စမတ်ဖုန်းဟောင်းတစ်လုံးမှ ဒက်ရှ်ဘုတ်ကင်မရာ (Black Box camera) အဖြစ်သို့

0

Full article

ဒီနေ့ခေတ်ရဲ့လမ်းမတွေဟာ ယာဉ်ကြောရှုပ်ထွေးလွန်းပြီး ယာဉ်မတော်တဆမှုတွေလည်း မကြာခဏဖြစ်လေ့ရှိပါတယ်။ ယာဉ်မောင်းသူတွေထဲမှာ အတွေ့အကြုံရင့်သူတွေပါဝင်သလို မနေ့တစ်နေ့ကမှ ကားစမောင်းတဲ့ အမောင်းသင်သမားတွေလည်း ပါဝင်ပါလိမ့်မယ်။ ယာဉ်မောင်းသူတွေအမျိုးမျိုးကြားမှာ တူညီတဲ့ကိစ္စတစ်ခုကတော့ မော်တော်ကားရှေ့မြင်ကွင်းကို CCTV ကင်မရာလိုမှတ်တမ်းတင်ထားနိုင်တဲ့ Dashcam ခေါ် ဒက်ရှ်ဘုတ်ကင်မရာတွေ (Black Box camera) အသုံးပြုနှုန်းနည်းနေသေးတာပဲဖြစ်ပါတယ်။ ဒီအတွက်လည်း အကြောင်းအမျိုးမျိုးရှိကြပါလိမ့်မယ်။ ကားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Onboard Camera တွေရဲ့စျေးနှုန်းမြင့်မားမှုနဲ့ ဒါကိုတပ်ဆင်ဖို့ ယာဉ်မောင်းသူရဲ့အချိန်မပေးနိုင်မှုတွေက အဓိကအကြောင်းရင်းတွေလို့ ဆိုရင်မှားမယ်မထင်ပါဘူး။ ဒါပေမဲ့ ကားမြင်ကွင်းရှေ့မှာ ဖြစ်ပေါ်လာနိုင်တဲ့ မတော်တဆဖြစ်ရပ်တွေကို ဆက်တိုက်မှတ်တမ်းတင်ထားနိုင်ဖို့အတွက် အကောင်းစားဒက်ရှ်ဘုတ်ကင်မရာ တပ်ဆင်ဖို့ မလိုပါဘူး။ သင်အသုံးမပြုတော့တဲ့၊ ပိုလျှံနေတဲ့ Android စမတ်ဖုန်းအဟောင်းတစ်လုံးလောက်ရှိရုံနဲ့ ဒက်ရှ်ဘုတ်ကင်မရာတစ်လုံးကို အလွယ်တကူ ကိုယ်တိုင်တပ်ဆင်အသုံးပြုလို့ရနိုင်ပါတယ်။

ဘာပစ္စည်းတွေ လိုမလဲ

  1. ရုပ်ထွက်အရည်အသွေး အနည်းဆုံး 720 Pixels နောက်ကင်မရာရှိတဲ့ စမတ်ဖုန်းတစ်လုံး လိုပါတယ်။ Apple ရဲ့ iPhone ဖြစ်စေ၊ ဘယ်လိုအမှတ်တံဆိပ်နဲ့ Android ဖုန်းဖြစ်စေ ရပါတယ်။ ဒီစမတ်ဖုန်းကို Factory Reset ချပေးဖို့လိုပါတယ်။ ဒါမှသာ အထဲက Data တွေ အကုန်ရှင်းပြီးသားဖြစ်ပြီး ကင်မရာမှတ်တမ်းတင်ဖို့ Memory နေရာလွတ်များနိုင်သမျှ များများထွက်လာပါလိမ့်မယ်။ ဖုန်းခေါ်ဆိုဖို့၊ အင်တာနက်ကြည့်ဖို့အတွက်လည်း သုံးမှာမဟုတ်တော့လို့ လိုချင်တဲ့ Data ရှိရင် တစ်ခါတည်း ရွှေ့ပြောင်းသိမ်းဆည်းထားသင့်ပါတယ်။ သင့်ဖုန်းရဲ့ မူလ Memory ပမာဏက နည်းပါးနေတယ်ဆိုရင် SD Card ကို တွဲဖက်အသုံးပြုနိုင်ပါတယ်။
  2. ရှေ့လေကာမှန်၊ ဒါမှမဟုတ် ဒက်ရှ်ဘုတ်နဲ့တွဲပြီးသုံးလို့ရတဲ့ ဖုန်းညှပ်ကိရိယာတစ်ခုလိုပါတယ်။ ကားရှေ့မြင်ကွင်းနဲ့ အနီးဆုံးနေရာမှာ တပ်ဆင်နိုင်တဲ့ ဖုန်းညှပ်ကိရိယာမျိုးက အသင့်တော်ဆုံးပါပဲ။ ဒီအတွက် ငွေနည်းနည်းသုံးရပါမယ်။
  3. ကားနဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ ဖုန်းအားသွင်းခေါင်း (Charger) တစ်ခုလိုပါတယ်။ တကယ်လို့ သင့်လက်ထဲက စမတ်ဖုန်းအတွက်လည်း အားသွင်းချင်သေးရင် အားသွင်းပေါက် ၂ ပေါက်ပါတာကို ရွေးချယ်ရမှာပါ။ ဖုန်းတစ်လုံးက ကင်မရာအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ နောက်တစ်လုံးကိုလည်း GPS ကြည့်ဖို့အသုံးပြုရဦးမှာပါ။
  4. ၁ မီတာကျော်ကျော်ရှည်တဲ့ ဖုန်းအားသွင်းကြိုးတစ်ချောင်းလည်း လိုပါတယ်။ ကင်မရာအဖြစ်သုံးမယ့် ဖုန်းမှာ မူလကတည်းက ပါလာတဲ့ အားသွင်းကြိုးဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါမှမဟုတ်ရင်တော့ ငွေနည်းနည်းသုံးပြီး ကြိုးအသစ်တစ်ချောင်းဝယ်ရမှာပါ။
  5. Google Play Store သို့မဟုတ် App Store ကနေ Dashcam App တစ်ခုကို Download ဆွဲယူပြီး သင့်ရဲ့စမတ်ဖုန်းဟောင်းမှာ ထည့်သွင်းဖို့လိုပါတယ်။ အသုံးများတဲ့ Dashcam App တွေကတော့ DriveMatics ၊ AutoBoy ၊ CaroO Free နဲ့ AutoGuard တို့ပဲဖြစ်ပါတယ်။

အသုံးပြုပုံအဆင့်ဆင့်

အထက်ကဆိုခဲ့တဲ့အတိုင်း ဖုန်းအဟောင်းမှာရှိတဲ့ ဖုန်းနံပါတ်တွေ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ မက်ဆေ့ချ်တွေကို ပြန်ကြည့်လို့အဆင်မပြေပါဘူး။ ကွန်ပျူတာမှာ ရွှေ့ပြောင်းသိမ်းဆည်းနိုင်သလို အွန်လိုင်း Cloud ပေါ်မှာလည်း သိမ်းနိုင်ပါတယ်။ ‌ဒေတာတွေရှင်းပြီး Factory Reset ချလိုက်ခြင်းအားဖြင့် သင့်ရဲ့စမတ်ဖုန်းအဟောင်းလေးဟာ လည်ပတ်မှုမြန်ဆန်ပြီး Memory နေရာလွတ်တွေ ပိုထွက်လာပါလိမ့်မယ်။ မလုံလောက်ရင်တော့ Memory ပိုများများပါတဲ့ SD Card ကိုပဲ ဝယ်ယူထည့်သွင်းလိုက်ပါ။

အဲဒီနောက်မှာတော့ သင့်ရဲ့ Dashcam အသစ်ကို တပ်ဆင်ဖို့ နေရာ‌ရွေးချယ်ရတော့မှာပါ။ Dashcam က သင့်ရဲ့ကားရှေ့မြင်ကွင်းကို အနှောင့်အယှက်မဖြစ်စေဖို့ လိုအပ်သလို ချိတ်ဆက်ထားတဲ့အားသွင်းကြိုးကလည်း သင်ဂီယာထိုးတာ၊ ဘရိတ်နင်း၊ ကလပ်ချ်နင်းတာ၊ စတီယာရင်ကိုင်တာတွေကို အနှောင့်အယှက်မဖြစ်စေရပါဘူး။ မူရင်းစာရေးသူ Alvaro Martínez ကတော့ သင့်ရဲ့ Dashcam ကို စုပ်ခွက်သုံးဖုန်းညှပ်ကိရိယာနဲ့ ရှေ့လေကာမှန်မှာ တပ်ဆင်တာမျိုး၊ ဒါမှမဟုတ် အမိုးပိုင်းက လေအေးစက်အပေါက်မှာ ချိတ်ဆွဲအသုံးပြုတာမျိုးဟာ ပိုမိုသင့်တော်တယ်လို့ အကြံပြုထားပါတယ်။ ဒီလို လွတ်လွတ်ကျွတ်ကျွတ်နေရာချတပ်ဆင်ပြီးရင်တော့ သင့်ရဲ့ Dashcam အဖြစ် ဘဝပြောင်းထားတဲ့ စမတ်ဖုန်းဟောင်းလေးရဲ့ ကင်မရာကို မြင်ကွင်းကျယ်ဖြစ်စေမယ့် Horizon Mode ပြောင်းပေးလိုက်ရုံပါပဲ။

ဘာတွေသတိထားရမလဲ

တစ်ခါတစ်ရံမှာ သင်ထည့်သွင်းထားတဲ့ Dashcam App ဟာ ကောင်းကောင်းအလုပ်မလုပ်တာမျိုး၊ ဖုန်းရဲ့ OS ပိတ်သွားတာမျိုးကြုံရတတ်ပါတယ်။ နောက်တစ်ခုက Dashcam တပ်ထားတယ်၊ ကိုယ့်ဘက်က မှန်နေတယ်ဆိုပြီး မတော်တဆမှုထဲကို ဇွတ်ဝင်မတိုးဖို့လည်း သတိပေးချင်ပါတယ်။ တချို့နိုင်ငံတွေမှာ ကားတွင်းက ကင်မရာရဲ့မှတ်တမ်းကို သက်သေအဖြစ်ယူလို့မရတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေရှိထားပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ဖုန်းကင်မရာထဲမှာ မတော်တဆအဖြစ်အပျက်ကို မှတ်တမ်းတင်ထားလိုက်နိုင်ရင်တောင် အမှုအနိုင်အရှုံးအတွက် ရာနှုန်းပြည့်မသေချာဘူးဆိုတာကိုလည်း ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။

REF: HOW TO: CONVERT YOUR OLD PHONE INTO A DASHCAM by Alvaro Martínez

Author