- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှားတွင် အဖြူရောင် Honda ကားတစ်စင်း၏ ကားတာယာတွင် သံစူးနေကြောင်း အသိပေးရန်အတွက် ကားတစ်စင်းလုံးအနှံ့ marker pen ဖြင့် စာများရေးသားသွားသည့်ဖြစ်ရပ် ဂယက်ထနေ
မလေးရှားတွင် အဖြူရောင် Honda ကားတစ်စင်း၏ ကားတာယာတွင် သံစူးနေကြောင်း အသိပေးရန်အတွက် ကားတစ်စင်းလုံးအနှံ့ marker pen ဖြင့် စာများရေးသားသွားသည့်ဖြစ်ရပ် ဂယက်ထနေ
- 464 views
ပုံမှန်အားဖြင့် လူတစ်ဦးတစ်ယောက်ကို သူ၏ကားအကြောင်း သတိပေးလိုသည်ဆိုလျှင် စာတစ်ရွက်တွင် ရေးသားကာ ထားခဲ့ခြင်း၊ ကားပိုင်ရှင်ကို တိုက်ရိုက်ပြောခြင်းများသာ လုပ်တတ်ကြသည်။
မလေးရှားတွင် မကြာသေးမီက ဖြစ်ပွားခဲ့သောဖြစ်ရပ်တွင်မူ ကားတာယာတွင် သံစူးနေကြောင်း အသိပေးရန်အတွက် ကားကိုယ်ထည်တစ်ခုလုံးတွင် စာများရေးသားသွားခဲ့သည်။
TikTok လူမှုကွန်ရက်တွင် ဂယက်ရိုက်နေသော ဗွီဒီယိုတစ်ခုအရ အဖြူရောင် Honda ကားတစ်စင်း၏ ကိုယ်ထည်တစ်ခုလုံးတွင် စာများရေးသားထားပြီး ကားတာယာ၌ သံစူးနေကြောင်း ကားပိုင်ရှင်အား အသိပေးသွားခဲ့ပုံကို တွေ့ရသည်။
အဖြူရောင် Honda ကားကိုယ်ထည်တွင် အနက်ရောင် Marker Pen ဖြင့် လမ်းညွှန်ဆိုင်းဘုတ်သဖွယ် မြှားများညွှန်ကာ စာများရေးသားထားခြင်း ဖြစ်သည်။
မြှားများဖြင့် ညွှန်ကာ စာရေးသားထားမှုများတွင်…. “ဒီမြှားနဲ့အတူ လိုက်ကြည့်ပါ” “မရပ်ပါနဲ့ဦး” “ဆက်ကြည့်ပါဦး” “နောက်တစ်ခုပဲကျန်တော့တယ်” အစရှိသဖြင့် ရေးသားခေါ်ယူလာပြီး နောက်ဆုံးတွင် သံစူးနေသည့်နေရာ၌ အဆုံးသတ်ထားသည်။
ဗွီဒီယိုဖိုင်ကို ကြည့်ရှုရသော လူမှုကွန်ရက်သုံးစွဲသူတို့မှာ ရယ်သွမ်းသွေးခဲ့ကြရပြီး အသိပေးလိုသူအနေဖြင့် ယခုကဲ့သို့ ကားတစ်စင်းလုံးအနှံ့ စာလိုက်ရေးရန် မလိုကြောင်း မှတ်ချက်ပြုကြသည်။
လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက “သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် ကားတစ်စင်းလုံး စာတွေလျှောက်ပြီး ရေးနေစရာ မလိုပါဘူး” ဟု မှတ်ချက်ပြုသည်။
“တာယာ ဖာတာက ရင်းဂစ် ၂၀၊ ကားတစ်စင်းလုံး ဆေးပြန်သုတ်ရမှာက ရင်းဂစ် ၂၀၀၀” ဟု အခြားတစ်ဦးက စိတ်ပျက်စွာ မှတ်ချက်ပြုသည်။
“မြှုပ်ကွက်- Marker pen က ဖျက်လို့မရဘူး” ဟု နောက်ထပ်တစ်ဦးက မှတ်ချက်ပေးသည်။
အခြားတစ်ဦးကလည်း “ကားတစ်စီးလုံးအနှံ့ ဒီလိုစာတွေလျှောက်ရေးထားတာက သံဆူးတာထက်တောင် ထိခိုက်ပျက်စီးပါတယ်။ ဒီမှင်က အလွယ်တကူ ဖျက်လို့ မရပါဘူး” ဟု ဆိုသည်။
အဆိုပါဖြစ်ရပ်မှာ ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူသော မကသဇာတ်မှ ဖခင်၏ နဖူးမှ မှက်ကို သတ်ရန် ပုဆိန်ဖြင့်ခုတ်သော အသိဉာဏ်မရှိသူတစ်ဦး၏ အဖြစ်အား ပြန်ပြောင်းသတိရစေသည်။
အခါတစ်ပါးတွင် ဘုရားရှင်သည် မဂဓတိုင်းသို့ ဒေသစာရီကြွချီသောအခါ အသိဉာဏ်အားနည်းသူတို့ နေထိုင်သော ကျေးရွာတစ်ခုအနီး ရောက်ရှိလာသည်။
ထိုရွာသားတို့သည် အစည်းအဝေးလုပ်ပြီး “အချင်းတို့၊ တောသို့ဝင်၍ ငါတို့ကို ဒုက္ခပေးသော မှက်ကောင်တို့အား စစ်ခင်းအံ့” ဟုဆိုကာ ဓားလှံလေးမြှားလက်နက်တို့ယူဆောင်ကာ တောထဲသွားကြသည်။
ထို့နောက် မှက်တို့ကို နှိမ်နင်းမည်ဟုဆိုပြီး ဓားဖြင့်ခုတ်ခြင်း၊ လှံဖြင့်ထိုးခြင်း၊ မြှားဖြင့်ပစ်ခြင်းတို့ လုပ်ဆောင်ရာ အချင်းချင်း ထိုးခုတ် ပစ်ခတ်မိကြကာ အလဲလဲအကွဲကွဲဖြင့် ရွာသို့ ပြန်ရောက်လာသည်။
ထိုအချိန်တွင် ရွာမှအနည်းငယ်သော ပညာရှိသူတို့က ဘုရားရှင်အား ဆွမ်းကပ်အလှူပေးနေချိန်ဖြစ်ရာ ဘုရားရှင်က သွေးသံရဲရဲဖြစ်နေသူတို့နှင့်ပတ်သက်ပြီး “ထိုသူတို့သည် အဘယ်အမှုကို ပြုကုန်သနည်း” ဟု မေးမြန်းတော်မူသည်။
ရွာသားတို့က ထိုသူတို့သည် မှက်နှင့်စစ်ခင်းအံ့ဟု လက်နက်အစုံအလင်ဖြင့်ထွက်သွားကာ အချင်းချင်း ထိုးခုတ်မိကြခြင်းဖြစ်ကြောင်း ဘုရားရှင်အား လျှောက်တင်သည်။
ထိုအခါ မြတ်စွာဘုရားက “၎င်းတို့သည် ယခုအခါတွင်သာ အလွန်မိုက်မဲသောအမှုကို ပြုသည်မဟုတ်သေး။ ရှေးအခါကလည်း ပြုခဲ့ဖူးပြီ” ဟု ဆိုကာ ဆိတ်ဆိတ်နေတော်မူသည်။
ရွာသားတို့က အတိတ်ဇာတ်ကို ပြန်လည်ဟောကြားပေးပါရန် ဘုရားရှင်ကို တောင်းပန်သောအခါ မြတ်စွာဘုရားက အတိတ်ဖြစ်ရပ်ကို ဟောကြားသည်။
(အတိတ်ဝတ္ထု))
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်စဉ်က ဘုရားလောင်းသည် ကုန်သည်တစ်ဦးအဖြစ် အသက်မွေးနေ၏။ကာသိတိုင်း၏ တစ်ခုသော ပစ္စန္တရာဇ်အရပ်တွင် လက်သမားရွာတစ်ရွာ ရှိသည်။တစ်နေ့သောအခါ လက်သမားတစ်ဦးက သစ်ရွေနေစဉ် မျက်နှာကို မှက်ကိုက်နေ၏။
ထိုအခါ လက်သမားက အနီးတွင်ရှိသော သားဖြစ်သူကို “ချစ်သား..ငါ၏ မျက်နှာ၌ မှက်သည် လှံဖြင့်ဆွသကဲ့သို့ ထိုး၏။ ထိုမှက်ကို မြစ်လော့” ဟု ဆို၏။
“ဘခင်၊ သီးခံဦးလော့။ တစ်ချက်တည်းဖြင့်သာလျှင် ထိုမှက်ကို သတ်အံ့” ဟု သားက ပြောသည်။ ထို့နောက်သားဖြစ်သူသည် ထက်လှစွာသော ပုဆိန်ကြီးကိုချီ၍ အဘ၏ အနီး၌ ရပ်လျက် မှက်ကိုခတ်အံ့ဟု အဘဦးခေါင်းကို နှစ်ဖြာခွဲ၏။လက်သမားသည် ထိုနေရာ၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်သည်။
ထိုရွာ၌ ရောက်နေသော ဘုရားလောင်းကုန်သည်က အောက်ပါဂါထာကို ရွတ်ဆိုကာ ရွာမှ ထွက်သွားတော့သည်။
“မတိယာ- ပညာနှင့် ဥပေတော- ပြည့်စုံသော အမိတ္တော- ရန်သူသည် သေယျော- မြတ်သေး၏။ မတိဝိပ္ပဟိနာ- ပညာမှကင်းသော မိတ္တော- အဆွေခင်ပွန်းသည် နတွေဝသေယျာ-မမြတ်လျှင်ကတည်း”
((ရည်ညွှန်း-မကသဇာတ်၊ ပုံတော်စုံ ၅၅၀ ဇာတ်ဝတ္ထု၊ ပထမတွဲ။ ၁၉၇၊ ဇာ၊ ဌ ၊ ၁၊ ၂၆၄။ ))
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: White Honda scribbled in marker pen warning owner about nail piercing tyre