- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဇင်ဘာဘွေနိုင်ငံရှိ မြို့ကြီးတစ်မြို့တွင် ညဉ့်နက်ချိန်များတွင် မောင်းသူမရှိ၊ လူတစ်ဦးမှ မပါသော သရဲစီးနေသည့် ဘတ်စ်ကားကြီးတစ်စင်းကို မျက်မြင်ကြုံတွေ့သူများ များပြားနေ
ဇင်ဘာဘွေနိုင်ငံရှိ မြို့ကြီးတစ်မြို့တွင် ညဉ့်နက်ချိန်များတွင် မောင်းသူမရှိ၊ လူတစ်ဦးမှ မပါသော သရဲစီးနေသည့် ဘတ်စ်ကားကြီးတစ်စင်းကို မျက်မြင်ကြုံတွေ့သူများ များပြားနေ
- 2935 views
ဇင်ဘာဘွေနိုင်ငံအရှေ့ပိုင်း Manicaland ပြည်နယ်၏မြို့တော်ဖြစ်သော မူတာရီ (Mutare ) မြို့တစ်ခွင်တွင် လူသူတစ်ဦးတစ်ယောက်မှ မပါဘဲ သွားလာနေသည့် ဘတ်စ်ကားကြီးတစ်စင်းမှာ မြို့သူမြို့သားများအတွက် ဆန်းကြယ်သော ပုစ္ဆာတစ်ခု ဖြစ်လာနေသည်။
ထိုသို့ ဆန်းကြယ်သောဖြစ်ရပ်အပေါ် အချို့က ယူဆသည်မှာ ဘတ်စ်ကားကြီးကို သရဲစီးနေခြင်းဖြစ်ကြောင်း ယူဆကြသည်။
မျက်မြင်တွေ့ရှိသူများက ပြောသည်မှာ ဘတ်စ်ကားကြီးမှာ အဖြူရောင်ဖြစ်ပြီး အရောင်ပြေး မှန်ပြတင်းများ တပ်ထားကာ နောက်မီးတစ်လုံး ကွဲနေသည်ဟု ဆိုသည်။ဟားဘတ် ချီတီပိုလမ်း (Hebert Chitepo Street) နှင့် ရောဘတ် မူဂါဘီလမ်း (Robert Mugabe Road) တို့ကဲ့သို့ မူတာရီ၏ ပင်မလမ်းမကြီးများတွင် တွေ့ရခြင်းဖြစ်ပြီး ညဉ့်နက်ပိုင်းနှင့် မနက် ဝေလီဝေလင်းတွင် တွေ့ရလေ့ရှိသည်။
“ကျွန်မ ည ၁၀ နာရီလောက် အလုပ်ကနေ အိမ်ကို ပြန်လာတဲ့အချိန်မှာ အဲဒီဘတ်စ်ကားကြီးကို တွေ့ခဲ့ပါတယ်” ဟု မူတာရီမြို့သူတစ်ဦးဖြစ်သူ Ms. Tambudzai Moyo က ပြောသည်။“ကားပေါ်မှာ လူတစ်ယောက်မှ မပါပါဘူး။ ယာဉ်မောင်းလည်း မပါဘူး။ နောက်ပြောင်နေတာလို့ ကျွန်မ အစက ထင်ခဲ့တာ။ နောက်ညမှာလည်း ထပ်တွေ့ပါတယ်”
အမည်မဖော်လိုသည့် အခြား အမျိုးသမီးတစ်ဦးကလည်း အဆိုပါကားကြီးကို ထိန်းမရဘဲ ချိုးကွေ့လိုက်ပုံ မြင်ခဲ့ဖူးကြောင်း ပြောသည်။“ကျွန်မ ကားမောင်းပြီး အိမ်ပြန်လာတဲ့အချိန်မှာ ကသန်းကရမ်းမောင်းလာတဲ့ အဲဒီကားကြီးနဲ့ တွေ့ပါတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။“ကားသမား အရက်မူးနေတယ် ထင်တယ်လို့ တွေးလိုက်မိတယ်။ ဒါပေမယ့် ယာဉ်မောင်းထိုင်ခုံမှာ လူတစ်ယောက်မှ မရှိပါဘူး။ တကယ် ကြက်သီးထဖို့ကောင်းပါတယ်”
ManicaPost ၏ ဖော်ပြချက်အရ အဆိုပါဘတ်စ်ကားကြီး မည်သည့်နေရာမှလာသည်၊ မည်သူက ပိုင်ဆိုင်သည်ကို သိရှိသူ မရှိဟု ဆိုသည်။မူတာရီမြို့၏ သယ်ယူပို့ဆောင်ရေးဌာန အာဏာပိုင်တို့က ပြောသည်မှာ မိမိတို့တွင် ထိုကားနှင့် ပတ်သက်သည့် အချက်အလက်များ မရှိကြောင်း၊ ယခု ကိစ္စကို ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း ပြောသည်။ယခုဖြစ်ရပ်မှာ နောက်ပြောင်ခြင်းဖြစ်နိုင်ကြောင်း မြို့ခံအချို့က ယူဆသော်လည်း အချို့ကမူ ထူးခြားသည့်အကြောင်းရပ်တစ်ခုခု ဖြစ်နိုင်ကြောင်း ယူဆကြသည်။
“ဒါက ဟာသတစ်ခုပဲ ဖြစ်နိုင်သလို မကောင်းတာတစ်ခုခုလည်း ဖြစ်နိုင်ပါတယ်” ဟု မူတာရီမြို့သားတစ်ဦး ဖြစ်သူ မစ္စတာ အင်းနဆန့် ဆစ်ဟိုးက ပြောသည်။
ထူးဆန်းသော ဘတ်စ်ကားကြီးမှာ မူတာရီမြို့သားတို့အတွက် ခြောက်ခြားဖွယ်ရာဖြစ်နေပြီး မည်သို့မည်ပုံ ဆန်းကြယ်သောဖြစ်ရပ်များ တွေ့ကြုံရဦးမည်ကို စိတ်ဝင်စားနေကြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Ghost Bus Driving itself Without a Driver Spotted in Mutare (afrogazette)