• Home
  • Car News
  • ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများ (၁)

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများ (၁)

  • 275 views

 


(က) ဥပ​ဒေ ဆိုသည်မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို ဆိုသည်။

( ခ) သုံးဘီးတပ်ယာဉ် ဆိုသည်မှာ ဘီးသုံးဘီးအား အချိုးညီ တပ်ဆင်ထားသော မူလစက်ရုံထုတ် မော်တော်ယာဉ်ကို ဆိုသည်။

( ဂ) သုံးဘီးမော်တော်ဆိုင်ကယ် ဆိုသည်မှာ ကုန်ပစ္စည်းတင်ဆောင်ရန် ရည်ရွယ်ထုတ်လုပ် ထားသော သုံးဘီးတပ်ယာဉ်ကို ဆိုသည်။

(ဃ) လူစီးသုံးဘီးမော်တော်ယာဉ် ဆိုသည်မှာ အမိုးနှင့် ဘေးကာများပါဝင်ပြီး လူစီးနင်းရန် အတွက် ရည်ရွယ်ထုတ်လုပ်ထားသော သုံးဘီးတပ်ယာဉ်ကို ဆိုသည်။

( င) ချိတ်ဆွဲယာဉ် (Tractor) ဆိုသည်မှာ နောက်တွဲဆွဲရန် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ကိရိယာများ တပ်ဆင်တည်ဆောက်ထားသော မော်တော်ယာဉ်ကို ဆိုသည်။

(စ) ထရော်လာဂျီ (Trawlergi) ဆိုသည်မှာ သမားရိုးကျ ကုန်တင်ဝန်ပေါ့ယာဉ်တွင် ပါဝင်သော အစိတ်အပိုင်းအချို့ပါဝင်နိုင်ပြီး ယင်းတို့ထက် အရွယ်အစားသေးငယ်၍ အများဆုံး အင်ဂျင်ဆလင်ဒါ နှစ်လုံးတပ်ဆင်ထားပြီး အမြန်နှုန်း တစ်နာရီလျှင် ၅၀ ကီလိုမီတာ အောက်သာ မောင်းနှင်နိုင်သည့် မော်တော်ယာဉ်ကို ဆိုသည်။

(ဆ) တက္ကစီယာဉ် ဆိုသည်မှာ ယာဉ်မောင်းနှင်သူမှအပ စီးနင်းသူ ငါးဦးထက်ပို၍ တင်ဆောင် ခြင်းမပြုရသည့် အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသော လူစီးမော်တော်ယာဉ်ကို ဆိုသည်။

( ဇ ) စက်ယန္တရား ဆိုသည်မှာ မော်တော်ယာဉ်တွင် တပ်ဆင်ထားသော ဘီးကိုအသုံးပြု၍ ဖြစ်စေ၊ ချိန်းကြိုးကို အသုံးပြု၍ဖြစ်စေ၊ ဒလိမ့်ကို အသုံးပြု၍ဖြစ်စေ စက်စွမ်းအားဖြင့် လွတ်လပ်စွာ ရွေ့လျားမောင်းနှင်နိုင်သည့် မော်တော်ယာဉ်နှင့် အထူးပြုလုပ်ငန်းများ ဆောင်ရွက်ရန် အထူးပြုကိရိယာများနှင့် နည်းပညာမြင့်ပစ္စည်းများ ပေါင်းစပ်ထားသော မော်တော်ယာဉ်ကို ဆိုသည်။ ယင်းစကားရပ်တွင် မြေထိုးစက်၊ မြေတင်စက်၊ လမ်းကြိတ်စက်၊ ရွေ့လျားကျောက်ခွဲစက်၊ ဝန်ချီစက်၊နိုင်လွန်ကတ္တရာဖျန်းယာဉ်နှင့် အခြားစက်ယန္တရားများလည်း ပါဝင်သည်။

(ဈ) အထူးတည်ဆောက်ထားသော မော်တော်ယာဉ် (Special Motor Vehicle) ဆိုသည်မှာ လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် သီးသန့်ကုန်တင်ယာဉ်များ မဟုတ်သော မော်တော်ယာဉ်ဖြစ်ပြီး အခြားယာဉ်များကို ဆွဲယူရန်၊ ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ရန်နှင့် အခြားအထူးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံထုတ်လုပ် ထားသော မော်တော်ယာဉ်ကို ဆိုသည်။

( ည) လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် (Electric Vehicle) ဆိုသည်မှာ လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်သွားလာသော မော်တော်ယာဉ်ကို ဆိုသည်။ (ဆက်လက်ဖော်ပြပါမည်။)

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com