ဒေါနယ်ထရမ့်ရဲ့ဘဝထဲက ကားများ

0

Full article

ဒေါနယ်ထရမ့်ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း လက်ရှိအမေရိကန်သမ္မတဖြစ်ပြီး ကြိုတင်ခန့်မှန်းဖို့မလွယ်လှတဲ့ လူ့ခွစာတစ်ဦးလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးစင်မြင့်ပေါ်ကိုရောက်လာပြီးနောက်ပိုင်း ဒေါနယ်ထရမ့်ရဲ့အကြောင်းတွေကို မီဒီယာတွေက နှိုက်နှိုက်ချွတ်ချွတ်ဖော်ပြလာကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီအထဲမှာ ဒေါ်နယ်ထရမ့်ရဲ့ကားတွေအကြောင်းလည်း ပါဝင်တာပေါ့။ သူဟာ သမ္မတမဖြစ်ခင်ကတည်းက အိမ်ခြံမြေသူဌေးကြီးတစ်ဦးဖြစ်ခဲ့ပြီး ကောင်းပေ့ဆိုတဲ့ကားတွေကို ထည်လဲစီးနိုင်ခဲ့သူပါ။ အမေရိကန်သမ္မတတစ်ဦးအနေနဲ့မဟုတ်ဘဲ စီးပွား‌ရေးနယ်ပယ်မှာအောင်မြင်တဲ့ကြယ်ပွင့်တစ်ဦးအနေနဲ့ ဒေါ်နယ်ထရမ့်တစ်ယောက် ဘယ်လိုကားတွေနဲ့အတူ ဘဝကိုဖြတ်သန်းခဲ့သလဲ။ ဒေါနယ်ထရမ့် အမြတ်တနိုးစီးနင်းခဲ့တဲ့ကားတွေကိုကြည့်ခြင်းအားဖြင့် သူ့ရဲ့ပင်ကိုယ်စိတ်နေသဘောထားကို ဘယ်လိုခန့်မှန်းနိုင်မလဲ။ လေ့လာကြည့်ကြရအောင်ပါ။

Mercedes-Benz SLR McLaren

ဂျာမန်ထိပ်တန်းကားကုမ္ပဏီ Mercedes က ထုတ်လုပ်တဲ့ အကောင်းစားဇိမ်ခံကားမော်ဒယ်တွေဟာ သန်းကြွယ်သူဌေးတွေ၊ ဘီလျံနာတွေနဲ့ ရုပ်ရှင်၊ အားကစားကြယ်ပွင့်တွေနဲ့သာ အဓိကသက်ဆိုင်တယ်လို့ ပြောရမလိုပါပဲ။ Mercedes ကြိုက်တဲ့ဘီလျံနာတွေထဲမှာ ဒေါ်နယ်ထရမ့်လည်း ပါဝင်နေပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ယခင်ကလည်း Mercedes လက်အောက်မှာရှိတဲ့ Maybach အမျိုးအစားအရွယ်လွန်ဇိမ်ခံကားတစ်စီးရှိခဲ့ဖူးပြီး S600 မော်ဒယ် မြန်နှုန်းမြင့်ဆီဒင်ကားတစ်စီးလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူအနှစ်သက်ဆုံး Mercedes ကားတစ်စီးက‌တော့ SLR McLaren မော်ဒယ်ပဲဖြစ်ပါတယ်။ ဒီကားဟာ Mercedes နဲ့ McLaren ကားကုမ္ပဏီတို့ အကျိုးတူပူးပေါင်းခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ စတင်ထုတ်လုပ်တဲ့မော်ဒယ်ဖြစ်ပြီး ဆီဒင်ကားနဲ့ ဇိမ်ခံကားဒီဇိုင်းတို့ အချိုးညီညီပေါင်းစပ်မှုလည်း ဖြစ်ခဲ့ပါတယ်။ McLaren ပြိုင်ကားတို့ရဲ့ထုံးစံအတိုင်း တံခါးနှစ်ပေါက်စတိုင်ဖြစ်ပြီး ရှေ့ဦးပိုင်းနဲ့ လိုဂိုအမှတ်တံဆိပ်တို့ကတော့ Mercedes ဖြစ်နေပါတယ်။ ဒီကားမှာ အသုံးပြုထားတဲ့ V8 အင်ဂျင်ဟာ မြင်းကောင်ရေ 617 hp ထုတ်လုပ်ပေးနိုင်စွမ်းရှိပါတယ်။

Rolls-Royce Silver Cloud

အမေရိကန်လူမျိုးဖြစ်ပေမဲ့ ဒေါ်နယ်ထရမ့်ဟာ ဗြိတိန်ကားအမှတ်တံဆိပ် Rolls-Royce ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်နေတာကို တွေ့ရပါတယ်။ အိမ်ခြံမြေစီးပွားရေးလောကကို စတင်ကျင်လည်ခဲ့ပြီး လူလတ်ပိုင်းအရွယ်ကတည်းက ဒေါ်နယ်ထရမ့်မှာ Rolls-Royce ကားတချို့ရှိခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလည်း ဒေါ်နယ်ထရမ့်အနေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စအတွက် Rolls-Royce Phantom မော်ဒယ်မြင့်ဆလွန်းကားတစ်စီးကို အသုံးပြုလေ့ရှိကြောင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ သူ တကယ်တမ်းနှစ်သက်မြတ်နိုးတာက ၁၉၅၆ ခုနှစ်ထုတ် Rolls-Royce Silver Cloud ဆိုတဲ့ Classic Car ‌လေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာ ‌ဒေါ်နယ်ထရမ့် ငယ်စဉ်က စတင်ပိုင်ဆိုင်ခဲ့တဲ့ကားတွေထဲမှာ တစ်စီးအပါအဝင်ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တန်ဖိုးထားပြီး အမြတ်တနိုးစီးနင်းရမယ့် ကားတစ်စီးဖြစ်လာခဲ့ပါပြီ။ မော်တော်ကားကျွမ်းကျင်သူတွေကတော့ ယနေ့ခေတ်မှာ Rolls-Royce Silver Cloud မော်ဒယ်ကားမျိုးကို ထုတ်လုပ်တဲ့ခုနှစ်နဲ့ ကားအရည်အသွေးပိုင်းအပေါ်မူတည်ပြီး ဒေါ်လာ ၂၀,၀၀၀ ကနေ ၉၀,၀၀၀ အထိပေါက်စျေးရှိတယ်လို့ သုံးသပ်ထားပါတယ်။

Lamborghini Diablo

ဒေါ်နယ်ထရမ့်ထရမ့်ရဲ့ဘဝတစ်ကွေ့မှာ ပိုင်ဆိုင်ခဲ့ဖူးတဲ့ထိပ်တန်းပြိုင်ကားတစ်စီးလည်းရှိပါတယ်။ အဲဒါကတော့ ၁၉၉၇ ခုနှစ်ထုတ် Lamborghini Diablo ပဲဖြစ်ပါတယ်။ အီတလီပြိုင်ကားကုမ္ပဏီ Lamborghini ရဲ့နာမည်ဂုဏ်သတင်းကို ပိုမိုထင်ပေါ်စေခဲ့တဲ့ထုတ်ကုန်တွေထဲမှာ Diablo မော်ဒယ်တွေလည်းပါဝင်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်နဲ့နီးစပ်သူတွေရဲ့အဆိုအရ သူဟာ Lamborghini Diablo ကိုဝယ်ယူခဲ့ပေမဲ့ ခဏသာစီးပြီး ပြန်လည်ရောင်းချခဲ့တယ်လို့သိရပါတယ်။ အဲဒီအချိန်က eBay ဝက်ဘ်ဆိုက်ကနေ ‌ဒေါ်လာ ၄၆၀,၀၀၀ နဲ့ ရောင်းချခဲ့ပြီး ပိုင်ရှင်အဆင့်ဆင့်ကူးပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီပြိုင်ကားဟာ သမ္မတဒေါ်နယ်ထရမ့် စီးခဲ့တဲ့ကားဆိုပြီးတော့ ပုံရိပ်ပိုင်းတန်ဖိုး သိသိသာသာမြင့်တက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီကားမှာတပ်ဆင်ထားတဲ့ V12 အင်ဂျင်ဟာ မြင်းကောင်ရေ 500 hp နီးပါးထုတ်လုပ်ပေးနိုင်စွမ်းရှိပါတယ်။

Cadillac Allante

Cadillac အမှတ်တံဆိပ်ကလည်း အမေရိကန်မှာတော့ သူဌေးသူကြွယ်တွေ အဓိက ဝယ်ယူအားပေးတဲ့ ထိပ်တန်းကားအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် ထရမ့်ကိုယ်တိုင်လည်း Cadillac ကားမျိုး တစ်စီးမကရှိခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ အထူးသဖြင့် ဘီလျံနာသူ‌ဌေးတစ်ဦးဖြစ်သလို လုပ်ငန်းရှင်လည်းဖြစ်တဲ့ ထရမ့်ဟာ အထူးထုတ် Cadillac အမျိုးအစားဇိမ်ခံကားတွေ ၃၊ ၄ စီးဝယ်ယူခဲ့ဖူးပြီး Trump Executive Series အဖြစ် မိမိနာမည်ရေးထိုးမှတ်တမ်းတင်ခဲ့တယ်လို့လည်း သိရပါတယ်။ ထို့အပြင် Cadillac က ထုတ်လုပ်တဲ့ Escalade SUV မော်ဒယ်တစ်စီးကိုလည်း ဒေါနယ်ထရမ့် စီးနင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့အတွက် အမြဲအမှတ်တရဖြစ်နေစေမယ့် Cadillac တစ်စီးလည်း ရှိပါသေးတယ်။ အဲဒါကတော့ ရွှေအိုရောင် Cadillac Allante မော်ဒယ်အမိုးပွင့်ကားလေးတစ်စီးပဲဖြစ်ပါတယ်။ ဒီကားဟာ Cadillac ကုမ္ပဏီကနေ ဒေါ်နယ်ထရမ့်ကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့တဲ့ကားဖြစ်ပြီး ထရမ့်က သူ့စိတ်ကြိုက်အရောင်ဖြစ်တဲ့ ရွှေအိုရောင်အဖြစ် ပြောင်းလဲခြယ်သခဲ့တာပဲဖြစ်ပါတယ်။

Tesla Roadster

‌ဒေါ်နယ်ထရမ့်မှာ ရှေးကျပြီး တန်ဖိုးကြီးတဲ့ခေတ်ဟောင်းကားမော်ဒယ်တချို့ရှိသလို အရွယ်အစား‌သေးသေးကျစ်ကျစ်နဲ့ နည်းပညာမြင့်မားတဲ့ ခေတ်သစ်ပြိုင်ကားလေးတွေလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အထူးသဖြင့် ကလေးစီးအရုပ်ကားလေးနဲ့တူတဲ့ အနီရောင် Tesla Roadster ပြိုင်ကားလေးဟာ ဒေါ်နယ်ထရမ့် နှစ်သက်စွဲလမ်းစွာ စီးနင်းအသုံးပြုလေ့ရှိတဲ့ ကားတစ်စီးပါ။ Tesla Roadster ဟာ ကာဘွန်ဒိုင်အောက်ဆိုဒ်လုံးဝမထွက်တဲ့ Zero-Emission လျှပ်စစ်ကားတစ်စီးဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ပြိုင်ကားကိုယ်ထည်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒါပေမဲ့ ‌‌‌ဒေါ်နယ်ထရမ့်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ဆိုတာတွေကို သိပ်စိတ်မဝင်စားတဲ့ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး ဒီလိုလူမျိုးက Green Car တစ်စီးကို ပိုင်ဆိုင်ထားတယ်ဆိုတာ နည်းနည်းတော့ အံ့ဩဖို့ကောင်းပါတယ်။

24 Karat Gold Chopper

အခုနောက်ဆုံးဖော်ပြမယ့် ဒေါ်နယ်ထရမ့်ရဲ့ စီးတော်ယာဉ်က မော်တော်ဆိုင်ကယ်တစ်စီးပါ။ ဒါပေမဲ့ မော်တော်ဆိုင်ကယ်ဆိုလို့ လုံးဝအထင်မသေးလိုက်ပါနဲ့။ ၂၄ ကာရက် ရွှေသားအစစ်နဲ့ ကိုယ်ထည်ပိုင်းတန်ဆာဆင်ထားတဲ့ အကောင်းစား Chopper ‌မော်တော်ဆိုင်ကယ်ဖြစ်ပါတယ်။ ဒီဆိုင်ကယ်ဟာ နာမည်ကြီးအမေရိကန်ဆိုင်ကယ်ထုတ်လုပ်ရေးကုမ္ပဏီ Orange County Choppers ကနေ ‌‌ဒေါ်နယ်ထရမ့်အတွက် အထူးထုတ်လုပ်ပေးထားတဲ့ ဆိုင်ကယ်ဖြစ်ပြီး ကိုယ်ထည်အစိတ်အပိုင်းတချို့ကို ရွှေသားအစစ်နဲ့ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဆိုင်ကယ်ကို ဒီဇိုင်းဆွဲပေးသူက Choppers ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ Paul Teutul Sr. ဖြစ်ပြီး ထရမ့်ရဲ့နာမည်ကိုလည်း ရေးထိုးပေးထားတယ်လို့ သိရပါတယ်။

Ref : The cars of Donald Trump by Stephen Goldasz

Author