါပြီ။ အလယ်တန်း အပေါ်မှာပါတဲ့ display မှာ ဂြိုဟ်တုလမ်းညွှန်၊ infotainment နဲ့ smartphones တွေနဲ့အလွယ်တကူချိတ်ဆက်နိုင်မှုတွေကလည်း ထည့်ပြောနေစရာမဟုတ်လောက်တော့ပါဘူး။ သူ့ရဲ့အောက်က screen မှာတော့ climate control တွေ၊ ထိုင်ခုံအပူပေးစနစ်တွေနဲ့ ကိုယ်သွားချင်တဲ့နေရာကို ကလစ်ထောက်ဆွဲချတဲ့နည်းထက်စာရင် စာနဲ့ရေးသားလိုတဲ့သူတွေအတွက် virtual writing pad ပုံစံမျိုးနဲ့ပါ အသုံးပြုနိုင်ပါတယ်။

လက်တွေ့ဆိုရင်

ဒီလိုမျိုး sporty အရမ်းဆန်တဲ့ ကားတစ်စီးရဲ့ boot ဟာ အရမ်းကြီးကျယ်လိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်ထားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Urus ရဲ့ boot ဝင်ဆံ့မှုဟာ ပုံမှန်အတိုင်းဆိုရင် 616-liters (နောက်ထိုင်ခုံတွေခေါက်လိုက်မယ်ဆိုရင် 1,596-liters) အထိရှိတဲ့အတွက် တကယ်ကို အထင်ကြီးစရာ ဒီဇိုင်းရေးဆွဲမှုတစ်ခုဖြစ်ပြီး လက်တွေ့ကျလှတဲ့ SSUV ပါပဲ။
ပြောရမယ်ဆိုရင် Lamborghini ဖြစ်လို့ ဈေးနှုန်းကြီးမြင့်တာမဟုတ်ပါဘူး။ တကယ်လည်း စွယ်စုံအသုံးပြုနိုင်သလို အသုံးပြုရာမှာလည်း ချောချောမွေ့မွေ့ အသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ SUV ပါ။ စွမ်းဆောင်ရည်ကလည်း မြင့်မှမြင့်။ သက်သောင့်သက်သာရှိမှုကလည်း သူတို့ရဲ့ အတွင်းခန်း ဒီဇိုင်းဖန်တီးသူတွေကို အထူးချီးကျူးထိုက်လောက်အောင်ကို ပြည့်ဝမှုရှိတဲ့အတွက် သူ့ဈေးနှုန်းအတိုင်းဝယ်စီးနိုင်တဲ့သူမှန်သမျှ ဝယ်စီးထိုက်လောက်အောင်ကို ထိုက်တန်တယ်လို့ပဲ ဆိုပါရစေ။

မောင်းနှင်မှု

Lamborghini အမှတ်တံဆိပ်နဲ့အတူ မောင်းနှင်မှုအပိုင်းကို ကြည့်မယ်ဆိုရင်လည်း ထိုက်တန်မှုဆိုတာကိုပဲ တွေ့ရမှာပါပဲ။ V10 ဒါမှမဟုတ် V12 အင်ဂျင်တပ်ဆင်ပေးခြင်းမရှိတာကတော့ စိတ်မကောင်းစရာပါလို့ ပြောပါရစေ။ ဒါပေမယ့် အသုံးပြုထားတဲ့ 4.0-litre twin-turbo V8 အင်ဂျင်ဟာ 641hp အထိ စွမ်းအားထုတ်လုပ်နိုင်တဲ့အတွက် SUV အမျိုးအစားကားတွေထဲမှာတော့ အကောင်းဆုံးထဲက တစ်ခုပါပဲ။ တော်တော်မြန်တယ်ဆိုတဲ့ Bentayga ရဲ့ W12 အင်ဂျင်ကတောင် 600hp အထိပဲထွက်တာပါ။ Urus ရဲ့ ပုံစံအချိုးဟာလည်း ထွက်ရှိတဲ့ စွမ်းအားနဲ့လိုက်ဖက်ညီတဲ့အတွက် အမြန်ဆုံး SUV ဆိုတဲ့ ဂုဏ်ပုဒ်ကို ကြိုတင်ရရှိနေတာလည်း ဖြစ်နိုင်ပါတယ်။

Four-wheel steering (ယာဉ်မောင်းသူမှ ချိုးကွေ့မှုပြုလုပ်ချိန်တွင် ဘီး ၄ ဘီးစလုံး တစ်ပြိုက်နက် အလုပ်လုပ်ပြီး နောက်ဘီးများကမူ လူ၏ချိုးကွေ့မှုတိုက်ရိုက်သက်ရောက်သည့် အရှေ့ဘီးများကဲ့သို့ ချိုးကွေ့ရာတွင် ဒီဂရီများစွာချိုးကွေ့ခြင်းမပြုလုပ်ဘဲ ကွန်ပြူတာနှင့် actutaors များမှ ထိန်းကျောင်းသည့်စနစ်) အနေနဲ့ပြောရမယ်ဆိုရင် အနောက်တွေဟာ ၃˚ + ဒါမှမဟုတ် – ချိုးကွေ့လို့ရပါတယ်။ အဓိပ္ပါယ်ကတော့ အမြန်နှုန်းအနှေးနဲ့ မောင်းတဲ့အချိန်မျိုးမှာ အရှေ့ဘီးရဲ့ချိုးကွေ့မှုလားရာကို ပြောင်းပြန်အနေအထားချိုးကွေ့ပေးခြင်းအားဖြင့် တအားကြပ်တဲ့ ပါကင်မျိုးကို လွယ်လွယ်ကူကူ ထိုးလို့ရနိုင်တဲ့ ထူးခြားမှုမျိုးကို ရရှိစေနိုင်ပါတယ်။ အရှိန်မြင့်မောင်းတဲ့အခြေအနေမျိုးမှာတော့ အရှေ့ဘီးချိုးကွေ့မှုရဲ့ လားရာတူကို ချိုးကွေ့ခြင်းအားဖြင့် မြင့်မားတဲ့အရှိန်မှာ တည်ငြိမ် အားပါတဲ့ ချိုးကွေ့မှုမျိုးကို ရရှိစေပါတယ်။ Steering ကတော့ တင်းလည်းမတင်း၊ လျော့လည်းမလျော့ အလော်တော်ဖြစ်အောင် အတိအကျပြုလုပ်ပေးထားနိုင်တဲ့အတွက် ဒါဟာလည်း လေးစားလောက်စရာ ဖန်တီးမှုလို့ပြောလို့ရပါတယ်။
Suspension တွေအနေနဲ့ကလည်း အပြစ်ဆိုစရာ မရှိလှဘူး။ တည်ငြိမ်မှု၊ ညင်သာမှုနဲ့ ခိုင်မာမှု အပြည့်ရှိတဲ့ အောက်ပိုင်းပါ။ Ground clearance အနေနဲ့ကတော့ အများဆုံး ၉.၈ လက်မ အထိ ရရှိနိုင်တဲ့အတွက် off-road တွေမှာရော လမ်းရဲ့ချောမွေ့မှုနည်းပါးတဲ့ မြို့တွင်းတွေမှာပါ ချိုင့်တွေ ကမူတွေကိုမျက်လုံးဖြဲပြီး မောင်းနေစရာမလိုတော့ပါဘူး။
တာယာအပိုင်းကိုပြောရမယ်ဆိုရင် Urus မှာက standard တာယာအဖြစ် Pirelli P Zeros တွေတပ်ဆင်ပေးထားပါတယ်။ Off-road တွေအတွက်ဆိုရင်တော့ Pirelli Scorpions ကိုရွေးချယ်နိုင်ပါတယ်။
အမြင့်ဆုံးအမြန်နှုန်းအနေနဲ့ 0-100 km/h ရောက်ဖို့ ၃.၆ စက္ကန့်သာလိုပါတယ်။ တစ်နာရီကို ၃ဝ၅ ကီလိုမီတာအထိတင်မောင်းလို့ရတဲ့ ရှားရှားပါးပါး SUV တစ်စီးရယ်ပါ။
မောင်းနှင်မှုနဲ့ပတ်သက်ပြီး ချုပ်ပြောရမယ်ဆိုရင် အမြန်ဆုံး အကောင်းဆုံး SUV ကို မောင်းနှင်မယ်ဆိုရင်တော့ Urus ကိုသာရွေးချယ်ပါ။ ဈေးတော့ကြီးပါလိမ့်မယ်။ အနိမ့်ဆုံး ဒေါ်လာ ၂ သိန်းလောက်တန်ဖိုးရှိပါလိမ့်မယ်။

အချက်အလက်တွေ

Engine Name : V8 Turbo 4.0 Litre
Transmission : 8 Speed Automatic with Manual Mode
Trim : Base
Class : Luxury Utility
Horsepower : 641@6000
Standard MPG : 12 City/ 17 Hwy
Body Style : SUV/Crossover
Drivetrain : AWD
Fuel Type : Unleaded Premium
Seating Capacity : 4

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်) Ref: TopGear/CarBuzz

Author