- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကမ္ဘာကျော်သူဌေးကြီး Warren Buffett ကျောထောက်နောက်ခံပေးထားသော တရုတ်ထိပ်သီး EV ကုမ္ပဏီ BYD က ၎င်းတို့၏ ကုမ္ပဏီရှယ်ယာများကို ပြန်လည် ဝယ်ယူလျက်ရှိ
ကမ္ဘာကျော်သူဌေးကြီး Warren Buffett ကျောထောက်နောက်ခံပေးထားသော တရုတ်ထိပ်သီး EV ကုမ္ပဏီ BYD က ၎င်းတို့၏ ကုမ္ပဏီရှယ်ယာများကို ပြန်လည် ဝယ်ယူလျက်ရှိ
- 155 views
ကမ္ဘာကျော်သူဌေးကြီး Warren Buffett ကျောထောက်နောက်ခံပေးထားသော တရုတ်ထိပ်သီး EV ကုမ္ပဏီ BYD သည် ၎င်းတို့၏ ကုမ္ပဏီရှယ်ယာ ယွမ်ငွေ သန်း ၂၀၀ (ကန်ဒေါ်လာ ၂၈ ဒသမ ၈ သန်း) ဖိုးကို ပြန်လည် ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း Business Insider သတင်းတစ်ရပ်တွင် ဖော်ပြသည်။
၂၀၂၃ ခုနှစ်အတွင်း ကုမ္ပဏီရှယ်ယာဈေးများ ကျဆင်းမှုကို ကုစားရန် ကြိုးစားလာခြင်းလည်း ဖြစ်သည်။
ရှန်ကျန်းစတော့အိပ်ချိန်းသို့ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က BYD ၏ ဥက္ကဌ ဝမ်ချန်းဖူက ထုတ်ပြန်ခဲ့ရာတွင် ယခုကဲ့သို့ ရှယ်ယာပြန်လည် ဝယ်ယူခြင်းမှာ ကုမ္ပဏီ၏ ရှယ်ယာရှင်များ ဘေးကင်းစေရန် ၊ ရင်းနှီးမြှုပ်နှံသူတို့ ယုံကြည်မှု မြှင့်တင်ပေးရန်နှင့် BYD ၏ တန်ဖိုး တည်ငြိမ်မှု ရစေရန် ရည်ရွယ်ကြောင်း ထုတ်ပြန်သည်။
BYD သည် ကမ္ဘာတစ်ဝန်း EV အများဆုံး ရောင်းရသူအဖြစ် Tesla ကို ဖြတ်ကျော်ရန် နီးကပ်နေပြီ ဖြစ်သည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် အဆုံးသတ်သော ၃ လပတ်ကာလအတွင်း BYD ၏ EV ရောင်းချရမှုမှာ Tesla အောက် အစင်းရေ ၃၀၀၀ သာ နည်းပါးသည်။
သို့သော် တရုတ်ပြည်၏ ယိမ်းယိုင်နေသော စီးပွားရေးအခြေအနေကြောင့် BYD ၏ အနာဂတ် ကားဝယ်လိုအား ထိခိုက်နိုင်မည့် အလားအလာအပေါ် ရတက်မအေးဖြစ်မှုများကြောင့် BYD ၏ ရှယ်ယာဈေးနှုန်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
ထို့အပြင် BYD က XPeng နှင့် EV နယ်သို့ အသစ်ဝင်ရောက်လာသော Huawei တို့ကဲ့သို့ ပြည်တွင်းပြိုင်ဘက် များနှင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်ရန် ၎င်း၏ ကားဈေးနှုန်းများကို များစွာလျှော့ချပေးခဲ့သည်။
ဈေးကွက်သုတေသီအချို့က သုံးသပ်သည်မှာ ထိုသို့လုပ်ဆောင်ခြင်းမှာ ရောင်းအားမြှင့်တင်နိုင်လျှင်သော်မှ အမြတ်အစွန်းကျဆင်းနိုင်ကြောင်း သုံးသပ်ကြသည်။
ရင်းနှီးမြှုပ်နှံသူတို့မှာ BYD က ရှယ်ယာများ ပြန်လည်ဝယ်ယူမှုကြောင့် ၎င်းတို့၏ သောကများ ပြယ်လွင့်သွား ဟန် ရသည်။
ထိုသို့လုပ်ဆောင်မှုကြောင့် ရှန်ကျန်းမြို့ ရှယ်ယာဈေးကွက်တွင် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က BYD ၏ ရှယ်ယာများ ၂ ဒသမ ၆ ရာခိုင်နှုန်း ဈေးတက်သွားခဲ့ပြီး ဟောင်ကောင်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း ရှယ်ယာဈေး မြင့်တက်ခဲ့ ကြောင်း Refinitiv ၏ အချက်အလက်များတွင် ဖော်ပြသည်။
Warren Buffett ၏ ကုမ္ပဏီ Berkshire Hathaway က ၂၀၂၂ ခုနှစ် ၊ သြဂုတ်လကတည်းက BYD မှ ၎င်းတို့၏ ရှယ်ယာကို ၆၀ ရာခိုင်နှုန်း လျှော့ချခဲ့သည်။
ယခုနှစ်အစောပိုင်းတွင် Warren Buffett နှင့် ၎င်း၏ ဒုဥက္ကဌ ချာလီမန်ဂါတို့က အရိပ်အမြွက် ထုတ်ဖော် ပြောကြားသည်မှာ BYD တွင် ရှယ်ယာလျှော့ချခဲ့ခြင်း၏ အကြောင်းရင်းတစ်ခုမှာ Tesla ၊ စီအီးအိုဖြစ်သူ Elon Musk နှင့် ထိပ်တိုက်ရင်မဆိုင်လိုသောကြောင့်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။
“ကျွန်တော်တို့ Elon Musk နဲ့ အကြောင်းရပ်အများကြီးမှာ ပြိုင်မနေချင်ပါဘူး”ဟု Buffett က Berkshire ၏ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အရှုံးတွေ အများကြီး မလိုချင်ပါဘူး”ဟု ချာလီမန်ဂါက ဖြည့်စွက်ပြောကြားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: A Chinese Tesla rival, backed by Warren Buffett, is buying back its own shares to stop a stock-market slump (markets)