EV မော်တော်ယာဉ် အစီးရေ (၇၉)စီး မြန်မာ့စက်မှုဆိပ်ကမ်းနှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းသို့ရောက်ရှိလာ

  • 101 views

 

တရုတ်နိုင်ငံထုတ် BYD ATTO 3 EV မော်တော်ယာဉ် (၁၄)စီး နဲ့ FAW Toyota BZ4X1 (၁၅)စီးတို့ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)ကို ရောက်ရှိလာတဲ့အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။

ဒါ့အပြင် Toyota BZ4X အစီး (၅၀)ဟာလည်း ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port-RG)ကို ရောက်ရှိလာတဲ့အတွက် တင်သွင်းလာတဲ့ သက်ဆိုင်ရာကုမ္ပဏီကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့လည်း အကောက်ခွန်ဦးစီးဌာနမှာ ဖော်ပြထားပါတယ်။ အဆိုပါ EV မော်တော်ယာဉ်တွေဟာ အမျိုးသားအဆင့် လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းလာတာဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။

လတ်တလော ရန်ကုန်ကားဈေးကွက်မှာ EV ကားတွေဟာ အရောင်းအဝယ်ဖြစ်နေပေမယ့် ငွေကျပ်သိန်း(၂၀၀)ဝန်းကျင်လောက် ဈေးကျသွားတယ်လို့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချ ရေး လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ အရင်က ကျပ်သိန်း(၁၇၀၀)ကျော် ပေါက်ဈေးရှိခဲ့တဲ့ EV ကားတွေဟာ အခုလက်ရှိမှာ ကျပ်သိန်း(၁၅၀၀)ဝန်းကျင်အထိသာ ပေါက်ဈေးရှိတော့တယ်လို့ အဲဒီအသင်းကနေ သိရပါတယ်။

ဒါ့အပြင် လောင်စာဆီသုံး (ICE) ကားဈေးကွက်ထဲမှာတော့ မော်ဒယ်မြင့် အိမ်စီးကားတွေ အရောင်းအဝယ် တည်ငြိမ်နေပြီး ကျပ်သိန်း(၁၀၀၀)အောက် ကားတွေသာ အရောင်းအဝယ်ပိုများနေတယ်လို့လည်း ဆိုပါတယ်။ ကျပ်သိန်း(၂၀၀၀ )အောက် အိမ်စီးကားတွေဟာ အရောင်းအဝယ်တည်ငြိမ်နေပြီး သိန်း(၁၀၀၀၀)အထက် အင်ဂျင်ကားတွေဟာဆိုရင် အရောင်းအဝယ်အေးနေတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com