• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်တွင် ယွမ် ၁ ဒသမ ၅ သန်းခန့် တန်ကြေးရှိသော Range Rover တစ်စင်းကို မုန့်တွန်းလှည်းဆိုင်က တိုက်ကာခြစ်မိသွားရာ ကားပိုင်ရှင်က ပန်ကိတ် အချို့သာ လျော်ကြေးတောင်းသည့်အပေါ် လူမှုကွန်ရက်သုံးစွဲသူတို့က ကားပိုင်ရှင်ကို ချီးကျူးလျက်ရှိ

တရုတ်ပြည်တွင် ယွမ် ၁ ဒသမ ၅ သန်းခန့် တန်ကြေးရှိသော Range Rover တစ်စင်းကို မုန့်တွန်းလှည်းဆိုင်က တိုက်ကာခြစ်မိသွားရာ ကားပိုင်ရှင်က ပန်ကိတ် အချို့သာ လျော်ကြေးတောင်းသည့်အပေါ် လူမှုကွန်ရက်သုံးစွဲသူတို့က ကားပိုင်ရှင်ကို ချီးကျူးလျက်ရှိ

  • 431 views

e7fea9e5-8e7b-4606-a044-e8062051da09_7b3340e6-(1).jpg

တရုတ်ပြည်တွင် တွန်းလှည်းဖြင့် ပန်ကိတ်ရောင်းသော မုန့်သည်တစ်ဦးက ယွမ် ၁ ဒသမ ၄ သန်း (ကန်ဒေါ်လာ ၁၉၀,၀၀၀) တန်ကြေးရှိ Range Rover ဝင်တိုက်ကာ ခြစ်မိခဲ့ရာတွင် ကားပိုင်ရှင်က ကြက်ဥပန်ကိတ် ၁၅ ခုသာ လျော်ကြေးတောင်းခဲ့သည့်ဖြစ်ရပ်မှာ တရုတ်ပြည်မကြီး လူမှုကွန်ရက် သုံးစွဲသူတို့အကြား ပျံ့နှံ့သတင်းကြီးနေပြီး ကားပိုင်ရှင်ကို ချီးကျူးလျက်ရှိသည်။

ကားပိုင်ရှင်မှာ မျိုးရိုးအမည် ယန်ဟု အမည်ရပြီး တရုတ်ပြည် အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်၊ ရှန်းယန်မြို့တွင် နေထိုင်သူ ဖြစ်သည်။၎င်းက ပြောသည်မှာ မိမိ၏ကားကို ဇနီးမောင်နှံ ၂ ဦးရောင်းချသော မုန့်တွန်းလှည်းတစ်ခုက ဝင်တိုက်ကာ ခြစ်မိခဲ့ပြီး အစင်းရာများဖြစ်ပေါ်ခဲ့ကြောင်း ပြောသည်။

“ဈေးတွန်းလှည်းကို သူ့ရဲ့ အမျိုးသမီးက တွန်းတာပါ။ သူက တွန်းလှည်းပြန်ကွေ့တာမှာ ကားနဲ့ အကွာအဝေး အချိန်အဆ လွဲသွားပြီး ကျွန်တော့်ကားကို တိုက်မိခြစ်မိသွားပါတယ်” ဟု ယန်က Yangtse Evening Post သတင်းဌာနသို့ ပြောသည်။“သူ ဝင်တိုက်လိုက်တဲ့ကားက ဘယ်လိုကားမျိုးဆိုတာ သိပုံမရပါဘူး။ သူ့ယောက်ျားကိုပဲ သူက လှမ်းခေါ်တယ်”

ထိုသို့ တွန်းလှည်းဖြင့်တိုက်မိကာ အစင်းရာဖြစ်ပေါ်ခဲ့ပြီးနောက် ယန်က ကားအရောင်းစင်တာသို့ ဖုန်းဆက် ပြောကြားခဲ့ရာတွင် ပြန်လည်ပြင်ဆင်စရိတ် ယွမ် ၃၀၀၀ (ကန်ဒေါ်လာ ၄၁၀ ) ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

 

c7e9d526-f40c-4c7a-a7dc-28470f6deeec_76b27fd1.jpg

(▲ Range Rover ကို မုန့်တွန်းလှည်းက ဝင်တိုက်ခဲ့သောကြောင့် အစင်းရာအနည်းငယ်ဖြစ်ပေါ်သွားခဲ့သည်။ ဓာတ်ပုံ-Handout)

မုန့်တွန်းလှည်းဈေးသည်အမျိုးသားကြီးမှာ မျိုးရိုးအမည် ကျန်းဟု အမည်ရသည်။ကျန်းက ၎င်းအနေဖြင့် အဆိုပါပြင်ဆင်စရိတ်ကို မတတ်နိုင်ကြောင်း ပြောသည်။

“ကျွန်တော်နောက်ပိုင်းမှာ သိလာတာက ဒီလင်မယားက အသက် ၅၀ ကျော်အရွယ်တွေ ရှိပါပြီ။ သက်ကြီးရွယ်အို မိဘတွေနဲ့ ကလေးတွေကို ရှာကျွေးနေရတာပါ။ ဒီကားပြင်စရိတ်က သူတို့အတွက် မနိုင်ဝန်တစ်ခု ဖြစ်ပါလိမ့်မယ်။” ဟု ကားပိုင်ရှင်က ပြောသည်။

“သူတို့က တစ်နိုင်တစ်ပိုင် အလုပ်ကလေးလုပ်ပြီး ခက်ခက်ခဲခဲ ရုန်းကန်နေရတာပါ။ ယောက်ျားဖြစ်သူက ကျွန်တော့်ကို မေးတယ်…ဒါကိုလျော်ပေးဖို့ တခြားနည်းလမ်းမရှိဘူးလားလို့ မေးပါတယ်။ ဒါကြောင့် သူတို့ကို ပြောလိုက်တယ်…ကြက်ဥပန်ကိတ်တချို့ပဲပေးပါ…လို့ ပြောလိုက်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“အဲဒီမှာ ကျန်းက ပြောတာက…အခုချိန်ကစပြီး ဆရာကြီးနဲ့ မိတ်ဆွေသူငယ်ချင်းတွေ ကျွန်တော့်ဆီမှာ ကြက်ဥပန်ကိတ်တွေ ကြိုက်သလောက် အခမဲ့စားလို့ရပါတယ်..တဲ့။ ဒါပေမယ့် ကျွန်တော်က သူ့အပေါ် အခွင့်အရေးမယူချင်တာကြောင့် ကြက်ဥပန်ကိတ် ၁၅ ခုပဲကျွေးဖို့ ပြောခဲ့ပါတယ်” ဟု ယန်က ပြောသည်။

တရုတ်ပြည်တွင် ကြက်ဥပန်ကိတ်မှာ နာမည်အကြီးဆုံး လမ်းဘေးအစားအစာများတွင် တစ်ခုအပါအဝင် ဖြစ်ပြီး မနက်စာအဖြစ် စားကြသည်။ကြက်ဥပန်ကိတ်တွင် ကြက်ဥ၊ ကြက်သား၊ ဝက်သား၊ အာလူးနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်လေ့ရှိသည်။ဈေးနှုန်းမှာ ပန်ကိတ်တစ်ခုလျှင် ၁၀ ယွမ် (၁ ဒသမ ၄ ဒေါ်လာ) အောက်သာ ရှိသည်။
အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်တွင် တွေ့မြင်ရမှုအရ မုန့်ဆိုင်ရှင် ကျန်းသည် ကားပိုင်ရှင်၏ သဘောထားကြီးမှုကို သိလိုက်ရချိန်တွင် ရှက်ကိုးရှက်ကန်းဖြစ်သွားပုံကို တွေ့ရသည်။၎င်းက ကားပိုင်ရှင်ယန်ကို ၉၉ ယွမ် ငွေလွှဲပေးမည်ဟု အခိုင်အမာပြောခဲ့ပြီး ထပ်ဖန်တလဲလဲ ကျေးဇူးစကား ဆိုနေခဲ့သည်။

ကျန်းက Xiaoxiang Morning Herald သတင်းဌာနသို့ ပြောသည်မှာ မိမိနှင့်ဇနီးဖြစ်သူတို့မှာ ဤပတ်ဝန်းကျင်တွင် မုန့်ရောင်းနေသည်မှာ ၇ နှစ်ခန့်ရှိပြီဖြစ်ပြီး ယခင်က ယန်နှင့် တစ်ကြိမ်မှ မဆုံဖူးကြောင်း ပြောသည်။“ဒီလို စိတ်ကောင်းရှိတဲ့သူနဲ့ တွေ့ခဲ့ရတာ ကျွန်တော်တို့ ကံကောင်းပါတယ်” ဟု ကျန်းက ပြောသည်။

ကားပိုင်ရှင် ယန်ကို တရုတ်ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့က ချီးကျူးစကားဆိုလျက်ရှိကြသည်။

 

9c50365c-7f9c-4160-9465-4399200e00fa_b2d90b08.jpg

(▲ မုန့်တွန်းလှည်းပိုင်ရှင်ကျန်းက ကားပိုင်ရှင်၏ သဘောထားကြီးမှုကို တွေ့ရချိန်တွင် မိမိအနေဖြင့် အရှက်ရမိကြောင်း ပြောသည်။ ဓာတ်ပုံ-Handout)

“ရက်ရောလွန်းပါတယ်။ ဘဝဆိုတာ ဒါပါပဲ။ သဘောထားကြီးဖို့ပါ။ ဂုဏ်ပြုပါတယ်” ဟု လူမှုကွန်ရက်သုံးစွဲသူ တစ်ဦးက မှတ်ချက်ပြုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chinese car owner seeks only pancakes in compensation after food cart scratches vehicle

Photo Credit-Handout