စက်သုံးဆီအရောင်းဆိုင်များသို့ ပုံမှန်အနေအထားအတိုင်း ဆီလုံလောက်စွာရောင်းချထားပေးပြီးဖြစ်

  • 223 views

 

ပြည်တွင်းက စက်သုံးဆီအရောင်းဆိုင်တွေကို စက်သုံးဆီတွေ လုံလုံလောက်လောက် ရောင်းချထားပေးပြီးဖြစ် လို့ ရက်ပိုင်းအတွင်းမှာ ပုံမှန်အနေအထားအတိုင်း ပြန်လည်ရောက်ရှိတော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊သိုလှောင် ဖြန့်ဖြူး၊ ရောင်းချရေးအသင်းမှ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ စက်သုံးဆီအရောင်းဆိုင် (၁၄၆)ဆိုင်ရှိပြီး ပွင့်လင်းရာသီဖြစ်လို့ အရင်နဲ့မတူဘဲ စက်သုံးဆီ သုံးစွဲမှုဝယ်လိုအား မြင့်တက်ခဲ့တယ်လို့ လည်းဆိုပါတယ်။

ဒါ့အပြင် မော်တော်ဆိုင်ကယ်၊ လယ်ယာသုံးစက်ကိရိယာများ၊ အခြားစက်သုံးဆီထည့်ပြီး သုံးစွဲရတဲ့ လုပ်ငန်းတွေကြောင့် စက်သုံးဆီဝယ်လိုအား သိသိသာသာ မြင့်တက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ စက်သုံးဆီ ပြတ်တောက်မှာကို စိုးရိမ်တဲ့ ပြည်သူတွေအနေနဲ့လည်း လိုအပ်တာထက် ပိုမိုဝယ်ယူတာကြောင့် ဝယ်လိုအားများခဲ့တယ်လို့  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင် ဖြန့်ဖြူး၊ရောင်းချရေးအသင်းမှ ဆိုပါတယ်။

လက်ရှိမှာ တရားမဝင် စက်သုံးဆီရောင်းချမှုတွေကို ကန့်သတ်ထားပြီး ဂါလံ(၅၀)အထက် ဆီသိုလှောင်၊ သယ်ယူသူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ သီလဝါစက်မှုဇုန်နဲ့ မြန်မာ့ပင်လယ်ဝမှာတော့ စက်သုံးဆီတင် သင်္ဘောတွေဆီချဖို့ စောင့်ဆိုင်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com