- ပင်မစာမျက်နှာ
- ကားသတင်းများ
- [ သင် မွဲလိုပါသလား…Bugatti Bolide ကို စီးပါ ] ၃၆ မိုင်မောင်းပြီးတိုင်း ကားတာယာတစ်စုံလုံး လဲရတဲ့ Bugatti Bolide ပြိုင်ကား၊ တာယာတစ်စုံလျှင် ဒေါ်လာ ၈၀၀၀ ခန့် တန်ကြေးရှိ
[ သင် မွဲလိုပါသလား…Bugatti Bolide ကို စီးပါ ] ၃၆ မိုင်မောင်းပြီးတိုင်း ကားတာယာတစ်စုံလုံး လဲရတဲ့ Bugatti Bolide ပြိုင်ကား၊ တာယာတစ်စုံလျှင် ဒေါ်လာ ၈၀၀၀ ခန့် တန်ကြေးရှိ
- 1790 views
ကမ္ဘာပေါ်တွင် Bugatti ပြိုင်ကားစီးနိုင်သူ အနည်းငယ်သာရှိသည်။
ထို့ထက်ပို၍ ထိုကား၏ ကရိကထများသည့်ဒဏ်ကို ခံနိုင်သူမှာ ပိုမိုနည်းပါးမည်ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို လေ့လာကြည့်ကြပါစို့။
Bugatti Bolide သည် ကားပြိုင်ကွင်းများတွင်သာ မောင်းခွင့်ရှိသော မော်တော်ကား အမျိုးအစားဖြစ်ပြီး အများပြည်သူသုံး လမ်းများပေါ်တွင် မောင်းနှင်ခွင့်မရှိချေ။ထို့အပြင် ကားမောင်းမည်ဆိုပြီး မော်တော်ကားပေါ်သို့ အသင့်တက်၍ မောင်းထွက်မရချေ။ကားမထွက်မီ ကားကိုစစ်ဆေးရမည့် ကိစ္စများစွာရှိနေသည်။
ကားပြိုင်ကွင်းသို့ရောက်ကာ သင်၏ကားမှ W16 အင်ဂျင်ကို စက်နှိုးကာ မောင်းထွက်ပြီးနောက် ၅၇ မိုင် မောင်းပြီးချိန်တွင် တိုင်ကီထဲ၌ ဆီမရှိတော့သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။၃ မိုင်မောင်းလျှင် ၁ ဂါလံကုန်သည်။ဆီတိုင်ကီ၏ ဝင်ဆံ့မှုမှာ ၁၉ ဂါလံ ဖြစ်သည်။အသုံးပြုရမည့်ဆီမှာလည်း 110 octane ပြိုင်ကားဆီ ဖြစ်သည်။
Bolide မော်တော်ကားကိုဝယ်လျှင် ကားတာယာ ၂ စုံပါလာမည်ဖြစ်သည်။တာယာပြောင် အမျိုးအစား Michelin တာယာသုံးရမည်ဖြစ်ကာ ၃၆ မိုင်မောင်းပြီးတိုင်း တာယာတစ်စုံလုံး လဲလှယ်ရမည်ဖြစ်သည်။ အဆိုပါတာယာသစ်တစ်စုံ၏ ဈေးနှုန်းမှာဒေါ်လာ ၈၀၀၀ ဖြစ်သည်။ကားကိုမမောင်းနှင်ဘဲ ဂိုဒေါင်ထဲတွင်သာ သိမ်းထားမည်ဆိုလျှင်ပင် ငါးနှစ်တစ်ကြိမ် တာယာအားလုံး လဲလှယ်ရမည်ဖြစ်သည်။ သတ်မှတ်သက်တမ်းရောက်တိုင်း လဲလှယ်ရမည့် အခြားပစ္စည်းများမှာ ထိုင်ခုံ ခါးပတ်များ၊ မီးသတ်ဘူးများနှင့် fuel bladder တို့ပါဝင်သည်။
((■ ကြောက်မက်ဖွယ် ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်များ))
► ၁။ တာယာ လဲလှယ်မှုကုန်ကျစရိတ်- ၃၆ မိုင်မောင်းတိုင်း ဒေါ်လာ ၈၀၀၀
Michelin ပြိုင်ကား တာယာပြောင်မှာ ၃၆ မိုင်သာ မောင်းနိုင် (မမောင်းဘဲ ထားလျှင်ပင် ၅ နှစ်ကြာလျှင် လဲလှယ်ရ)
တာယာတစ်စုံလျှင် ဒေါ်လာ ၈၀၀၀ ဖြစ်သောကြောင့် ကားတာယာတစ်မျိုးတည်းအတွက် တစ်မိုင်မောင်းနှင်မှု ကုန်ကျစရိတ်မှာ ၂၂၂ ဒေါ်လာ ကျသင့်သည်။ဤကားဖြင့် မိုင် ၁၀၀၀ စီးမည်ဆိုလျှင် တာယာဖိုးချည်း ဒေါ်လာ ၂၂၂၀၀၀ ကျသင့်မည် ဖြစ်သည်။
► ၂။ လောင်စာဆီအတွက် ကုန်ကျမှု (110 Octane ပြိုင်ကားဆီ ၁ ဂါလံလျှင် ၃ မိုင်သာ စီးနိုင်သည်)
ဆီတိုင်ကီမှာ ၁၉ ဂါလံ ဆန့်သောကြောင့် ဆီအပြည့်ထည့်ထားလျှင် ၅၇ မိုင် မောင်းနိုင်မည် ဖြစ်သည်။110 Octane ဆီ ၁ ဂါလံလျှင် ၁၀ ဒေါ်လာဖြစ်ရာ ဆီအပြည့်ထည့်လျှင် ဒေါ်လာ ၁၉၀ ကုန်ကျမည်ဖြစ်သည်။ (ဆီတိုင်ကီ အပြည့်ထည့်ထားလျှင်ပင် ကားမောင်းနိုင်မှု ကြာချိန်မှာ ၁ နာရီ မပြည့်ချေ။)ထို့ကြောင့် ၁ မိုင်လျှင် ဆီဖိုး ၃ ဒသမ ၃၃ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ (သို့သော် Bugatti Bolide ၏ အဓိက ကုန်ကျစရိတ်မှာ တာယာဖိုး ဖြစ်သည်)
► Bugatti Bolide ပိုင်ရှင်အတွက် စုစုပေါင်း ကုန်ကျစရိတ်များ
မိုင် ၅၀၀ မောင်းနှင်မှုအတွက် တာယာ+ ဆီဖိုး သက်သက် ကုန်ကျစရိတ်ကို လေ့လာကြည့်မည်ဆိုလျှင်
မိုင် ၅၀၀ အတွက် -
တာယာ ၁၄ စုံ (ဒေါ်လာ ၁၁၂၀၀၀)
ဆီဖိုး ( ဆီတိုင်ကီအပြည့် ၉ ကြိမ်- ဒေါ်လာ ၁၇၁၀)
စုစုပေါင်း- ဒေါ်လာ ၁၁၃၇၁၀ (အခြား ပစ္စည်းအစိတ်အပိုင်းများလဲလှယ်ရမှု၊ ဝန်ဆောင်မှုစရိတ် အစရှိသည်တို့ မပါသေး)
► မည်သူ တတ်နိုင်မည်နည်း
Bugatti Bolide အစင်း ၄၀ သာ ထုတ်လုပ်ထားပြီး တစ်စင်းလျှင် ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းခန့် တန်ကြေးရှိသည်။ပိုင်ရှင်အနေဖြင့် နှစ်စဉ်ထိန်းသိမ်းမွမ်းမံမှု ကုန်ကျစရိတ် ဒေါ်လာ ၂၀၀၀၀၀ အထက် ကုန်ကျမည် ဖြစ်သည်။ဤကားသည် ၃၆ မိုင်မောင်းပြီးတိုင်း ကုန်ကျရမည့် ဒေါ်လာ ၈၀၀၀ ကို လဘက်ရည်ဖိုးလောက်သာ သဘောထားသည့် ဘီလျံနာ သူဌေးကြီးများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။
ထိုမျှလောက် ကျိကျိတက် မချမ်းသာသူတစ်ဦးအနေဖြင့် Bugatti Bolide တစ်စင်းဝယ်မိပါက ကားတာယာဖိုးနှင့်ပင် ဒေဝါလီခံသွားရနိုင်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Bolide needs a tire change every 36 miles; A new set costs $8000!