ကားမှာပါတဲ့ အရေးကြီးတဲ့ Safety Lock ၃ မျိုး

0

Full article

ကျနော်တို့လက်ရှိအသုံးပြုနေတဲ့ ကားတွေဟာ ခေတ်မီနည်းပညာသုံးကားတွေဖြစ်ပြီး ဟိုးအရင် ခေတ်ဟောင်းကားတွေနဲ့မတူ မော်တော်ယာဉ်အတွက်ရော၊ ကားမောင်းသူအတွက်ပါ အန္တရာယ်ကင်းရှင်းရေး နည်းပညာတွေကို တီထွင်အသုံးပြုနေကြပါပြီ။ ဒီနေ့တင်ပြပေးချင်တဲ့ ကားမှာပါတဲ့ Safety Lock သုံးမျိုးကတော့ ကားမောင်းသူ တစ်ယောက်တည်း အတွက်မဟုတ်ဘဲ ကားမှာလိုက်ပါစီးနင်းနိုင်တဲ့ ကားမောင်းသူရဲ့ မိသားစုဝင် (အဓိက အားဖြင့် ကလေးတွေ) တွေအတွက် အထူးပြုလုပ်ထည့်သွင်းထားတဲ့ Safety Lock လေး ၃ မျိုးပါ။

၁။ Child Lock

Child Lock ဆိုတာကတော့ ကားတံခါးကို အတွင်းကနေဖွင့်မရဘဲ အပြင်ကနေပဲဖွင့်ရအောင် လုပ်ထားတဲ့ Lock လေးတစ်ခုပါ။ ဒီ Lock လေးအကြောင်းမသိတဲ့ သူတော်တော်များများ၊ ကားရေဆေးရင်းဖြစ်ဖြစ် သန့်ရှင်းရေးလုပ်ရင်းဖြစ်ဖြစ် ဒီ Lock လေး မတော်တဆနှိပ်မိလို့ Lock ကျသွားတဲ့အခါမှာ ကားတံခါးကို အတွင်းကနေဖွင့်မရတော့ဘဲ အပြင်ကနေပဲဖွင့်ရတော့လို့ ကားဝပ်ရှော့တွေသွားပြတာမျိုးကြုံရတတ်ပါတယ်။

Child Lock ဆိုတဲ့အရာကို ကားမှာမှ မဟုတ်ဘဲ နေရာတော်တော်များများမှာ အသုံးပြုကြပါတယ်။ အဓိက ကတော့ ကလေးသူငယ်တွေရဲ့ စူးစမ်းစိတ်ကြောင့် မတော်တဆထိခိုက်အန္တရာယ်တွေမကြုံရလေအောင် ကာကွယ်ဖို့အတွက် တီထွင်ဖန်တီးထားတဲ့အရာတွေပါ။ ကားမောင်းနေတဲ့အချိန်ဖြစ်ဖြစ်၊ ကားလမ်းဘေးမှာ ရပ်ထားတဲ့အချိန်ဖြစ်ဖြစ် ကလေးသူငယ်တွေ ကားနောက်ခန်းထဲမှာရှိနေတဲ့အချိန် ကားတံခါးကိုမတော်တဆ ဆွဲဖွင့်လိုက်မိရင်၊ ကားတံခါးပွင့်သွားပြီး နောက်ကကားတွေနဲ့ တိုက်မိတာ၊ ကလေးပြုတ်ကျတာ၊ ယာဉ်မတော်တဆမှုတွေဖြစ်တာ အစရှိတဲ့ အန္တရာယ် အမျိုးမျိုး ကြုံရနိုင်ပါတယ်။  ဒါကြောင့် ဒီ Child Lock ဆိုတာလေးကို တီထွင်အသုံးပြုခဲ့ကြတာပါ။

ဒီ Child Lock ဆိုတာလေးကို 1949 ခုနှစ်မှာ Joseph M. Schumann ဆိုတဲ့ လူက စတင်တီထွင်ခဲ့တာပါ။ 1985 ခုနှစ်မှာတော့ အမေရိကန်နိုင်ငံမှာထုတ်လုပ်တဲ့ ကားတွေကို Child Lock မဖြစ်မနေ ထည့်သွင်းတပ်ဆင်ရမယ်ဆိုတဲ့ ဥပဒေထုတ်ပြန်ပြီး စတင်အသုံးပြုခဲ့ကြပါတယ်။

ဒီ Child Lock လေးအသုံးပြုပုံက ရိုးရှင်းပါတယ်။ တချို့ Child Lock တွေက အပေါ်အောက် တွန်းတင် တွန်းချလို့ရတဲ့ ခလုတ်လေးနဲ့ ပြုလုပ်ထားပြီး၊ အောက်ကို တွန်းချထားရင် Child Lock လုပ်ထားတာ (အတွင်းကနေ ဖွင့်မရ အပြင်ကဖွင့်ရသည်) ၊ အပေါ်ပြန်တွန်းတင်ရင် Unlock ပါ  (အတွင်းရော အပြင်ကနေပါ ဖွင့်ရသည်)။ ပုံမှာ လေ့လာကြည့်လို့ရပါသည်။

တချို့ကားအမျိုးအစားတွေရဲ့ Child Lock တွေကတော့ ကားသော့နဲ့လှည့်ပြီး အဖွင့်အပိတ်လုပ်ရတဲ့ အမျိုးအစား Child Lock တွေဖြစ်ပြီး Driver ကနေ အဖွင့်အပိတ်ထိန်းချုပ်နိုင်တဲ့ Electronic စနစ်သုံး Child Lock တွေလည်းရှိပါတယ်။

ကိုယ်က ကားမောင်းသူတစ်ယောက်ဖြစ်ပြီး၊ ကိုယ့်ကားမှာ ကလေးတွေလိုက်ပါစီးနင်းတတ်တယ်ဆိုရင် ကားမှာရှိတဲ့ Child Lock လေးတွေအလုပ် လုပ်မလုပ် စမ်းသပ်စစ်ဆေးထားသင့်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကားတံခါးအတွင်းကနေ ဖွင့်မရဘဲအပြင်ကနေပဲ ဖွင့်ရတာမျိုးကြုံနေတယ်ဆိုရင် ဒါကားမှာပါတဲ့ Child Lock ဆိုတဲ့ Safety Feature လေး တစ်ခုဆိုတာ သတိရပေးစေလိုပါတယ်။

၂။ Power Window Lock

အခုရှင်းပြချင်တဲ့နောက်ထပ် Safety Lock တစ်မျိုးက Power Window Lock ပါ။ ဒီ Power Window Lock ဆိုတာကတော့ ကားမောင်းသူဘက်ခြမ်းက Power Window ကလွဲလို့ ကျန်တဲ့တံခါးတွေ မှန်အတင်အချ လုပ်မရအောင် ထိန်းချုပ်ထားတဲ့ Safety Lock လေးတစ်ခုပါ။ ကားမောင်းသူဘက်ခြမ်းမှာရှိတဲ့ မှန်တင်မှန်ချ Main Switch မှာပါပြီး အဲဒီခလုတ်လေးနှိပ်ထားလိုက်ရင် ကားမောင်းသူဘက်ခြမ်းက မှန်တစ်ချပ်ကလွဲလို့ ကျန်တဲ့တခါးပေါက်တွေက မှန်တွေအကုန် အတင်အချ လုပ်မရတော့ပါဘူး။

သူ့ရဲ့အဓိက ရည်ရွယ်ချက်ကတော့ အပေါ်က Child Lock လိုပါပဲ။ ကလေးတွေ ကားထဲမှာစီးနေတဲ့အချိန် မှန်အတင်အချ ခလုတ်တွေကို ကစားတာ၊ မှန်ပိတ်ထားတဲ့အချိန် မှန်တင်မှန်ချ ခလုတ်ပေါ်ကို ရပ်မိလို့ မှန်တခါးမတော်တဆပွင့်သွားတာ၊ မှန်ကိုဖွင့်ပြီးခေါင်းတို့၊ လက်တို့ အပြင်ကိုထုတ်တာ အစရှိတဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ကာကွယ်ဖို့တီထွင်ဖန်တီးထားတာပါ။

အပေါ်မှာပြောခဲ့တဲ့ Child Lock လိုပါပဲ ကိုယ့်ကားရဲ့ နောက်ခန်းထဲမှာကလေးတွေ အမြဲလိုက်ပါ စီးနင်းတတ်တယ်ဆိုရင် အဲဒီ Power Window Lock လေးတွေ ကောင်းမကောင်း အမြဲစစ်ဆေးပြီး၊ ကလေးတွေ အန္တရာယ်ကင်းဘေးရှင်းဖို့ ဒီ Safety Feature လေးကို သုံးစွဲသင့်ပါတယ်။

ကားမှန်တင်မှန်ချတွေ Driver Side ကလွဲလို့ ကျန်တဲ့တံခါးတွေ မှန်တင်မှန်ချလုပ်မရဘူးဆိုရင် ဒီ Power Window Lock လေးကို သတိရပြီး အဖွင့်အပိတ်လုပ် စစ်ဆေးကြည့်သင့်ပါတယ်။

၃။ Shift Lock

Shift Lock ဆိုတာကလည်း ကားအတွက် အရေးကြီးတဲ့ Safety Lock လေးတစ်ခုပါပဲ။ သေချာရှင်းပြရရင်တော့ ကားမောင်းသူတိုင်း နေ့စဉ်အသုံးပြုနေပြီး သတိမမူမိတဲ့ Lock လေးတစ်ခုပါ။ ကားကိုစက်စနှိုးလိုက်တယ်၊ ကားစက်နိုးသွားတယ်ဆိုရင် ရှေ့သွားဖို့ Gear Position (P) ကနေ (D)  ကို ထိုးတော့မယ်ဆို ဘရိတ်ကိုနင်းမယ်၊ ပြီးရင် Shift Lever ( ဂီယာတံက ) ဘု လေးကိုနှိပ်ပြီး ထိုးမှ ဂီယာထိုးရပါတယ်။ ကား Shift Lever က P (Parking) မှာရှိနေတဲ့အချိန် ဘရိတ်မနင်းဘဲ ဂီယာဘုပဲ နှိပ် ဂီယာထိုးကြည့်ရင် ဂီယာထိုးမရပါဘူး။

ဘာကြောင့် အဲဒီလိုလုပ်ထားရတာလဲဆိုရင်တော့ အပေါ်မှာပြောခဲ့သလို Safety Feature ကြောင့်ပါပဲ။ ကားပေါ်မှာ ကလေးတစ်ယောက်ယောက် ရှိနေမယ်၊ ကားကလည်း စက်နှိုးထားမယ်၊ ကားမောင်းသူကလည်း အပြင်ကိုထွက်နေတဲ့အချိန် ကလေးကဆော့ကစားပြီး Shift Lever က ဘုကိုနှိပ်ပြီး Gear Position တွေ လိုက်ကစားလိုက်ရင် ကားကဂီယာဝင်ပြီး အကုန်ဝင်တိုက်မိလို့ အန္တရာယ်တွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကား Shift Lever (ဂီယာတံ) ကို P (Praking) နေရာကနေ အလွယ်တကူ ရွှေ့မရအောင် Shift Lock Solenoid လေးနဲ့ထိန်းပေးထားပါတယ်။ Shift Lock Solenoid လေးကဖွင့်ပေးမှ ဂီယာတံက P (Parking) နေရာကနေ အခြားဂီယာတွေကို ထိုးလို့ရပါတယ်။

Shift Lock Solenoid လေးကိုတော့ သော့ဖွင့်လိုက်တာနဲ့ (IG) အပေါင်း (+) Voltage ရောက်အောင် လုပ်ထားပြီး နောက်ထပ် လိုအပ်တဲ့ အနှုတ်စ (-) ကိုတော့ ECU ကနေ ပေးပို့ပါတယ်။

ECU ကနေလည်း ဒီအတိုင်းပို့မပေးဘဲ Gear Position က (P) မှာရှိရမယ်၊ နောက်ထပ် Brake လည်း နင်းထားရမယ်ဆိုတဲ့ အချက်နှစ်ချက်ညီမှ ECU ကနေ အနှုတ် Signal ထုတ်ပေးပြီး Shift Lock Solenoid ကိုဆွဲစေကာ Shift Lever (ဂီယာ) ဘုကိုနှိပ် ဂီယာထိုးရစေပါတယ်။

ဒါက Shift Lock ဆိုတဲ့ ဂီယာလက်တံ ရွှေ့ပြောင်းတဲ့ စနစ်ပါ။ Shift Lock စနစ်က ဒီလို ထိန်းချုပ်ထားတာမို့ သူ့ပုံမှန်အတိုင်းဆို ဘရိတ်နင်းမှ ဂီယာလက်တံရွှေ့ရတာမို့ ဘာအန္တရာယ်မှမရှိပါဘူး။

ဒါပေမဲ့ တချို့ချို့သော ကားတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ECU ကနေလာမယ့် အနှုတ် (-) Signal ကြိုးကို Ground Direct ချထားတာတွေ ရှိတတ်ပါတယ် (ဒါမျိုး Ground တိုက်ရိုက် ချထားတဲ့ ကားတွေ ကျနော်ကိုယ်တိုင် မကြာမကြာတွေ့ရပါတယ်)။ ဒီလို Ground တိုက်ရိုက်ချထားတဲ့အတွက် Shift Lock Solenoid က သော့ဖွင့်တာနဲ့ဆွဲနေပြီး ဘရိတ်နင်းစရာမလိုဘဲ ဂီယာဘုနှိပ် ဂီယာထိုးရနေပါပြီ။

အဲဒီလို့လုပ်ထားတဲ့ကားမျိုးနဲ့ ဆော့တတ်ကစားတတ်တဲ့ ကလေးနဲ့သွားတွေ့ရင် ကားစက်လေးနှိုး (Idle) လေးနဲ့ လုပ်ထားချိန်၊ ကလေးက ဂီယာလက်ကိုင်ဘုနှိပ် ဂီယာထိုးလိုက်ရင် ဂီယာဝင်သွားပြီး ပြဿနာအကြီးကြီး တက်သွားနိုင်ပါတယ်။

ဒါကြောင့် ကလေးတွေအမြဲစီးတတ်တဲ့ ကားမောင်းသူတွေ၊ ကားပိုင်ရှင်တွေအနေနဲ့ ကိုယ့်ကားမှာရှိတဲ့ Shift Lock စနစ်ကောင်းလားဆိုတာ ကိုယ်တိုင်စစ်ဆေးကြည့်သင့်ပါတယ်။

ကားကို Gear Position (P) မှာထားပြီး သော့ဖွင့်၊ Brake မနင်းဘဲ ဂီယာလက်ကိုင်ဘုကို နှိပ်ပြီး ဂီယာထိုးကြည့်ပါ၊ ဂီယာထိုးမရဘူးဆိုရင် Shift Lock စနစ်အသက်ဝင်နေပြီး အန္တရာယ်ကင်းပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဘရိတ်နင်းစရာမလိုဘဲ ဂီယာထိုးရနေတယ်ဆိုရင်တော့ တစ်ခုခုချို့ယွင်းနေပြီမို့ ကျွမ်းကျင်ဝပ်ရှော့တွေမှာ အမြန်သွားရောက်စစ်ဆေးရမှာဖြစ်ပါတယ်။

Shift Lock Release Button

ဒါကတော့ ဂီယာလက်တံ ရွှေ့မရဖြစ်တတ်တဲ့အခါ Emergency အနေနဲ့ ဂီယာလက်တံရွှေ့ရအောင် လုပ်ထားတဲ့ ခလုတ်လေးပါ။ ကားမောင်းဖို့စက်နှိုးပြီး ဂီယာလည်းထိုးရော ဂီယာလက်တံက ရွှေ့မရတော့ဘူး P (Parking) နေရာမှာပဲ ရှိနေတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို Emergency အနေနဲ့ အသုံးပြုပြီး  Gear Position တွေပြောင်းလဲရနိုင်ပါတယ်။

ဂီယာသင်္ကေတ P, R, N, D စတဲ့ဂဏန်းတွေရဲ့ အပေါ်မှာ ဘေးမှာရှိတတ်ပါတယ်။ တချို့အမျိုးအစား ကားတွေမှာ ဘုလေးတွေအဖြစ်ရှိနေပြီး၊ တချို့ကားတွေမှာတော့သော့တို့၊ ဝက်အူလှည့်တို့နဲ့ ထိုးမှရတဲ့ အချိုင့်လေးတွေထဲမှာ တည်ရှိတတ်ပါတယ်။ ပုံမှာကြည့်နိုင်ပါတယ်။

ဂီယာလက်တံ ရွှေ့မရတာမျိုးတွေကတော့

  • Brake Switch တွေပျက်တာ
  • ကြိုးလိုင်းတွေပျက်တာ
  • Shift Solenoid ပျက်တာ အစရှိသဖြင့် အမျိုးမျိုးရှိတတ်ပါတယ်။

ကားမောင်းဖို့ စက်နှိုးပြီး စ စထွက်ဖို့ ကားဂီယာထိုးမရတော့ဘူးဆိုတဲ့အချိန် ဘရိတ်နင်းကာ ဒီခလုတ်လေးကို ဖိထားပြီး ဂီယာကို D ရွှေ့ရသလို  (ဒါမှမဟုတ်) ကားကို တစ်နေရာရာမှာ ရပ်ထားပြီး သော့ဖွင့်မရ စက်နှိုး မရတော့တဲ့အချိန် ကားကိုနေရာရွှေ့ဖို့ လိုလာတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို နှိပ်ပြီး ကားကို N (Neutral) မှာထားပြီး ကားကိုတွန်း ရွှေ့လို့ရပါတယ်။

ဒါလေးတွေကလည်း ကားမှာပါတဲ့ Safety Lock လေးနဲ့ ဆက်စပ်ပြီး သိသင့်သိထိုက်တဲ့ အရေးကြီး အချက်လေးတွေပါ။ ဒီအချက်လေးတွေကို သိထားခြင်းဖြင့် မတော်တဆ ကြုံတွေ့လာရရင် ကိုယ်တိုင် ဖြေရှင်းနိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ပါတယ်။

စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမ များအားလုံးနည်းပညာ ဗဟုသုတ ကြွယ်ဝကြပါစေခင်ဗျာ။

Author